
နွေစပါးစိုက်ခင်းတွေကတော့ မေလဟာ စပါးရင့်မှည့် ရိတ်သိမ်းချိန် ဖြစ်တာကြောင့် မိုးဦးစောတာက ပြဿနာဖြစ်လာနိုင်ပါတယ်။
၃၊ ဖေဖော်ဝါရီလ။
ဒီနှစ် မိုးရာသီရဲ့ မိုးဦးကာလဟာ ပုံမှန် သတ်မှတ်ထားတဲ့ မေလ ၁၅ ရက်ထက် စောရောက်လာနိုင်ပြီး မိုးရေချိန်လည်း ပုံမှန်ထက် ပိုများနိုင်တယ်လို့ မိုးဇလပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။
“ ဧရာဝတီတိုင်းအတွက်ကတော့ မေရော ဇွန်ရောမှာ ပုံမှန်မိုးရေချိန်ထက် မိုးပိုများနိုင်ပါတယ်။ ဆက်တိုက် မိုးများနိုင်တယ်ဆိုတဲ့ အခြေအနေဖြစ်ပါတယ်။ ဒီကာလအတွင်း အတူတွဲပြီး စောင့်ကြည့်ရမှာက ဘင်္ဂလား ပင်လယ်အော်ဘက်မှာ ဖြစ်နိုင်တဲ့ လေဖိအားနည်းရပ်ဝန်းတွေ၊ မုန်တိုင်းတွေရဲ့ အခြေအနေပေါ် မူတည်ပြီး မိုးဦးစောတာ၊ နောက်ကျတာဖြစ်နိုင်ပါမယ် ” လို့ မိုးဇလ ပညာရှင် ဦးဝင်းနိုင်က ပြောပါတယ်။
မိုးဦးမှာ မိုးများတာဟာ ဧရာဝတီတိုင်းက မိုးစပါးစိုက်ကြမယ့် လယ်သမားတွေအတွက် အခက်အခဲတွေ ဖြစ်လာစေနိုင်တာကြောင့် ဆုံးရှုံးနိုင်ချေများတဲ့ အချိန်တွေကို ရှောင်လွှဲစိုက်ပျိုးနိုင်ဖို့ မိုးလေဝသ သတင်းတွေကို အချိန်ပြည့်စောင့်ကြည့် စိုက်ပျိုးသင့်တယ်လို့ အမည်မဖော်လိုသူ စိုက်ပျိုးရေး ပညာရှင်တဦးက အကြံပြုထားပါတယ်။
“အဲ့ဒီအချိန်က ဧရာဝတီဘက်မှာ ပျိုးခင်းရတဲ့အချိန်၊ ပျိုးနုတ်ချိန်တွေ ဖြစ်တတ်တယ်။ ကြဲခင်းသမားတွေဆိုရင်လည်း အပင်ပေါက်ပြီပေါ့။ အဲ့ဒီအချိန်မှာ မိုးကတော်ရုံများတာမဟုတ်ဘဲ အချိန်ကြာကြာဖြစ်မယ်၊ စိုက်ခင်းတွေ၊ ပျိုးခင်းတွေ ရေလွှမ်းမယ်ဆိုရင်တော့ ဆုံးရှုံးနိုင်ချေ များပါတယ် ” လို့ ရှင်းပြပါတယ်။
ဦးဝင်းနိုင်ကတော့ မိုးဦးစောနိုင်ပြီး မေ ၂၀ ရက်နောက်ပိုင်းမှာ မိုးဖြိုင်ဖြိုင်ကျနိုင်တယ်လို့ ခန့်မှန်းထားပြီး ဧရာဝတီတိုင်း အပါအဝင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ နေပြည်တော်၊ မကွေးတိုင်း-အရှေ့တောင်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတွေမှာ မေလအတွင်း မိုးရွာသွန်းမှုဟာ ပုံမှန်မိုးရေချိန်ထက် ပိုများနိုင်တဲ့ အနေအထား ရှိနေတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းအတွင်းက DNA ရဲ့ သတင်းရင်းမြစ်တွေကတော့ စပါးပင်တွေဟာ တော်ရုံရေမြုပ်တဲ့ ဒဏ်ကိုခံနိုင်တာကြောင့် ရေအကြာကြီးဝပ်နေတာမျိုး မဟုတ်ရင် မိုးဦးစောပြီး မိုးများတာက ပြဿနာမဟုတ်ဘူးလို့ သူတို့အတွေ့အကြုံတွေအပေါ် မူတည်ပြီး မှတ်ချက်ပြုကြပါတယ်။
ဒါပေမယ့် ဒီလ(ဖေဖော်ဝါရီလ)မှ စစိုက်ကြမယ့် နွေစပါးစိုက်ခင်းတွေကတော့ မေလဟာ စပါးရင့်မှည့် ရိတ်သိမ်းချိန် ဖြစ်တာကြောင့် မိုးဦးစောတာက ပြဿနာဖြစ်လာနိုင်တယ်လို့ ဟင်္သာတမြို့နယ်မှာ နေထိုင်တဲ့ လယ်သမားဖြစ်သူ ဦးမျိုးမြင့်က ဆိုပါတယ်။
“ တချို့တွေက ရက် ၉၀ စပါးတွေ၊ နွေစပါးတွေကို နောက်တသီးအဖြစ် စိုက်ဖို့ အခုပြင်ဆင်နေကြတာပေါ့လေ။ ဆိုတော့ စစိုက်မယ့်သူတွေထက် သူတို့က ပိုအန္တရာယ်များပါတယ် ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မိုးဦးဟာလည်း အာရေဗျပင်လယ်အတွင်း လေဖိအားနည်းရပ်ဝန်း (Depression)နဲ့ ဘင်္ဂလားပင်လယ်အော်အတွင်း အားကောင်းသောမုန်တိုင်းငယ် (Deep Depression)တွေ ဖြစ်ပေါ်ခဲ့တာကြောင့် အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံတောင်ပိုင်းကို စောပြီးဝင်ရောက်ခဲ့တယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။