အမေရိကန်နဲ့ အိန္ဒိယ ကုန်သွယ်ရေးသဘောတူညီချက် ရရှိ

ရုရှားဆီက ရေနံဝယ်တာကို မရပ်တန့်လို့ နယူးဒေလီအပေါ် ချမှတ်ထားတဲ့ အပိုဆောင်း ၂၅ ရာခိုင်နှုန်း ဒဏ်ကြေးခွန်ကိုလည်းပြန်ရုပ်သိမ်းပေးတော့မှာပါ။

၃၊ ဖေဖော်ဝါရီ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီနဲ့ ကုန်သွယ်ရေးသဘောတူညီချက်တခု ရရှိခဲ့တယ်လို့ကြေညာလိုက်ပါတယ်။

အဆိုပါ သဘောတူညီချက်အရ အမေရိကန်ဘက်က အိန္ဒိယကုန်စည်တွေအပေါ် ကောက်ခံနေတဲ့ သွင်းကုန်ခွန်ကို ၂၅ ရာခိုင်နှုန်းကနေ ၁၈ ရာခိုင်နှုန်းအထိ လျှော့ချပေးမှာ ဖြစ်ပါတယ်။

ထရမ့်က သူ့ရဲ့ Truth Social လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားရာမှာတော့ အိန္ဒိယဘက်က ကုန်သွယ်ရေး အတားအဆီးတွေကိုလုံးဝဖယ်ရှားပေးမှာဖြစ်သလို ရုရှားဆီက ရေနံဝယ်ယူတာကိုလည်း ရပ်တန့်တော့မှာဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှားဆီက ရေနံဝယ်တာကို မရပ်တန့်လို့ နယူးဒေလီအပေါ် ချမှတ်ထားတဲ့ အပိုဆောင်း ၂၅ ရာခိုင်နှုန်း ဒဏ်ကြေးခွန်ကိုလည်းပြန်ရုပ်သိမ်းပေးတော့မှာပါ။

ဒီကြေညာချက်ဟာ အိန္ဒိယနဲ့ ဥရောပသမဂ္ဂ (EU) တို့ နှစ်ပေါင်း ၂၀ နီးပါးကြာ အဆက်မပြတ် ဆွေးနွေးခဲ့ရတဲ့ သမိုင်းဝင်ကုန်သွယ်ရေးသဘောတူညီချက်တခုကို ကြေညာခဲ့ပြီး တပတ် မပြည့်ခင်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် မိုဒီကလည်း အမေရိကန်နဲ့ သဘောတူညီချက် ရရှိခဲ့တဲ့အပေါ် ဝမ်းသာပီတိဖြစ်ရတယ်လို့ X မှာ ရေးသားခဲ့ပါတယ်။

ထရမ့်ကတော့ မိုဒီနဲ့ ဒီမနက် ဖုန်းပြောဖြစ်တဲ့အခါ ကုန်သွယ်ရေးကိစ္စတွေအပြင် ရုရှား-ယူကရိန်း စစ်ပွဲအကြောင်းကိုပါ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

“သူ (မိုဒီ) က ရုရှားဆီက ရေနံဝယ်တာကို ရပ်ဖို့ သဘောတူခဲ့သလို အမေရိကန်ဆီကရော၊ ဖြစ်နိုင်ရင် ဗင်နီဇွဲလားဆီကပါ ရေနံတွေ ပိုဝယ်ဖို့ သဘောတူခဲ့တယ်” လို့ ထရမ့်က ရေးသားခဲ့ပါတယ်။

ဒါ့အပြင် မိုဒီရဲ့ တောင်းဆိုချက်အရ အခွန်နှုန်းထားတွေ လျှော့ချပေးမယ့် ကုန်သွယ်ရေး သဘောတူညီချက်ကို သူက ချက်ချင်းသဘောတူပေးခဲ့တာဖြစ်ပြီး အိန္ဒိယဘက်ကလည်း အခွန်နှုန်းထားတွေနဲ့ အခွန်မဟုတ်တဲ့ အတားအဆီးတွေကို လုံးဝလျှော့ချပေးမှာ ဖြစ်တယ်လို့ ထရမ့်က ဖြည့်စွက်ပြောပါတယ်။

ဒါ့အပြင် မိုဒီအနေနဲ့ စွမ်းအင်၊ နည်းပညာ၊ စိုက်ပျိုးရေးနဲ့ ကျောက်မီးသွေး ထုတ်ကုန်တွေ အပါအဝင် အမေရိကန်ကုန်စည်ဒေါ်လာ ဘီလီယံ ၅၀၀ ကျော်ဖိုး ဝယ်ယူဖို့ ကတိပြုခဲ့တယ်လို့လည်း ထရမ့်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လက အမေရိကန်ဘက်က အိန္ဒိယကုန်စည်တွေအပေါ် ၅၀ ရာခိုင်နှုန်းအထိ အခွန်ကောက်ခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံ ကုန်သွယ်ရေး ဆက်ဆံရေးဟာ တင်းမာခဲ့ပါတယ်။

ဒါဟာ အာရှနိုင်ငံတခုအပေါ် ကောက်ခံတဲ့ အမြင့်ဆုံးနှုန်းဖြစ်ပြီး ရုရှားရေနံဝယ်ယူမှုနဲ့ ပတ်သက်တဲ့ ၂၅ ရာခိုင်နှုန်း ဒဏ်ကြေးခွန်လည်း ပါဝင်နေတာပါ။

ရုရှားရေနံနဲ့ ပတ်သက်ပြီး ကောက်ခံထားတဲ့ အခွန်တွေကို သဘောတူညီချက်ရဲ့ တစိတ်တပိုင်းအဖြစ် ပြန်ရုပ်သိမ်းပေးမှာဖြစ်သလို တခြားအခွန်နှုန်းထားတွေကိုလည်း ၁၈ ရာခိုင်နှုန်းအထိ လျှော့ချပေးမှာ ဖြစ်တယ်လို့ အိမ်ဖြူတော် တာဝန်ရှိသူတဦးက ဘီဘီစီကို အတည်ပြုခဲ့ပါတယ်။

“ဒီလို ကောင်းမွန်တဲ့ ကြေညာချက်အတွက် အိန္ဒိယပြည်သူ ၁.၄ ဘီလီယံကိုယ်စား သမ္မတ ထရမ့်ကို အထူးပဲ ကျေးဇူးတင်ပါတယ်”လို့ မိုဒီက X မှာ ရေးသားခဲ့ပါတယ်။

“ကြီးမားတဲ့ စီးပွားရေးအင်အားစုနှစ်ခုနဲ့ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံနှစ်ခု လက်တွဲလုပ်ဆောင်တဲ့အခါ ကျွန်တော်တို့ ပြည်သူတွေအတွက် အကျိုးရှိစေသလို အပြန်အလှန် အကျိုးဖြစ်ထွန်းမယ့် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းကြီးတွေကိုလည်းပွင့်သွားစေတယ်” လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ထရမ့်ရဲ့ အခွန်တိုးမြှင့်မှုတွေ စတင်သက်ရောက်လာခဲ့ချိန်မှာ အိန္ဒိယကနေ အမေရိကန်ကို တင်ပို့မှုတွေဟာ သိသိသာသာ ထိုးကျသွားခဲ့ပါတယ်။

ဒါကြောင့် နယူးဒေလီက တာဝန်ရှိသူတွေဟာ ထရမ့်ရဲ့ အခွန်ဒဏ်ကို ရင်ဆိုင်နေရတဲ့ တခြားနိုင်ငံတွေနဲ့ မိတ်ဖက်ဖြစ်ဖို့ ကြိုးပမ်းလာခဲ့ကြပါတယ်။

ပြီးခဲ့တဲ့အပတ်ကလည်း အိန္ဒိယနဲ့ အီးယူတို့ဟာ အခမဲ့ကုန်သွယ်ရေး သဘောတူညီချက်တခုကို ကြေညာခဲ့ပါတယ်။

ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်ကတော့ အကြီးကျယ်ဆုံး သဘောတူညီချက်အဖြစ် တင်စားခဲ့ပြီး အဆိုပါ သဘောတူညီချက်ဟာ ၂၀၃၂ ခုနှစ်အရောက်မှာ အိန္ဒိယကို တင်ပို့တဲ့ အီးယူရဲ့ ပို့ကုန်ပမာဏကို နှစ်ဆအထိ တိုးလာစေမှာ ဖြစ်တယ်လို့ အီးယူဘက်က ဆိုပါတယ်။

မူဝါဒရေးရာ လေ့လာဆန်းစစ်ချက်နဲ့ ခန့်မှန်းတွက်ချက်မှုဆိုင်ရာ လုပ်ငန်းတခုဖြစ်တဲ့ Pangaea Policy ကို တည်ထောင်သူ တယ်ရီဟိန်းစ်ကတော့ အခု ဝါရှင်တန်-နယူးဒေလီ သဘောတူညီချက်ဟာ “ဥရောပသမဂ္ဂက ကုန်သွယ်ရေးမှာ အမေရိကန်ကို ကျော်တက်သွားတော့မယ်လို့ ထင်နေသူတွေအတွက် အဖြေပဲ” လို့ ပြောဆိုခဲ့ပါတယ်။

အမေရိကန် ဈေးကွက်တွေကလည်း ဒီသဘောတူညီချက်အပေါ် ဝမ်းသာအားရ ကြိုဆိုကြလိမ့်မယ်လို့ သူက မျှော်လင့်ထားပါတယ်။

ဒါပေမဲ့ အမေရိကန် အသေးစားလုပ်ငန်းပေါင်း ၈၀၀ လောက် စုပေါင်းထားတဲ့ We Pay the Tariffs အဖွဲ့ကတော့ ဒီကြေညာချက်ကို ဝေဖန်လိုက်ပါတယ်။

ထရမ့်ရဲ့ အခွန်မူဝါဒတွေ မကျင့်သုံးခင်တုန်းက အမေရိကန် သွင်းကုန်လုပ်ငန်းရှင်တွေဟာ အိန္ဒိယကုန်စည်တွေအပေါ် ပျမ်းမျှ၂.၅ ရာခိုင်နှုန်းပဲ အခွန်ဆောင်ခဲ့ရတာကို သူတို့က ထောက်ပြခဲ့ပါတယ်။

“အခု သဘောတူညီချက်ဟာ လွန်ခဲ့တဲ့ တနှစ်ကထက်စာရင် ခြောက်ဆလောက် ပိုများတဲ့ အခွန်နှုန်းထားကို အတည်ဖြစ်သွားစေတာပဲ။ ဒါဟာ အခွန်သက်သာခွင့် မဟုတ်ဘူး၊ ရေရှည်အတွက် အခွန်နှုန်းကို အသေတိုးမြှင့်လိုက်တာပဲ”လို့ အဖွဲ့ရဲ့ ဒါရိုက်တာ ဒမ်အန်တိုနီက ပြောပါတယ်။

ထရမ့်က နယူးဒေလီနဲ့ ကုန်သွယ်ရေးသဘောတူညီချက်ရပြီလို့ Truth Social မှာ ကြေညာပြီးတဲ့နောက် အမေရိကန် စတော့ရှယ်ယာဈေးနှုန်းတွေ အနည်းငယ် မြင့်တက်လာခဲ့ပါတယ်။

Ref – BBC