အိန္ဒိယမှာ နီပါဗိုင်းရပ်စ် ကူးစက်ပြန့်ပွါးမှု အန္တရာယ် နည်းပါးတယ်လို့ WHO ပြော

“နိုင်ငံအဆင့်၊ ဒေသတွင်းအဆင့်နဲ့ ကမ္ဘာလုံးဆိုင်ရာ အဆင့်တွေမှာ စိုးရိမ်ရမှု နည်းတယ်လို့ သတ်မှတ်ထားတယ်” လို့ WHO ရဲ့ကျန်းမာရေး အရေးပေါ်အစီအစဉ်က တာဝန်ရှိသူ အာနာယစ် လီဂန်က ဂျီနီဗာ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

၃၁၊ ဇန်နဝါရီ။

အိန္ဒိယနိုင်ငံမှာ နီပါးဗိုင်းရပ်စ်ကူးစက်ခံထားရသူ နှစ်ဦးနဲ့ ထိတွေ့ခဲ့သူပေါင်း ၁၉၀ ကျော်ထဲက တဦးတယောက်မှာမှ ဗိုင်းရပ်စ်ပိုးမတွေ့ရှိသလို ရောဂါလက္ခဏာလည်း မပြဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ကျန်းမာရေး အရေးပေါ်အစီအစဉ်ရဲ့တာဝန်ရှိသူတဦးက  ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ပြောပါတယ်။

နီပါဗိုင်းရပ်စ် ပြန့်ပွားမယ့် အန္တရာယ်ဟာ နည်းပါးတယ်လို့ ဆိုထားပေမဲ့  အိန္ဒိယမှာ ကူးစက်မှုတွေရှိကြောင်း အတည်ပြုပြီးတဲ့နောက် ဟောင်ကောင်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ အပါအဝင် အာရှဒေသတွေမှာတော့ ဒီအပတ်အတွင်း ဗိုင်းရပ်စ်ပြန့်ပွားမှုကို ကာကွယ်ဖို့ လေဆိပ်စစ်ဆေးမှုတွေကို တင်းကျပ်ထားပါတယ်။

“နိုင်ငံအဆင့်၊ ဒေသတွင်းအဆင့်နဲ့ ကမ္ဘာလုံးဆိုင်ရာ အဆင့်တွေမှာ စိုးရိမ်ရမှု နည်းတယ်လို့ သတ်မှတ်ထားတယ်” လို့ WHO ရဲ့ကျန်းမာရေး အရေးပေါ်အစီအစဉ်က တာဝန်ရှိသူ အာနာယစ် လီဂန်က ဂျီနီဗာ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကူးစက်ခံရသူတွေဟာ ရောဂါလက္ခဏာပြနေချိန်မှာ ခရီးသွားလာခဲ့တာမျိုး မရှိဘူးလို့လည်း ဆိုပါတယ်။ ကူးစက်ခံထားရတဲ့လူနာနှစ်ဦးစလုံး ဆေးရုံမှာ တက်ရောက်ကုသနေပြီး အသက်ရှင်လျက် ရှိနေသလို တဦးကတော့ ကျန်းမာရေး ပြန်ကောင်းလာမယ့် လက္ခဏာတွေ ပြနေတယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။

ဗိုင်းရပ်စ် မျိုးဗီဇပြောင်းလဲမှု ရှိ၊ မရှိ ဆန်းစစ်ဖို့အတွက် အိန္ဒိယဘက်က ဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇအစီအစဉ်ထုတ်ပြန်ပေးမှာကိုWHO က စောင့်ဆိုင်းနေတယ်လို့ လီဂန် က ပြောပါတယ်။ ဒါပေမဲ့ “လောလောဆယ်မှာတော့ စိုးရိမ်စရာဖြစ်စေမယ့် ခိုင်လုံတဲ့အထောက်အထားမျိုး မရှိသေးဘူး” လို့ သူက ဆိုပါတယ်။

လင်းနို့နဲ့ ဝက်တို့လို တိရစ္ဆာန်တွေကတဆင့် ကူးစက်တဲ့ ဒီဗိုင်းရပ်စ်ဟာ ဖျားနာတာနဲ့ ဦးနှောက်ရောင်ရမ်းတာတွေကို ဖြစ်စေနိုင်ပါတယ်။ အခုထိ ကုသဖို့ ဆေးမရှိသေးသလို သေဆုံးနိုင်ခြေဟာ ၄၀ ရာခိုင်နှုန်းကနေ ၇၅ ရာခိုင်နှုန်းအထိ ရှိပါတယ်။ ထုတ်ဖော်နေဆဲဖြစ်တဲ့ ကာကွယ်ဆေးတွေကလည်း စမ်းသပ်ဆဲ အဆင့်မှာပဲ ရှိပါသေးတယ်။

Ref – Reuters