ICJ မှာ မြန်မာ-ဂမ်ဘီယာ အမှု ကြားနာပွဲ ပြီးဆုံး 

 

ဒီလုပ်ငန်းစဉ်ဟာ လနဲ့ချီ ဒါမှမဟုတ် နှစ်နဲ့ချီ ကြာနိုင်ပါတယ်။ ICJ ဟာ ရာဇဝတ်မှုတွေကို စစ်ဆေးတာ ဒါမှမဟုတ် ထောင်ဒဏ်ချမှတ်တာမျိုး မလုပ်ပါဘူး။

၃၀၊ ဇန်နဝါရီ။ 

 ဂမ်ဘီယာက မြန်မာစစ်တပ်ကို တရားစွဲဆိုထားတဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ ပတ်သတ်လို့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ဇန်နဝါရီလ ၂၉ ရက်နေ့က ကြားနာမှုက နောက်ဆုံးပါပဲ။

သီတင်းပတ်ချီကြာအောင် နှစ်ဖက် အပြန်အလှန် လျှောက်လှဲပြီးနောက် ဒီအမှုနဲ့ ပတ်သတ်လို့ ICJ တရားသူကြီးတွေ အနေတဲ့ သုံးသပ်ဆုံးဖြတ်မယ့် အဆင့်ကို ရောက်သွားပါပြီ။

  တကမ္ဘာလုံးက စောင့်ကြည့်နေတဲ့ မေးခွန်းကြီးတခုရှိပါတယ်။

အဲဒါကတော့ ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံရဲ့ လုပ်ရပ်တွေဟာ ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက် (Genocide Convention) ကို ချိုးဖောက်ခဲ့သလား ဆိုတာပါပဲ။

 ကြားနာပွဲမှာ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား အမှုဖွင့်ခဲ့တဲ့ ဂမ်ဘီယာနိုင်ငံက ရှေ့နေတွေက သက်သေအချက်အလက်တွေ မျက်မြင်သက်သေတွေ တင်ပြခဲ့ကြသလို မြန်မာစစ်တပ်ဘက်ကလည်း အဆိုပါ အထောက်အထားတွေကို ငြင်းဆိုခဲ့ကြပါတယ်။

ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်က မူစလင် လူနည်းစုတွေ ဖြစ်ပါတယ်။ သူတို့ဟာ ဆယ်စုနှစ်ပေါင်းများစွာ ခွဲခြားဆက်ဆံခံရတာ၊ နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံရတာနဲ့ အကြမ်းဖက်မှုတွေကို ကြုံတွေ့ခဲ့ရပါတယ်။

၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာတော့ ရိုဟင်ဂျာ လက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုအပြီး မြန်မာစစ်တပ်က အကြီးစား နယ်မြေရှင်းလင်းရေးတွေ လုပ်ခဲ့တဲ့အတွက် တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။ 

ရွာတွေ မီးရှို့ခံရတာ၊ လူပေါင်းထောင်ချီ သေဆုံးတာတွေ ဖြစ်ခဲ့သလို ရိုဟင်ဂျာ ခုနစ်သိန်းကျော်ဟာလည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြရလို့ စုစုပေါင်း လူပေါင်းတသန်းကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေက နောက်ပိုင်းမှာ သတ်ဖြတ်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊အစုလိုက်အပြုံလိုက် ထွက်ပြေးရမှုတွေနဲ့ ရွာတွေကို စနစ်တကျ ဖျက်ဆီးတာတွေကို မှတ်တမ်းတင်နိုင်ခဲ့ပြီး ဒီစစ်ဆင်ရေးတွေမှာလူမျိုးတုံးသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်ရှိနေတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

မြန်မာစစ်တပ်ကတော့ ဒီတွေ့ရှိချက်တွေကို ငြင်းဆိုထားပြီး သူ့ရဲ့စစ်တပ်ဟာ တရားဝင်တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးစစ်ဆင်ရေးတွေကို လုပ်ခဲ့တာလို့ ပြောပါတယ်။ 

ဂမ်ဘီယာဟာ ၂၀၁၉ ခုနှစ်မှာ ဒီအမှုကို စတင်တင်သွင်းခဲ့ပါတယ်။ မြန်မာနိုင်ငံဟာရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေကို တားဆီးဖို့နဲ့ ပြစ်ဒဏ်ပေးဖို့ ပျက်ကွက်ခဲ့တဲ့အတွက် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ပါ တာဝန်တွေကို ချိုးဖောက်ခဲ့တယ်လို့ ဂမ်ဘီယာက စွပ်စွဲထားပါတယ်။

ဒီလို အမှုဖွင့်တာဟာ ထူးခြားပါတယ်။ ဂမ်ဘီယာဟာ မြန်မာနိုင်ငံနဲ့ အလှမ်းဝေးတဲ့နေရာမှာ ရှိသလို ဒီအကြမ်းဖက်မှုတွေကြောင့်တိုက်ရိုက်ထိခိုက်ခံရတာလည်း မရှိပါဘူး။ ဒါပေမဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်အရ သဘောတူစာချုပ်မှာပါဝင်တဲ့ ဘယ်နိုင်ငံမဆို ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး တရားရုံးမှာ အမှုဖွင့်နိုင်ပါတယ်။

ဒါကြောင့် ဒီအမှုဟာ လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးဖို့ဆိုတဲ့ ဘုံတာဝန်ကို နိုင်ငံတွေက ဘယ်လောက်အထိအကောင်အထည်ဖော်ချင်သလဲဆိုတာကို စမ်းသပ်လိုက်တာလည်း ဖြစ်ပါတယ်။ 

ဒီလအစောပိုင်းမှာ ကြားနာပွဲတွေကို စတင်ချိန်မှာတော့ ဂမ်ဘီယာ တရားမျှတရေးဝန်ကြီး ဒေါဒါဂျဲလိုးက သူ့နိုင်ငံရဲ့ အာဏာရှင်လက်အောက်မှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေအရ အခုလို အမှုဖွင့်တာဟာ ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်တခုဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်စနစ်အောက်မှာ ဆယ်စုနှစ် နှစ်ခုကျော် ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကနေ ကျွန်တော်တို့ကို သင်ခန်းစာပေးခဲ့တာကတော့ ဖိနှိပ်မှုတွေ၊ လူပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်းတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဘယ်နေရာ၊ ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ ကိုယ်ကျင့်တရားဆိုင်ရာ အသံကိုသုံးပြီး ပြစ်တင်ရှုတ်ချရမယ် ဆိုတာပါပဲလို့ ဂျဲလိုးက တရားရုံးကို ပြောပါတယ်။

ကြားနာပွဲတလျှောက်လုံးမှာ ဂမ်ဘီယာရဲ့ ဥပဒေအဖွဲ့က မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေဟာ သီးခြားစီဖြစ်ပွားတဲ့ အလွဲသုံးစားမှုတွေမဟုတ်ဘဲ ရိုဟင်ဂျာတွေအပေါ် စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့တဲ့ လှုပ်ရှားမှုတစ်ခုဖြစ်တယ်လို့ လျှောက်လဲခဲ့ပါတယ်။

ဖြစ်ရပ်တခုချင်းစီကိုပဲ မကြည့်ဘဲ သတ်ဖြတ်မှုတွေ၊ အစုလိုက်အပြုံလိုက် ထွက်ပြေးရမှုတွေနဲ့ ကျန်ရစ်သူတွေအပေါ် ဖိအားပေးထားတဲ့ အခြေအနေတွေ အားလုံးကို ခြုံငုံသုံးသပ်ပေးဖို့ တရားသူကြီးတွေကို သူတို့က တိုက်တွန်းခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့  ရှေ့နေတွေကတော့ ဒီလိုစွပ်စွဲချက်တွေကို ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့ပါတယ်။ မှတ်တမ်းတွေကို ကိုယ်လိုရာဆွဲပြီး ရွေးဖတ်တာမျိုးနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေအပေါ် အလွန်အကျွံ အားကိုးတာမျိုး မလုပ်ဖို့တရားသူကြီးတွေကို သတိပေးခဲ့ပါတယ်။

လက်ရှိမှာကြားနာမှုတွေ ပြီးသွားပြီဖြစ်လို့ ဒီအမှုဟာ လူထုရှေ့မှောက်ကနေ တရားသူကြီးတွေရဲ့ တံခါးပိတ် ဆွေးနွေးတဲ့အခန်းထဲကို ရောက်သွားပါပြီ။ 

ဒီလုပ်ငန်းစဉ်ဟာ လနဲ့ချီ ဒါမှမဟုတ် နှစ်နဲ့ချီ ကြာနိုင်ပါတယ်။ ICJ ဟာ ရာဇဝတ်မှုတွေကို စစ်ဆေးတာ ဒါမှမဟုတ် ထောင်ဒဏ်ချမှတ်တာမျိုး မလုပ်ပါဘူး။

 သူ့ရဲ့ တာဝန်ကတော့ နိုင်ငံတနိုင်ငံက နိုင်ငံတကာဥပဒေကို ချိုးဖောက်ခဲ့သလားဆိုတာကို ဆုံးဖြတ်ဖို့နဲ့ ချိုးဖောက်မှုတွေကိုရပ်တန့်ဖို့ကနေစပြီး နောက်ထပ်မဖြစ်အောင် အာမခံချက်ပေးဖို့အထိ ဘယ်လို ဥပဒေကြောင်းအရ အကျိုးဆက်တွေ ရှိလာမလဲဆိုတာကို သတ်မှတ်ပေးဖို့ပဲ ဖြစ်ပါတယ်။

 မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက်ချလိုက်ရုံနဲ့ ဖမ်းဆီးတာ၊ တရားစွဲဆိုတာမျိုးတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဥပဒေကြောင်းအရရော၊ နိုင်ငံရေးအရပါ ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိမှာ ဖြစ်ပါတယ်။

 Ref – courthhousenews