
“ အစားအသောက်နဲ့ အဝတ်အထည်တွေကို ပရဟိတအဖွဲ့တွေနဲ့ ဘေးရွာတွေက လာကူညီကြတယ်။ အခုလိုနေတာ ကိုယ့်နေရာလေးတွေမှာ တဲလေးပဲဖြစ်ဖြစ် ပြန်ထိုးနိုင်ဖို့ပဲ။ လတ်တလောမှာက လယ်ကွင်းတွေထဲမှာ နေနေကြတာဆိုတော့ မကြာဘူး လယ်လုပ်ချိန်၊ စိုက်ပျိုးချိန်ရောက်လာရင် နေလို့ရတော့မှာ မဟုတ်ဘူး။ အဲ့ဒါလေးကို အကူညီတောင်းချင်တယ်”
၂၉၊ ဇန်နဝါရီလ။
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ အုတ်သျှစ်ကွင်းကျေးရွာ အုပ်စု၊ ချောင်းဝ ကျေးရွာက မီးဘေးသင့်သူ ၁၆ရ ဦးအတွက် အတည်တကျ နေထိုင်စရာ အရေးပေါ် လိုအပ်နေပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်က စစ်ကောင်စီက ပြုလုပ်တဲ့ ရွေးကောက်ပွဲ အပိုင်း (၃)အတွက် မဲပေးဖို့ ချောင်းဝ ကျေးရွာနဲ့ မိနစ် ၃၀ ခန့်သွားရောက်ရတဲ့ အုတ်သျှစ်ကွင်းကျေးရွာကို ဒေသခံတွေသွားရောက်နေစဉ် အတွင်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေပဲ ကျန်ရစ်ခဲ့ရတာကြောင့် အချိန်မီ မီးငြိမ်းသတ်နိုင်ခြင်းမရှိဘဲ ငါးဒိုင်အပါအဝင် ဆက်စပ်အိမ် ၃၆ လုံးမီးလောင်ပြာကျခဲ့ရပြီး လူထိခိုက်သေဆုံးမှု မရှိခဲ့ပေမယ့် လူဦးရေ ၁၆၇ ဦး မီးဘေးသင့်ခဲ့တာ ဖြစ်ပါတယ်။
“ အစားအသောက်နဲ့ အဝတ်အထည်တွေကို ပရဟိတအဖွဲ့တွေနဲ့ ဘေးရွာတွေက လာကူညီကြတယ်။ အခုလိုနေတာ ကိုယ့်နေရာလေးတွေမှာ တဲလေးပဲဖြစ်ဖြစ် ပြန်ထိုးနိုင်ဖို့ပဲ။ လတ်တလောမှာက လယ်ကွင်းတွေထဲမှာ နေနေကြတာဆိုတော့ မကြာဘူး လယ်လုပ်ချိန်၊ စိုက်ပျိုးချိန်ရောက်လာရင် နေလို့ရတော့မှာ မဟုတ်ဘူး။ အဲ့ဒါလေးကို အကူညီတောင်းချင်တယ်။ ကျွန်မတို့က နဂိုလည်း ရှာစားကြရတဲ့သူတွေမို့ နေစရာလေးအဆင်ပြေပြီဆို ကျန်တာတွေကို အဆင်ပြေအောင် ဖြေရှင်းနိုင်ပါတယ် ” လို့ ကိုယ်တိုင်လည်း မီးဘေးသင့်သူဖြစ်ပြီး ပြန်လည်ထူထောင်ရေးမှာလည်း ဦးဆောင်နေသူဖြစ်တဲ့ ဒေါ်အေးခိုင်က ရှင်းပြပါတယ်။
လက်ရှိကာလမှာတော့ လယ်ကွင်းပြင်ထဲမှာ အလှူရှင်အဖွဲ့တခုက မိုးကာတန်းလျားထိုးပေးထားပြီး မိသားစု ၃၅ စုစလုံး စုပေါင်းနေထိုင်နေကြသလို မီးလောင်ပြင်ကိုလည်း ရှင်းလင်းလို့ မပြီးသေးဘူးလို့ သူက ဆက်ပြောပါတယ်။

မီးလောင်မှု ဖြစ်ပွားတဲ့နေ့က ဧရာဝတီတိုင်းအဆင့် အရာရှိတွေလာရောက်ကြည့်ရှုသွားခဲ့ပေမယ့် ဒီကနေ့ ဇန်နဝါရီ ၂၉ ရက်နေ့အထိ ကူညီထောက်ပံ့မှု တစုံတရာ မရရှိသေးသလို ပြန်လည်ထူထောင်ရေးအတွက် ဘာတွေဆောင်ရွက်ပေးမယ်ဆိုတာကိုလည်း မသိရသေးဘူးလို့ ဆိုပါတယ်။
ဒီမီးလောင်မှုနဲ့ ပတ်သက်ပြီး မီးလောင်သွားခဲ့တဲ့ အိမ်တန်းရဲ့ နောက်ဘက်ကပ်ရက်မှာ မြစ်ကြီးတခုလုံးရှိနေပါရက် အချိန်မီ မီးငြိမ်းသတ်နိုင်ခြင်း မရှိတဲ့အပေါ်မှာ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

“ အဲ့နေ့က မဲပေးချင်ချင် မပေးချင်ချင် မဲပေးရဖို့ဆိုပြီး အုပ်ကြီးရုံးကပြောလာတာ။ ကျွန်တော်တို့ သွားနေတဲ့အချိန် မနက် ၁၀ နာရီ ၄၀ မှာစလောင်တယ်လို့ ပြောတယ်။ ကျွန်တော်တို့ ပြန်လာတော့ ဘာမှမမီတော့ဘူး။ တကယ်လို့ မဲမပေးချင်သူတွေသာ နေခဲ့လို့ရရင် အချိန်မီ မီးငြိမ်းနိုင်လောက်တယ်။ ဆုံးရှုံးမှု ခုလောက်ကြီး မများနိုင်ဘူးပေါ့ ” လို့ ဒေသခံတဦးက မှတ်ချက်ပေးပါတယ်။