ပုသိမ်မှာ ကျောင်းသားလူငယ်တွေကို ပစ်မှတ်ထား မူးယစ်ဆေးဝါး ဈေးကွက်ချဲ့ထွင်နေ

ဒ့ါအပြင် မူးယစ်ဆေးဝါးစျေးနှုန်းဟာလည်း အရင်ကထက် အဆများစွာ စျေးပေါနေခဲ့ပြီး အခုဆိုရင် WY စိတ် ကြွရူးသွပ်ဆေးတပြားကို ကျပ်ရှစ်ရာ၊ ကျပ်တထောင်ဝန်းကျင်သာ စျေးရှိတယ်လို့ သိရပါတယ်။ စစ်တပ် အာဏာမသိမ်းခင်တုန်းက WY ဆေးတပြားဟာ ကျပ်ငါးထောင်ဝန်းကျင်ထိ စျေးရှိခဲ့တာပါ။

၂၈၊ ဇန်နဝါရီ။

ဧရာ၀တီတိုင်းမြို့တော် ပုသိမ်မှာ တက္ကသိုလ်ကျောင်းသားလူငယ်တွေကပါ စိတ်ကြွရူးသွပ်ဆေးပြားတွေ သုံးစွဲ၊ ဖြန့်ဝေနေကြပြီး မူးယစ်လုပ်ငန်းရှင်တွေကလည်း လူငယ်တွေကို မက်လုံးပေးရောင်းချခိုင်းတာတွေ ရှိနေပါတယ်။

“ဒိုင်ကြီးတွေက KTV ပိုင်ရှင်တွေ၊ ဘားပိုင်ရှင်တွေများတယ်။ သူတို့က လူငယ်တွေကို အရက်တိုက်တယ်၊ ကျွေး တယ်၊ အဲလို မက်လုံးတွေပေးထားတာ၊ တက္ကသိုလ်တက်ချိန်ဆိုတော့ တက္ကသိုလ် ကျောင်းသားတွေကို ပိုပြီး ပစ်မှတ် ထားတယ်။ ကျောင်းသားတွေကတဆင့် ရောင်းရင် အများကြီး ပိုရောင်းရတယ်” လို့ ပုသိမ်တက္ကသိုလ်မှ နောက်ဆုံးနှစ် ကျောင်းသားတဦးက ပြောပါတယ်။

အဲဒီလို ကျောင်းသားတွေကနေတဆင့် နောက်ထပ် ကျောင်းသားတွေကို ထပ်ဆင့်ရောင်းချစေပြီး စျေးကွက်ချဲ့တာ တွေလည်း ရှိနေတယ်လို့ သူက ဆိုပါတယ်။

“ဘယ်လောက်ရောင်းပေး၊ အများကြီးရောင်းရရင် တိုက်မယ်ပေါ့၊ ကျောင်းသားတွေကလည်း အသုံးစရိတ်ရ တယ်ဆိုပြီး ရောင်းကြတယ်။ တကယ့်တရားဝင်ကုန်ပစ္စည်းတွေ Marketing ဆင်းသလိုမျိုး” လို့ အဆိုပါကျောင်းသားက ပြောပါတယ်။

ဧရာ၀တီအပါအဝင် မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါးတွေ ပိုပေါလာခဲ့ပြီး KTV၊ ဘား၊ ဘိလိယက်ခုံနဲ့ လမ်းဘေးဆိုင်တွေမှာပါ ဝယ်ယူလို့ရထဲထိ ပေါများလာခဲ့တာပါ။ အဲဒီလို ပေါပေါလောလော ရောင်းချနေကြပေမယ့် စစ်ကော်မရှင်လက်အောက်ခံရဲတပ်ဖွဲ့က ဖမ်းဆီးတာတွေ သိပ်မတွေ့ရဘူးလို့လည်း ဒေသ ခံတွေက ပြောကြပါတယ်။

“အဖမ်းခံရတာသိပ်မရှိဘူး။ လွတ်လွတ်လပ်လပ်သုံးလို့တောင် ရနေတာ။ ကျောင်းသားတွေဆိုရင် သူတို့အဆောင် တွေမှာ သုံးကြတယ်။ အေးဆေးပဲ။ အလွယ်တကူဝယ်တယ်၊ သုံးတယ်။ ပြန်ရောင်းပေးတဲ့သူတွေဆိုရင် အလကားတောင် သုံးကြရသေးတာ” လို့ ပုသိမ်မြို့မှ နောက်ထပ်ဒေသခံလူငယ်တဦးက ပြောပါတယ်။

ဒ့ါအပြင် မူးယစ်ဆေးဝါးစျေးနှုန်းဟာလည်း အရင်ကထက် အဆများစွာ စျေးပေါနေခဲ့ပြီး အခုဆိုရင် WY စိတ် ကြွရူးသွပ်ဆေးတပြားကို ကျပ်ရှစ်ရာ၊ ကျပ်တထောင်ဝန်းကျင်သာ စျေးရှိတယ်လို့ သိရပါတယ်။ စစ်တပ် အာဏာမသိမ်းခင်တုန်းက WY ဆေးတပြားဟာ ကျပ်ငါးထောင်ဝန်းကျင်ထိ စျေးရှိခဲ့တာပါ။

ဧရာ၀တီတိုင်းအတွင်း ပုသိမ်အပြင် အခြားမြို့နယ် တွေမှာလည်း မူးယစ်ဆေးဝါးရောင်းချမှုတွေ ပေါ်ပေါ်တင်တင် ရှိနေတာပါ။

ဧရာ၀တီတိုင်းအတွင်းက မူးယစ်ဆေးဝါးလုပ်ငန်းတွေထဲမှာ စစ်ကော်မရှင်တပ်အရာရှိတွေ၊ ဒေသခံအုပ်ချုပ်ရေးနဲ့ ရဲအရာရှိတွေကိုယ်တိုင် ပါဝင်ပတ်သက်နေပြီး မူးယစ်ဆေးဝါးရောင်းချသူတွေဆီကနေ လစဉ်လိုင်းကြေး ကောက်၊ ခွင့်ပြုပေးထားတယ်လို့ အဲဒီအခြေအနေတွေကို သိထားတဲ့ ဒေသခံတွေက ပြောကြပါတယ်။

DNA က ဒေသခံတွေကို မေးမြန်းရရှိထားတဲ့ အချက်အလက်တွေအရ စစ်ကော်မရှင်ရဲတပ်ဖွဲ့ဟာ မူးယစ်ဆေးဝါး ရောင်းချသူ(ရပ်ကွက်တွင်း ရောင်းချသူ) တွေဆီကနေ တလမှာ ငွေကျပ်တသိန်းကနေ ငါးသိန်းထိ လိုင်းကြေး ကောက်နေတာဖြစ်တယ်လို့ သိရပါတယ်။

မူးယစ်ကုန်ကူးလုပ်ငန်းရှင်ကြီးတွေဆီကတော့ အမြတ်ငွေရဲ့ နှစ်ဆယ်ရာခိုင်နှုန်းကနေ သုံးဆယ်ရာခိုင်နှုန်းလောက် ထိ တောင်းယူကာ ခွင့်ပြုပေးထားတယ်လို့ နီးစပ်သူတွေနဲ့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကော်မရှင်လက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူး၊ စစ်တပ်အကြီးအကဲ၊ ရဲစခန်းတာဝန်ရှိသူတွေဟာ မူးယစ် လုပ်ငန်းရှင်တွေနဲ့ နီးစပ်ပြီး ဘီလီယံချီတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို သိုလှောင်သိမ်းဆည်းပေးတာ၊ သယ်ယူ သွားလာဖို့ လမ်းကြောင်းရှင်းပေးတာတွေထိ လုပ်ပေးနေတယ်လို့ ဆိုပါတယ်။

တခါတရံ လိုင်းကြေးမပေးသူတွေကို ဖမ်းဆီးတာရှိပေမယ့် ငွေပေးလိုက်ရင် ပြန်လွတ်လာကြတယ်လို့ ဒေသခံ တွေက ဆိုပါတယ်။

ဧရာ၀တီတိုင်းအတွင်းက မူးယစ်ဆေးဝါးတွေ ပပျောက်ဖို့ဆိုရင် နောက်ကွယ်ကရော၊ပေါ်ပေါ်ထင်ထင်ပါ မူးယစ် လုပ်ငန်းရှင်တွေကို ကာကွယ်ပေး၊ ကိုယ်တိုင်ပါဝင် နေတဲ့ စစ်ကော်မရှင်အရာရှိတွေ၊ လက်အောက်ခံဝန်ထမ်းတွေ ကို ဖြုတ်ချ၊ အရေးယူနိုင်ဖို့ လိုအပ်နေပြီး အဓိက တာဝန်ယူရမှာက စစ်ကော်မရှင်ကိုယ်တိုင်ဖြစ်တယ်လို့ ထောက်ပြ ပြောဆိုထားကြပါတယ်။
#ပုသိမ် #ကျောင်းသားလူငယ် #ပစ်မှတ်ထား #မူးယစ်ဆေးဝါးစျေးကွက် #ချဲ့ထွင်နေ #DeltaNewsAgency #DNA