အမေရိကန် အလယ်ပိုင်းနဲ့ အရှေ့ပိုင်းမှာ ဆောင်းရာသီမုန်တိုင်းကြောင့် လူပေါင်း ၃၀ကျော် သေဆုံး

အမေရိကန်နိုင်ငံသား သန်း ၂၀၀ နီးပါးဟာ အနည်းဆုံး ဖေဖော်ဝါရီ ၁ ရက်နေ့အထိ ဆောင်းရာသီ အအေးဒဏ် သတိပေးချက်တွေအောက်မှာ ရှိနေဦးမှာ ဖြစ်ပါတယ်။

၂၈၊ ဇန်နဝါရီ။

 

အမေရိကန်ပြည်ထောင်စု အလယ်ပိုင်းနဲ့ အရှေ့ပိုင်းဒေသ အတော်များများကို နှင်းတွေ၊ ရေခဲတွေနဲ့ ရေခဲမှတ်အောက်၊ အပူချိန်တွေအောက် ရောက်သွားစေခဲ့တဲ့ အားကောင်းတဲ့ ဆောင်းရာသီ မုန်တိုင်းကြောင့် အင်္ဂါနေ့အထိ ပြည်နယ် ၁၄ ခုမှာ အနည်းဆုံးလူ ၃၈ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ တာဝန်ရှိသူတွေနဲ့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

 

သောကြာနေ့ကစတင်တဲ့ အဆိုပါ နှင်းမုန်တိုင်းဟာ စနေ၊ တနင်္ဂနွေ အားလပ်ရက်တွေမှာ ဒေသအတော်များများမှာနှင်းတွေ အမြောက်အမြား ကျခဲ့ပါတယ်။  နှင်းတွေကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခဲ့သလို လေကြောင်းခရီးစဉ်တွေအများအပြား ဖျက်သိမ်းရတာနဲ့ လျှပ်စစ်မီးတွေ ပြတ်တောက်ခဲ့ပါတယ်။

 

တနင်္လာနေ့မှာ မုန်တိုင်း ငြိမ်သက်သွားပေမယ့် ပြင်းထန်တဲ့ အအေးဒဏ်ကတော့ ဆက်ရှိနေဦးမယ်လို့ ခန့်မှန်းရပါတယ်။

အင်္ဂါနေ့မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အိမ်ခြေနဲ့ လုပ်ငန်းပေါင်း ၅၅၀,၀၀၀ ကျော် လျှပ်စစ်မီး ပြတ်တောက်နေဆဲဖြစ်ပေမယ့် မြို့အသီးသီးက အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အရင်းအမြစ်တွေကို အသုံးပြုပြီး ဒေသခံတွေ၊ အထူးသဖြင့် အိုးမဲ့အိမ်မဲ့ဖြစ်နေသူတွေ ဘေးကင်းလုံခြုံစေဖို့ လုပ်ဆောင်နေကြပါတယ်။

 

မုန်တိုင်းကြောင့် သေဆုံးသူတွေထဲက ၁၀ ဦးဟာ နယူးယောက်မြို့က ဖြစ်ပါတယ်။ နယူးယောက်မြို့မှာ အင်္ဂါနေ့က အနိမ့်ဆုံးအပူချိန် ရှစ်ဒီဂရီ ဖာရင်ဟိုက်အထိ ကျဆင်းခဲ့ပြီး ဒါဟာ ရှစ်နှစ်အတွင်း အအေးဆုံးဖြစ်တယ်လို့ မြို့တော်ဝန် ဇိုရန် မမ်ဒါနီကသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

 

ဒါပေမဲ့ သေဆုံးရတဲ့ အကြောင်းရင်း အသေးစိတ်ကို ပြောဖို့တော့ စောလွန်းနေပါသေးတယ်လို့ ဆိုပါတယ်။

 

မြို့ရဲ့လမ်းမတွေနဲ့ မြေအောက်ရထားဘူတာတွေမှာ နေထိုင်တဲ့ အိုးမဲ့အိမ်မဲ့ပေါင်း ၄,၀၀၀ ကျော်ထဲက ၅၀၀ ခန့်ကို ဇန်နဝါရီ ၁၉ရက်ကတည်းက ခိုလှုံရေးစခန်းတွေမှာ ထားရှိပေးထားတယ်လို့ မမ်ဒါနီက ဆိုပါတယ်။ ကျန်းမာရေးပြဿနာရှိလို့ အန္တရာယ်ရှိနိုင်တဲ့ အိုးမဲ့အိမ်မဲ့ ၃၅၀ ကိုတော့ ကွင်းဆင်းလုပ်သားတွေက နှစ်နာရီခြားတစ်ခါ စစ်ဆေးကြည့်ရှုနေပါတယ်။

 

လူဦးရေ ၆၈၀,၀၀၀ ခန့်ရှိတဲ့ တန်နက်ဆီပြည်နယ်၊ နာရှဗီးလ်မြို့မှာ အိမ်ခြေနဲ့ လုပ်ငန်းပေါင်း ၁၃၅,၀၀၀ ကျော် မီးပြတ်နေဆဲဖြစ်သလို ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာ အပူချိန် ခြောက်ဒီဂရီ ဖာရင်ဟိုက်အထိ ကျဆင်းပြီး လေအေးဒဏ်က ရေခဲမှတ်အောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

 

“ဒါ ဘာလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိအောင်ပြောရရင် ဒါဟာ သမိုင်းဝင် ရေခဲမုန်တိုင်းကြီးပါပဲ” လို့ နာရှဗီးလ်မြို့တော်ဝန် ဖရက်ဒီ အိုကော်နဲလ်က အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

 

နာရှဗီးလ်က အိုးမဲ့အိမ်မဲ့ ၁,၄၀၀ ခန့်ဟာ မြို့မှာရှိတဲ့ ခိုလှုံရေးစခန်း သုံးခုနဲ့ အပိုဖွင့်ထားတဲ့ စခန်း နှစ်ခုမှာ ပြည့်လျှံနေပြီဖြစ်ကြောင်းနဲ့ ရဲနဲ့ မီးသတ်သမားတွေဟာ အချိန်ပိုဆင်းပြီး အရေးပေါ်လုပ်သားတွေနဲ့အတူ လမ်းပေါ်မှာ စစ်ဆေးမှုတွေ လုပ်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

 

တနှစ်ပတ်လုံး အစားအသောက်၊ အဝတ်အထည်နဲ့ နေရာထိုင်ခင်း ပေးနေတဲ့ Nashville Rescue Mission အဖွဲ့မှာ ပုံမှန်ဆိုရင် တညကို လူ ၄၀၀ လောက်ပဲ ရှိတတ်ပေမယ့် အခုလို အေးစိမ့်တဲ့ကာလမှာတော့ လူဦးရေ ၇,၀၀၀ အထိ များပြားလာပါတယ်။

 

တနိုင်ငံလုံးမှာ မုန်တိုင်းနဲ့ ပတ်သက်ပြီး သေဆုံးရတဲ့ အကြောင်းရင်းတွေကတော့ ခန္ဓာကိုယ် အပူချိန်လွန်ကဲစွာ ကျဆင်းတာ၊အအေးဒဏ် တိုက်ရိုက်ထိတွေ့တာနဲ့ နှင်းတွေ ဖယ်ရှားရင်း နှလုံးရောဂါဖောက်ပြန်တာတွေအထိ ပါဝင်ပါတယ်။

 

ဒါးလပ်စ်မြို့ မြောက်ဘက် ၅၅ မိုင်အကွာက တက္ကဆက်ပြည်နယ်၊ ဘွန်ဟမ်မြို့မှာတော့ ပြီးခဲ့တဲ့ အားလပ်ရက်အတွင်း ယောက်ျားလေး သုံးဦးဟာ ရေခဲနေတဲ့ ကန်ထဲ ပြုတ်ကျပြီး သေဆုံးခဲ့ပါတယ်။ အခြေအနေ အသေးစိတ်ကိုတော့ ဒေသခံ မီးသတ်ဌာနကရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

 

တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့မှာလည်း စွန့်ပစ်ထားတဲ့ ဓာတ်ဆီဆိုင်တခုမှာ ခိုလှုံဖို့ ကြိုးစားရင်း လူတဦး အအေးဒဏ်ကြောင့် သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ ကင်းဆပ်စ်၊ ကင်တပ်ကီ၊ လူဝီစီယားနား၊ မစ္စစ္စပီ၊ ဆောက်သ်ကယ်ရိုလိုင်းနား၊ တန်နက်ဆီနဲ့ မီချီဂန် ပြည်နယ်တွေမှာလည်း အအေးဒဏ်ကြောင့် သေဆုံးမှုတွေရှိတယ်လို့ ဒေသခံသတင်းတွေကဖော်ပြပါတယ်။

 

အမေရိကန်နိုင်ငံသား သန်း ၂၀၀ နီးပါးဟာ အနည်းဆုံး ဖေဖော်ဝါရီ ၁ ရက်နေ့အထိ ဆောင်းရာသီ အအေးဒဏ် သတိပေးချက်တွေအောက်မှာ ရှိနေဦးမှာ ဖြစ်ပါတယ်။

 

အမျိုးသားမိုးလေဝသဌာနက မိုးလေဝသပညာရှင် ဒေးဗစ် ရော့သ်ကတော့ ဒီအပတ် အားလပ်ရက်မှာ အမေရိကန် အရှေ့ပိုင်းကိုထိခိုက်စေမယ့် နောက်ထပ် ဆောင်းရာသီမုန်တိုင်းတခု ဖြစ်ပေါ်လာနိုင်မလားဆိုတာကို စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

Ref – Reuters