ဇလွန်မြို့နယ် အတွင်း ကြံ့ခိုင်ရေး ပါတီအနိုင်ရခဲ့ပေမယ့် ကျေးရွာအုပ်စု တချို့မှာ တစညကို ရှုံးနိမ့်

“ပြည်သူက သိကြပါတယ် ဘယ်သူ့ကို မဲပေးပေး စစ်တပ်ကို ထောက်ခံသူတွေချည်းပဲ ဆိုတာကိုပေါ့။ ဒါပေမယ့် တခုခုကိုရွေးရမယ်ဆိုတဲ့ အခြေအနေမို့ တခုကိုရွေးလိုက်တဲ့ သဘောပါပဲ”

၂၆၊ ဇန်နဝါရီလ။

မနေ့က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ တတိယအသုတ် မဲပေးတဲ့ နေ့မှာ ဇလွန်မြို့နယ်အလိုက်မှာ ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရခဲ့ပေမယ့် ဇလွန်မြို့နယ်အတွင်းက တချို့ကျေးရွာအုပ်စုတွေမှာတော့ ကြံ့ခိုင်ရေးပါတီက ရှုံးနိမ့်ခဲ့ပြီး အဲဒီမဲရုံတွေမှာ တိုင်းရင်းသား စည်းလုံညီညွှတ်ရေးပါတီ(တစည)က အနိုင်ရခဲ့ပါတယ်။

“နန်းတော်ကျွန်းမှာဆိုရင် တ.စ.ည က ၁၈၀၀ ကျော်ရတယ်။ သူတို့က ၇၅၀ ကျော်ရတယ်။ အဲ့လောက်အပြတ်အသတ်နဲ့ကိုနိုင်တယ်”လို့ နန်းတော်ကျွန်း ဒေသခံတဦးက ပြောပါတယ်။

လတ်တလော သိရှိထားရတဲ့ စာရင်းတွေအရ ဇလွန်မြို့နယ်အနေနဲ့ ကြံ့ခိုင်ရေးပါတီက အနိုင်ရခဲ့ပေမယ့် ယခင်က NLD ပါတီက အပြတ်အသတ်အနိုင်ရခဲ့တဲ့ ကျေးရွာတွေမှာတော့ ကြံ့ခိုင်ရေးပါတီက မဲပြတ်နဲ့ ရှုံးနိမ့်ခဲပြီး တ.စ.ည ပါတီက အနိုင်ရတာတွေ ရှိခဲ့ပါတယ်။

“ရွာမှာရှိနေတဲ့ သူတွေက မဲမပေးပဲ မနေရဲကြတာပါတယ်။ အဲ့တော့ ကြံ့ခိုင်ရေး မဟုတ်ရင် ဘာကိုထည့်ရမလဲ ဆိုတော့လည်း အကုန်လုံးက အတူတူပဲဆိုတော့ နာမည်ကိုကြည့်ပြီး ထည့်လိုက်ကြတာမျိုးပေါ့”လို့ ဧရွာလေး ဒေသခံတဦးက ပြောပါတယ်။

အခုလို ကြံ့ခိုင်ရေးပါတီ မဲရှုံးခဲ့တဲ့ နန်းတော်ကျွန်း၊မြစ်ဝ၊နှဲမောက်တန်း စတဲ့ကျေးရွာအုပ်စုတွေမှာ NLD ပါတီ ထောက်ခံသူတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေက မဲရုံပြင်ပ လုံခြုံရေးအတွက် လုပ်အားပေးဖို့ ဖိအားပေးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလိုမျိုး NLD အမာခံထောက်ခံသူတွေက မဲရုံမှာ လုပ်အားပေးလုပ်နေရတဲ့ အခြေအနေဖြစ်တာကြောင့် နန်းတော်ကျွန်း၊ ရေလယ်သောင်၊ ငှက်ပျောတော၊ မြစ်ဝ၊ ဧရွာလေး စတဲ့ကျေးရွာတွေနဲ့ နှဲမောက်တန်းက ကျေးရွာတွေမှာ ဖိအားတချို့နဲ့ မဲပေးကြသူများပြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ မဲလာမပေးရင် ဘာဖြစ်မယ်လို့တော့ မပြောဘူးပေါ့။ ဒါပေမယ့် အခြေအနေတွေကို ကြည့်ရတာပဲ။ ကိုယ့်လူတွေက မဲရုံလုပ်အားပေးလုပ်နေရချိန်မှာ ကိုယ်ကလည်းဒီမှာရှိနေချိန်ဆိုတော့ မသွားလို့ဖြစ်ပါ့မလားဆိုတဲ့ ဖိအားကြောင့် မဲသွားပေးလိုက်တာပါ ” လို့  နန်းတော်ကျွန်း ကျေးရွာက ဒေသခံတဦးကပြောပါတယ်။

ဒီကျေးရွာတွေမှာ ကြံ့ခိုင်ရေးပါတီက တ.စ.ည ပါတီကို မဲပြတ်နဲ့ရှုံးနိမ့်ခဲ့တယ်လို့ မဲရုံမှာ တာဝန်ကျသူတွေက ဆိုပါတယ်။

“ တကယ်သာ မဲထွက်ပေးကြရင် ကြံ့ဖွတ်က အရှက်ကွဲမှာပဲ။ ခုက ရွေးကောက်ပွဲကို သပိတ်မှောက်ထားကြလို့သာ။ မဲထွက်ပေးသူများတဲ့နေရာ သူတို့ရှုံးတာပဲလေ။ ပြည်သူက သိကြပါတယ် ဘယ်သူ့ကို မဲပေးပေး စစ်တပ်ကို ထောက်ခံသူတွေချည်းပဲ ဆိုတာကိုပေါ့။ ဒါပေမယ့် တခုခုကိုရွေးရမယ်ဆိုတဲ့ အခြေအနေမို့ တခုကိုရွေးလိုက်တဲ့ သဘောပါပဲ ” လို့ နန်းတော်ကျွန်းက မဲရုံတခုမှာတာဝန်ကျသူ ဒေသခံ တဦးက ရှင်းပြပါတယ်။

တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး(တ.စ.ည)ပါတီဟာ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း ဦးဆောင်ထူထောင်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကနေ ၁၉၈၈ ခုနှစ်မှာ အမည်ပြောင်းခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီကို အပြတ်အသတ် ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီနောက် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်မှာ လူထုထောက်ခံမှု အားကောင်းတဲ့ NLD ပါတီကို ယှဉ်ပြိုင်နိုင်ဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကြီးကို ၂၀၁၀ ခုနှစ်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အဖြစ် နာမည်ပြောင်းခဲ့ ပြန်ပါတယ်။ စစ်အာဏာရှင် အဆက်ဆက်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ကိုယှဉ်ပြိုင်နိုင်ဖို့ တ.စ.ည ပါတီနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတွေကို စစ်တပ်ကျောထောက်နောက်ခံ အပြည်နဲ့ ငွေအင်အား လူအင်အား ပုံအောခဲ့ကြပေမယ့် ရွေးကောက်ပွဲအဆက်ဆက်မှာ လူထုထောက်ခံမှုကို မရရှိခဲ့ကြပဲ NLD ဝင်ရောက်မယှဉ်ပြိုင်နိုင်တဲ့ ရွေးကောက်ပွဲတွေမှာသာ အနိုင်ရခဲ့ကြပြီး NLD  ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ ရွေးကောက်ပွဲတိုင်းမှာ တ.စ.ည ပါတီရော ကြံ့ခိုင်ရေးပါတီပါ တောင်ပြိုကမ်းပြို ရှုံးနိမ့်ခဲ့ကြတာကို တွေ့ရပါတယ်။