အဝါရောင် မိုစေ့ဗိုင်းရပ်ရောဂါကြောင့် ဧရာဝတီက မတ်ပဲခင်းတွေ ဆုံးရှုံးမှု ရှိနေ

“၂၀၂၆ ဆောင်းရာသီရဲ့ ရာသီဥတုအခြေအနေက ဆောင်းရာသီအတွင်း ရေစိုထိုင်းမှု ကောင်းကောင်း ထိန်းထားနိုင်သော အခြေအနေ ဖြစ်ပါတယ်။ ကျွန်တော့် လေလာချက်အရလဲ မြေဆီလွှာစိုထိုင်းဆ အခြေအနေက နှစ်စဉ်ဖြစ်မြဲထက် ပိုများနေတာတွေ့ရပါတယ် ”

၂၅၊ ဇန်နဝါရီလ။

ဧရာဝတီတိုင်းက မတ်ပဲစိုက်ခင်းတွေမှာ ဖြစ်ပေါ်နေတဲ့ ပဲခင်းဝါသွားရတဲ့ အကြောင်းအရင်းဟာ မှိုကြောင့်မဟုတ်ပဲ ဗိုင်းရပ်စ်တမျိုးကြောင့်ဖြစ်ပြီး ကူးစက်ခံရရင် ပိုးသတ်ဆေးဖြန်းလို့မရတာကြောင့် ကြိုတင်ကာကွယ်ရတဲ့ ရောဂါမျိုးဖြစ်တယ်လို့ စိုက်ပျိုးရေး ကျွမ်းကျင်ပညာရှင်တွေက သတိပေးကြပါတယ်။

“ ဒါက မှိုရောဂါကြောင့်မဟုတ်ပါဘူး။ ဗိုင်းရပ်ရောဂါကြောင့်ပါ။ အဝါရောင် မိုစေ့ဗိုင်းရပ်ရောဂါ( Yellow Mosaic Virus)  လို့ ခေါ်ပါတယ်။ ကူးစက်ရခြင်းက ယင်ဖြူပိုးကြောင့် အဓိကပါ။ ဒါ့အပြင် ဗိုင်းရပ်ရောဂါ ကျရောက်တဲ့အခင်းက မျိုးကို မျိုးပြန်ယူခဲ့ရင် ဆက်လက်ရောဂါက ဆက်ဖြစ်တတ်ပါတယ်။ ယင်ဖြူပိုးက ဒီဗိုင်းရပ်ရောဂါကို တစ်ပင်မှတစ်ပင် ကူးစပ်‌စေတဲ့ ဗိုင်းရပ်သယ်ဆောင်ကောင်ဖြစ်ပါတယ်။ ကူးစက်မှု မြန်ပါတယ် ” လို့ အမည်မဖော်လိုတဲ့ စိုက်ပျိုးရေး ပညာရှင်တဦးက DNA ကိုရှင်းပြပါတယ်။

ဒီရောဂါကိုခံနိုင်ရည်ရှိတဲ့ မျိုးစေ့တွေကို အသုံးပြုသင့်ကြောင်းနဲ့ အပင်ဝါနေတာတွေတွေ့ရင် နုတ်ပစ်ပြီးပစ်ထားလိုက်တာမျိုး မဟုတ်ပဲအခင်းနဲ့ဝေးရာမှာ မီးရှို့ပစ်ဖို့လိုကြောင်းနဲ့ ဒီရောဂါပိုးကျရင် ကုသဆေးမရှိဘူးလို့ ဆိုပါတယ်။

ဒါကြောင့် ပင်ခြေကပေါင်းမြက်တွေကို ရှင်းပေးဖို့၊ နိုက်ထရိုဂျင်ရွက်ဖျန်း၊ မြေသြဇာတွေကို အလွန်အကျွံမသုံးဖို့၊ စိုက်ခင်းစိုထိုင်းဆကို လျှော့ချဖို့နဲ့ မတ်ပဲမျိုးဆိုရင် TBL 9၊ ရေဆင်း ၇၊ ထန်းညီနောင် ၄၊  ပဲတီစိမ်းမျိုးဆိုရင် ရေဆင်း ၁၁၊ ရေဆင်း ၁၄ မျိုးတွေဟာ ဒီရောဂါကို ခံနိုင်ရည်ရှိတယ်လို့ အကြံပြုထားကြပါတယ်။

“ မျိုးကြောင့်ဆိုတာလည်း ဖြစ်နိုင်တယ်။ ကျွန်တော်တို့ ထန်းညီနောင် ဘက်မှာ မဝါဘူး။ ဒီလိုမျိုးကို စောသိရရင် ပိုကောင်းမှာပေါ့။ ဈေးကွာလည်းပဲ ဒီလိုမျိုး ဖြစ်နိုင်တယ်ဆိုရင် သူကအဖတ်ပြန်ဆယ်လို့ မရဘူးလေ အဲ့တော့ သေချာတဲ့မျိုးကိုပဲ သုံးကြမှာပါ။ ခုကကျ သိကို မသိလိုက်တာ ” လို့ ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်ရွာမှာနေထိုင်တဲ့ လယ်သမားတဦးက ဆိုပါတယ်။

ဒီရောဂါဟာ ယင်ဖြူပိုးကြောင့် အဓိကဖြစ်ပွားပြီး ယခုနှစ်ကဲ့သို့ မြေစိုထိုင်းဆများတဲ့ အခြေအနေတွေမှာ ပြန့်ပွားနူန်းမြန်ဆန်လေ့ရှိတယ်ပါတယ်။

မိုးဇလ ကျွမ်းကျင် ပညာရှင် ဦးဝင်းနိုင်ကတော့ “ ၂၀၂၆ ဆောင်းရာသီရဲ့ ရာသီဥတုအခြေအနေက ဆောင်းရာသီအတွင်း ရေစိုထိုင်းမှုကောင်းကောင်း ထိန်းထားနိုင်သောအခြေအနေ ဖြစ်ပါတယ်။ ကျွန်တော့် လေလာချက်အရလဲ မြေဆီလွှာစိုထိုင်းဆ အခြေအနေက နှစ်စဉ်ဖြစ်မြဲထက် ပိုများနေတာတွေ့ရပါတယ် ” လို့ DNA ကိုပြောပါတယ်။

ဒီရောဂါဟာ လွန်ခဲ့တဲ့နှစ်တွေကတည်းက မတ်ပဲနဲ့ ပဲတီစိမ်း စိုက်ပျိုးရာ ဒေသတချို့မှာ စတင်ဖြစ်ပွားနေခဲ့တာဖြစ်ပြီး ဧရာဝတီတိုင်းအတွင်းမှာတော့ ဒီနှစ်မှာ တော်တော်များများ ပြန့်ပွားနေတာဖြစ်ပါတယ်။

ဒါဟာ စိုက်ပျိုးတောင်သူ လယ်သမားတွေအနေနဲ့ သွင်းအားစု ကုန်ကျစရိတ် မြင့်မားလာနေမှုကို ချုံ့နိုင်ဖို့ မျိုးစေ့ အရည်အသွေးကို လျော့ချလိုက်တာကြောင့် ဖြစ်နိုင်တယ်လို့  သုံးသပ်မှုတွေလည်းရှိနေပါတယ်။