
“တောင်ကိုရီးယားဟာ မြောက်ကိုရီးယားကို ဟန့်တားဖို့ အဓိကတာဝန်ယူနိုင်စွမ်းရှိတယ်”လို့ ပင်တဂွန်ရဲ့ ၂၅ မျက်နှာပါ အမျိုးသားကာကွယ်ရေးမဟာဗျူဟာ စာတမ်းမှာ ဖော်ပြထားပါတယ်။
၂၅၊ ဇန်နဝါရီ။
မြောက်ကိုရီးယားကို ဟန့်တားဖို့အရေး တောင်ကိုရီးယားက အဓိကတာဝန်ယူစေပြီး အမေရိကန်ကတော့ အကန့်အသတ်နဲ့သာ ပါဝင်တော့မှာ ဖြစ်တယ်လို့ သောကြာနေ့၊ ဇန်နဝါရီ ၂၃ ရက်က ထုတ်ပြန်လိုက်တဲ့ မူဝါဒစာတမ်းအရ သိရပါတယ်။
ဒီခြေလှမ်းဟာ ကိုရီးယားကျွန်းဆွယ်မှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက်ကို လျှော့ချပစ်တာမျိုးအထိ ဖြစ်လာနိုင်ပါတယ်။
မြောက်ကိုရီးယားရဲ့ စစ်ရေးခြိမ်းခြောက်မှုကို ပူးပေါင်းကာကွယ်ဖို့အတွက် တောင်ကိုရီးယားမှာ အမေရိကန်တပ်ဖွဲ့ဝင် ၂၈,၅၀၀ခန့် အခြေစိုက်ထားပြီး ဆိုးလ်အစိုးရဟာ ဒီနှစ်အတွက် သူတို့ရဲ့ ကာကွယ်ရေးအသုံးစရိတ်ကို ၇.၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ထားပါတယ်။
“တောင်ကိုရီးယားဟာ မြောက်ကိုရီးယားကို ဟန့်တားဖို့ အဓိကတာဝန်ယူနိုင်စွမ်းရှိတယ်”လို့ ပင်တဂွန်ရဲ့ ၂၅ မျက်နှာပါ အမျိုးသားကာကွယ်ရေးမဟာဗျူဟာ စာတမ်းမှာ ဖော်ပြထားပါတယ်။
“ဒီလို တာဝန်ခွဲဝေမှုပုံစံ အပြောင်းအလဲဟာ ကိုရီးယားကျွန်းဆွယ်မှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့ အနေအထားကို ပြန်လည်ပြင်ဆင်လိုတဲ့ အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီမှုရှိပါတယ်” လို့ ဆိုပါတယ်။
တောင်ကိုရီးယားဟာ အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့ အခန်းကဏ္ဍကို ပြောင်းလဲမယ့် အစီအစဉ်ကို ငြင်းဆန်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာတော့ သူတို့ရဲ့ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။
တောင်ကိုရီးယားမှာ စစ်သည်အင်အား ၄၅၀,၀၀၀ ရှိပါတယ်။ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနကတော့ သူတို့နိုင်ငံမှာ အခြေစိုက်ထားတဲ့ အမေရိကန်စစ်တပ်ဟာ မြောက်ကိုရီးယားရဲ့ ကျူးကျော်မှုကို ဟန့်တားပေးနေတဲ့ မဟာမိတ်အဖွဲ့ရဲ့ အနှစ်သာရ ဖြစ်သလို ကျွန်းဆွယ်နဲ့ ဒေသတွင်း ငြိမ်းချမ်းရေးအတွက် အာမခံချက်ဖြစ်တယ်လို့ ပြောပါတယ်။
“ဒီလမ်းကြောင်းအတိုင်း ဆက်လက်တိုးတက်အောင် လုပ်ဆောင်ဖို့အတွက် အမေရိကန်နဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားမှာပါ” လို့ ဝန်ကြီးဌာနက ဆိုပါတယ်။ မြောက်ကိုရီးယားကတော့ တောင်ကိုရီးယားမှာ အမေရိကန်တပ်တွေရှိနေတာနဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေကို အမြဲတမ်း ဝေဖန်လေ့ရှိပါတယ်။
ပင်တဂွန်ရဲ့ ထိပ်တန်းမူဝါဒရေးရာ တာဝန်ရှိသူ Elbridge Colby ဟာ လာမယ့်အပတ်မှာ အာရှကို သွားရောက်ဖို့ရှိပြီး တောင်ကိုရီးယားကိုလည်း သွားရောက်မယ်လို့ မျှော်လင့်ရကြောင်း အမေရိကန် အရာရှိတဦးက ပြောပါတယ်။
Ref – Reuters