
ဆွေးနွေးပွဲ မတိုင်ခင်မှာတော့ ယူကရိန်းသမ္မတ ဇလန်းစကီးက နယ်မြေကိစ္စဟာ အဓိက ပြဿနာဖြစ်နေဆဲပဲလို့ ပြောပါတယ်။ မော်စကိုဘက်ကတော့ ယူကရိန်း အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသကနေ ကိယက်ဗ် တပ်ဖွဲ့တွေ ရုပ်သိမ်းပေးဖို့ တောင်းဆိုချက်ကို လျှော့ချမှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။
၂၅၊ ဇန်နဝါရီ။
လေးနှစ်နီးပါး ကြာမြင့်နေပြီဖြစ်တဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တိုက်တွန်းနေတဲ့ အစီအစဉ်တခုအပေါ် ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေးဖို့အတွက် ရုရှား၊ ယူကရိန်းနဲ့ အမေရိကန် ကိုယ်စားလှယ်တွေဟာ အဘူဒါဘီမြို့မှာ ဇန်နဝါရီလ ၂၃ရက်နေ့က တွေ့ဆုံခဲ့ကြပါတယ်။
ပဋိပက္ခကို အဆုံးသတ်ဖို့ အမေရိကန်က ပထမဆုံး ရေးဆွဲခဲ့တဲ့ အစီအစဉ်ဟာ ရုရှားရဲ့ လိုလားချက်တွေနဲ့ အရမ်းနီးစပ်နေတယ်ဆိုပြီး ကိယက်ဗ်နဲ့ အနောက်ဥရောပနိုင်ငံတွေရဲ့ အပြင်းအထန် ဝေဖန်မှုကို ခံခဲ့ရသလို နောက်ပိုင်း ထွက်ပေါ်လာတဲ့ အဆိုပြုချက်တွေကိုလည်း ဥရောပ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့တွေ ထားရှိမယ့် အကြံပြုချက် ပါဝင်နေတာကြောင့် မော်စကိုဘက်က ပြန်လည်ဝေဖန်ခဲ့ပါတယ်။
ဆွေးနွေးပွဲ မတိုင်ခင်မှာတော့ ယူကရိန်းသမ္မတ ဇလန်းစကီးက နယ်မြေကိစ္စဟာ အဓိက ပြဿနာဖြစ်နေဆဲပဲလို့ ပြောပါတယ်။ မော်စကိုဘက်ကတော့ ယူကရိန်း အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသကနေ ကိယက်ဗ် တပ်ဖွဲ့တွေ ရုပ်သိမ်းပေးဖို့ တောင်းဆိုချက်ကို လျှော့ချမှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။
ယူအေအီး နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဒီဆွေးနွေးပွဲဟာ နှစ်ရက်ကြာမြင့်မှာဖြစ်ပြီး “ဆွေးနွေးမှုတွေကို မြှင့်တင်ဖို့နဲ့ အကျပ်အတည်းအတွက် နိုင်ငံရေးအရ ဖြေရှင်းချက်တွေကို ရှာဖွေဖို့ ကြိုးပမ်းနေတဲ့ လုပ်ငန်းစဉ်တွေရဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်” လို့ ထုတ်ပြန်ထားပါတယ်။
ထရမ့်ဟာ သမ္မတ ဇလန်းစကီးနဲ့ ဒါးဗို့စ်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ကြာသပတေးနေ့က တွေ့ဆုံခဲ့သလို အမေရိကန် စေလွှတ်လိုက်တဲ့ စတိဗ် ဝစ်ကော့ဗ်ကလည်း ကရင်မလင် နန်းတော်မှာ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အဘူဒါဘီမှာ ဆွေးနွေးပွဲတွေ လုပ်နေချိန်မှာပဲ ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် ကိယက်ဗ်မြို့မှာရှိတဲ့ လူထောင်ပေါင်းများစွာဟာ ရေခဲမှတ်အောက် အပူချိန်မှာ အပူပေးစနစ်တွေ မရှိဘဲ နေထိုင်နေကြရပါတယ်။
မီးစက်ပေါင်း ရာနဲ့ချီ ပို့ဆောင်ပေးထားတဲ့ ဥရောပသမဂ္ဂကတော့ မော်စကိုဟာ “အရပ်သားတွေကို အပူငွေ့မရအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတယ်” လို့ စွပ်စွဲလိုက်ပါတယ်။
သောကြာနေ့မှာ ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ခါကိဗ်ဒေသမှာ လူသုံးဦး သေဆုံးခဲ့သလို အရှေ့ပိုင်းမှာလည်း ညတွင်းချင်း တိုက်ခိုက်မှုကြောင့် ဖခင်တဦးနဲ့ ငါးနှစ်အရွယ် သားဖြစ်သူ အပါအဝင် လူလေးဦး သေဆုံးခဲ့တယ်လို့ ကိယက်ဗ်က ဆိုပါတယ်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပရဲ့ အဆိုးရွားဆုံး ပဋိပက္ခကို အဆုံးသတ်ဖို့ သံတမန်ရေးအရ ကြိုးပမ်းမှုတွေ အရှိန်ရလာပေမဲ့ မော်စကိုနဲ့ ကိယက်ဗ်တို့ဟာ နယ်မြေကိစ္စမှာတော့ တဘက်နဲ့တဘက် အလျှော့မပေးဘဲ ရှေ့မတိုးသာတဲ့ အခြေအနေ ဖြစ်နေပါတယ်။
Ref – AFP