မြန်မာတွေအတွက် TPS ဖျက်သိမ်းမယ့် အစီအစဉ် အမေရိကန်တရားသူကြီး ယာယီရပ်ဆိုင်း

အမေရိကန်ရောက် မြန်မာနိုင်ငံသား ၄,၀၀၀ ကျော် မှီခိုနေရတဲ့ TPS အစီအစဉ်ကို ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာ ထရမ့်အစိုးရက ရပ်စဲလိုက်တာ ဖြစ်ပါတယ်။

၂၄၊ ဇန်နဝါရီ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အစိုးရအဖွဲ့အနေနဲ့ မြန်မာနိုင်ငံသားတွေအတွက် ပေးအပ်ထားတဲ့ ယာယီအကာအကွယ်ပေးထားတဲ့ Temporary Protected Status (TPS) ရပ်စဲမယ့် အစီအစဉ်ကို ရွှေ့ဆိုင်းထားဖို့ ဖက်ဒရယ်တရားသူကြီး မက်သရူး ကန်နယ်လီက ဇန်နဝါရီလ ၂၃ရက်နေ့မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်ရောက် မြန်မာနိုင်ငံသား ၄,၀၀၀ ကျော် မှီခိုနေရတဲ့ TPS အစီအစဉ်ကို ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာ ထရမ့်အစိုးရက ရပ်စဲလိုက်တာ ဖြစ်ပါတယ်။

TPS ကို ဖျက်သိမ်းလိုက်ရင် ကိုင်ဆောင်ထားသူတွေအတွက် ပြန်လည်ကုစားလို့မရနိုင်တဲ့ ထိခိုက်နစ်နာမှုတွေ ဖြစ်လာနိုင်တာကြောင့် အမှုကို အပြီးသတ် အဆုံးအဖြတ်မပေးနိုင်ခင်မှာ လက်ရှိအခြေအနေအတိုင်း ဆက်လက်ထိန်းသိမ်းထားဖို့ လိုအပ်တယ်လို့ တရားရုံးက ယူဆတယ်လို့ ဆိုပါတယ်။

တရားသူကြီး ကန်နယ်လီရဲ့ ကောက်ချက်အရ TPS ရုပ်သိမ်းဖို့ အစိုးရရဲ့ ကြိုးပမ်းမှုဟာ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းဥပဒေ (APA) နဲ့ ငြိစွန်းနေပြီး အနိုင်ရနိုင်ခြေဟာ မြန်မာနိုင်ငံသားတွေဘက်မှာ ရှိနေသလို အများပြည်သူအကျိုးစီးပွားအတွက်လည်း အခုလို ရပ်ဆိုင်းထားတာက ပိုပြီး သင့်တော်တယ်လို့ ဆိုပါတယ်။

 

တရားရုံးအမိန့်အရ အခုလို ရပ်ဆိုင်းထားတဲ့ ကာလအတွင်းမှာ TPS ဖျက်သိမ်းမှုဟာ တရားမဝင်တဲ့အတွက် မြန်မာတွေအနေနဲ့ အလုပ်လုပ်ကိုင်ခွင့်နဲ့ ပြည်နှင်ဒဏ်ကနေ အကာအကွယ်ရရှိမှုတွေကို ဆက်လက် ခံစားနိုင်မှာဖြစ်ပါတယ်။

“တရား ဆိုင်ထားတဲ့အတွက် တရားသူကြီးက အမှုကို အကြောင်းပြချက်တွေခိုင်လုံတဲ့အတွက် အဆုံးအဖြတ် မပေးမချင်းရုပ်သိမ်းမှုကို ဆိုင်းငံ့ထားဖို့ အမိန့် ထုတ်လိုက်ပါတယ်။ ရုပ်သိမ်းဖို့ ဆုံးဖြတ်ဖို့ များပါတယ်။ အစိုးရဘက်ကလည်း အထက်တရားရုံးတွေမှာ အယူခံ ဝင်မှာပါ။ ဘယ်လိုမဆို TPS သမားတွေ လတ်တလော အနည်းဆုံး သုံးလေးလတော့ စိတ်ချရပါတယ်။ TPS ​အောက်က မြန်မာတွေ အဖမ်းခံရတာတော့ မကြားမိသေးပါ”လို့ အမေရိကန် Los Angeles Myanmar Movement (LA2M) အဖွဲ့ ရဲ့ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ ဦးဂျိမ်းရွှေက DNA ကို ပြောပါတယ်။

ဒီအကာအကွယ်ဟာ TPS လျှောက်ထားဆဲသူတွေအတွက်လည်း အကျုံးဝင်တာကြောင့် အမိန့်အသက်ဝင်နေသရွေ့ အလုပ်လုပ်ကိုင်ခွင့်နဲ့ ဖမ်းဆီးချုပ်နှောင်ခံရမှုကနေ လုံခြုံမှုရှိနေဦးမှာ ဖြစ်ပါတယ်။

 

လက်ရှိအခြေအနေကို အစိုးရဘက်က အယူခံဝင်ဖွယ်ရှိပြီး အမေရိကန် အစိုးရ (DHS) အနေနဲ့ အမိန့်ကို မကျေနပ်လို့ အထက်တရားရုံး ဒါမှမဟုတ် တရားရုံးချုပ်အထိ အယူခံဝင် တက်ရောက်နိုင်တဲ့အတွက် အဲဒီလိုဖြစ်လာရင်  အခြေအနေများ ပြန်လည်ပြောင်းလဲသွားနိုင်တယ်လို့ အမေရိကန် Los Angeles Myanmar Movement (LA2M) အဖွဲ့ ရဲ့ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ ဦးဂျိမ်းရွှေက သူ့ရဲ့ လူမှုကွန်ရက်မှာ အသိပေးထားပါတယ်။

 

ဒါပေမဲ့ အခုလို တရားရုံးကနေ မြန်မာ TPS ရပ်ဆိုင်းမှုကို ယာယီတားမြစ်လိုက်တာဟာ အပြီးသတ် အောင်ပွဲမဟုတ်သေးပေမဲ့ လက်ရှိအချိန်အတွက် စိတ်ချရကြောင်းလည်း အသိပေးထားပါတယ်။

Photo Credit – Getty Images