ဇလွန်မြို့နယ်က ဒီချုပ်ပါတီဝင်တွေကို ရွေးကောက်ပွဲနေ့ မဲရုံမှာ လုပ်အားပေးဖို့ ဖိအားပေးနေ

မဲရုံစောင့်လို့ပြောပေမယ့် မဲရုံထဲတော့ ဝင်လို့မရဘူးပြောတယ်။ မဲရုံပြင်ပ လုံခြုံရေးနဲ့ လိုအပ်တာဝိုင်းကူလုပ်ဖို့ပေါ့ ဒါမျိုးပါ။ ဒီမှာနေနေတော့ မလွန်ဆန်နိုင်ဘူးပေါ့ ”

၂၄၊ ဇန်နဝါရီလ။

စစ်ကောင်စီက ပြုလုပ်တဲ့ ရွေးကောက်ပွဲ အပိုင်း(၃)ရဲ့ မြို့နယ်တွေထဲက တခုဖြစ်တဲ့ ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်ထဲက ကျေးရွာတချို့မှာ NLD ပါတီ အမာခံတချို့ကို မဲရုံဆိုင်ရာ လုပ်အားပေး  တာဝန်ယူပေးဖို့ အုပ်ချုပ်ရေးမှူးတွေက ဖိအားပေးခိုင်းစေနေပါတယ်။

“ ဖိအားပေးတယ် ဆိုတာကတော့ မလုပ်ပေးရင် ဘာလုပ်မယ် ညာလုပ်မယ် ပြောတာမျိုးတော့ မဟုတ်ပါဘူး။ ဒါတွေ ဒါတွေ လာလုပ်ပေးပါပေါ့။ အစက ငြင်းပေမယ့်လည်း သူက အစည်းဝေးတိုင်း သူနဲ့တွေ့တိုင်း ခင်ဗျားလာလုပ်ပေးမှရမယ် ဘာညာနဲ့ ခဏခဏပြောတယ် ကိုယ့်မှာကလည်း အနေအထားတချို့ ရှိနေတော့ ချင့်ချိန်ရတာပေါ့ ” လို့ မဲရုံစောင့်ဖို့ တာဝန်ပေးခံရတဲ့ ဒေသခံတဦးက ပြောပါတယ်။

ဒီလိုအခြေအနေမျိုးက ကျေးရွာ ၃ ရွာမှာ ကြုံတွေ့နေရတယ်လို့ DNA ကအတည်ပြုနိုင်ခဲ့ပြီး အုပ်ချုပ်ရေးမှူးတွေဟာ အခုလို NLD ပါတီကို အမာခံထောက်ခံကြသူတွေကို  ရွေးပြီး လုပ်ခိုင်းနေတာလို့ ဒေသခံတွေက ပြောပါတယ်။

“ ဇလွန်က နဂိုတည်းက NLD ကလူတွေတောင် ဒီရွေးကောက်ပွဲကို ထောက်ခံတယ်ဆိုတဲ့ ပုံစံမျိုးလုပ်ထားတော့ အခုလည်း အဲ့အတိုင်းသွားနိုင်ဖို့ ကျွန်တော်တို့ကို အသုံးချတာဖြစ်နိုင်ပါတယ်။ မဲရုံစောင့်လို့ပြောပေမယ့် မဲရုံထဲတော့ ဝင်လို့မရဘူးပြောတယ်။ မဲရုံပြင်ပ လုံခြုံရေးနဲ့ လိုအပ်တာဝိုင်းကူလုပ်ဖို့ပေါ့ ဒါမျိုးပါ။ ဒီမှာနေနေတော့ မလွန်ဆန်နိုင်ဘူးပေါ့ ” လို့ ကိုဦး(အမည်လွှဲ)က ပြောပါတယ်။

ဇလွန်မြို့နယ်မှာ ကြံ့ခိုင်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ စတဲ့ပါတီတွေက မဲဆွယ်စည်းရုံးရေးကို အင်အားပြည့်လုပ်ဆောင်နေကြသလို ယခင် NLD ပါတီဝင်နဲ့ ရပ်/ကျေး ခေါင်းဆောင်တချို့ဟာလည်း ဒီပါတီတွေရဲ့ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲတွေမှာ တက်ရောက်ဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။

ဒါအပြင် ရပ်ရွာအကျိုးနဲ့ လူမှုရေးလုပ်ငန်းတွေမှာ တက်ကြွစွာပါဝင်လေ့ရှိသူတွေဟာလည်း NLD ပါတီကို ထောက်ခံအားပေးသူတွေ အများစုဖြစ်ကြတာကြောင့် သက်ဆိုင်ရာ ဒေသတွေမှာ လူသိများကြသူတွေလည်း ဖြစ်တယ်လို့ ဆိုကြပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အပိုင်း (၃)မှာ ဧရာဝတီတိုင်းက ရေကြည်၊ ငပုတော၊ ဒေးဒရဲ၊ ညောင်တုန်း၊ ဓနုဖြူ၊ အင်္ဂပူ၊ မော်လမြိုင်ကျွန်း၊ ဇလွန်၊ လေးမျက်မှာ စတဲ့မြို့နယ် ၉ မြို့နယ်ပါဝင်မှာ ဖြစ်ပါတယ်။