
အဓိကအားဖြင့် လင်းနို့တွေဆီကနေ ကူးစက်တာဖြစ်ပြီး သိပ္ပံပညာရှင်တွေကတော့ ဗိုင်းရပ်စ်ဟာ မျိုးဗီဇပြောင်းလဲသွားပြီး ပိုမိုပြင်းထန်တဲ့ ကူးစက်နှုန်းရှိလာမှာကို စိုးရိမ်နေကြပါတယ်။
၂၄၊ ဇန်နဝါရီ။
အနောက်ဘင်္ဂလားပြည်နယ်၊ ကိုလ်ကတ္တားမြို့အနီးမှာ နီပါဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွါးနေပြီး ကျန်းမာရေးဝန်ထမ်း ငါးဦးဆီမှဋ ဗိုင်းရပ်စ်ပိုး ကူးစက်နေတာကို တွေ့ရှိထားတယ်လို့ အိန္ဒိယအစိုးရက ထုတ်ပြန်ပါတယ်။
ဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်ဖို့အတွက် လူပေါင်း ၁၀၀ နီးပါးကို နေအိမ်မှာပဲသီးသန့်ခွဲနေထိုင်ဖို့ ကျန်းမာရေးတာဝန်ရှိသူတွေက ညွှန်ကြားထားပါတယ်။
ပိုးကူးစက်ခံရတဲ့ လူနာတွေကို ကူးစက်ရောဂါကုသဖို့ ဆေးရုံဆီ ပြောင်းရွှေ့ပေးထားပြီး အစောဆုံး ကူးစက်ခံရသူတွေထဲက တဦးကတော့ အခြေအနေ စိုးရိမ်ရဆဲ ဖြစ်ပါတယ်။
နီပါဗိုင်းရပ်စ်ဟာ ကပ်ရောဂါအသွင် ပြန့်ပွားနိုင်ခြေရှိသလို သီးသန့်ကာကွယ်ဆေး ဒါမှမဟုတ် ကုသဆေးလည်း မရှိသေးတာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အဆိုပါ ဗိုင်းရပ်စ်ကို အန္တရာယ်ကြီးမားတဲ့ ဦးစားပေး ရောဂါပိုးအဖြစ် သတ်မှတ်ထားပါတယ်။
ပြည်နယ်မြို့တော် ကိုလ်ကတ္တားအနီးမှာ အဓိကဖြစ်ပွားနေတာဖြစ်ပြီး အစပိုင်းမှာ ဘာရာဆတ်က ပုဂ္ဂလိကဆေးရုံတခုမှာ အလုပ်လုပ်နေတဲ့ အမျိုးသားသူနာပြုတဦးနဲ့ အမျိုးသမီးသူနာပြုတဦးတို့မှာ ဗိုင်းရပ်ရှိနေတာကို စတင်တွေ့ရှိခဲ့တာပါ။
အခုသီတင်းပတ် အစောပိုင်းမှာတော့ ဆရာဝန်တဦး၊ နောက်ထပ် သူနာပြုတဦးနဲ့ ကျန်းမာရေးဝန်ထမ်းတဦးတို့မှာ ထပ်မံကူးစက်နေတာကို အတည်ပြုနိုင်ခဲ့တယ်လို့ အိန္ဒိယသတင်းဌာန (PTI) က ဖော်ပြထားပါတယ်။
နောက်ဆုံးတွေ့ရှိတဲ့ လူနာတွေကိုတော့ ကိုလ်ကတ္တားမြို့အရှေ့ပိုင်း၊ ဘီလီဂါတာမှာရှိတဲ့ ကူးစက်ရောဂါကု ဆေးရုံဆီ ပြောင်းရွှေ့လိုက်ပြီ ဖြစ်ပါတယ်။
နီပါ ဗိုင်းရပ်ပိုးဟာ သစ်သီးစားတဲ့ လင်းနို့တွေကနေ ကူးစက်တာ ဖြစ်ပြီး သေဆုံးမှုတွေ မကြာခဏ တွေ့ရပါတယ်။
ရောဂါပိုးရှိတဲ့ လင်းနို့၊ ဝက် ဒါမှမဟုတ် လူတွေရဲ့ တံတွေး၊ ဆီးနဲ့ သွေးစတဲ့ ခန္ဓာကိုယ်ထွက် ရည်ကြည်တွေနဲ့ထိတွေ့မိရာကနေတဆင့် ပြန့်ပွားတာ ဖြစ်ပါတယ်။
ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ အဓိက အချက်အလက်တွေကတော့ မူလအစ ၁၉၉၈ ခုနှစ်မှာ မလေးရှားနဲ့ စင်ကာပူက ဝက်မွေးမြူရေးလုပ်ကိုင်သူတွေအကြား စတင်တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
အဲဒီနောက် ၂၀၁၈ ခုနှစ်၊ အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်မှာ စတင်တွေ့ရှိခဲ့ပြီးနောက်ပိုင်း လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။
အဓိကအားဖြင့် လင်းနို့တွေဆီကနေ ကူးစက်တာဖြစ်ပြီး သိပ္ပံပညာရှင်တွေကတော့ ဗိုင်းရပ်စ်ဟာ မျိုးဗီဇပြောင်းလဲသွားပြီး ပိုမိုပြင်းထန်တဲ့ ကူးစက်နှုန်းရှိလာမှာကို စိုးရိမ်နေကြပါတယ်။
လူနေထူထပ်တဲ့ မြို့ပြနဲ့ ကျေးလက်ဒေသတွေမှာ ကူးစက်မှု ထပ်မံမပြန့်ပွားစေဖို့အတွက် အနောက်ဘင်္ဂလားပြည်နယ်ကတာဝန်ရှိသူတွေဟာ အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြပါတယ်။
Ref – Independent