
“ကြံ့ခိုင်ရေးက လူတွေ မဲလာဆွယ်လို့ အဲ့ဒီကိစ္စ မေးကြည့်သေးတယ်။ စစ်မှုထမ်း ထောက်ပံ့ကြေး ကောက်နေတာတွေ ရပ်အောင် ဒါမှမဟုတ် လျော့အောင် လုပ်ပေးမလားပေါ့။ သူတို့က ဒီလိုထောက်ပံ့နေရတာကို ဒါကိုဂုဏ်ယူစရာလို ပြောသွားတယ်”
၂၃၊ ဇန်နဝါရီလ။
ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်ထဲက ကျေးရွာတွေမှာ ရွေးကောက်ပွဲထက် စစ်မှုထမ်းပေါ်တာဆွဲမှုတွေနဲ့ စစ်မှုထမ်း ထောက်ပံ့ကြေး ကိစ္စတွေကို ပိုအာရုံစိုက်ပြီး စိတ်ပူပင်နေရပါတယ်။
“ ရွေးကောက်ပွဲက ကျွန်တော်တို့ စိတ်ဝင်စားလည်း ကြံ့ဖွတ် (ကြံ့ခိုင်ရေး)ပဲနိုင်မှာ စိတ်မဝင်စားလည်း ကြံ့ဖွတ်ပဲနိုင်မှာ ဘာမှမထူးဘူး။ ဒါပေမယ့် စစ်မှုထမ်းကိစ္စကကျ ဘာထူးမလဲဆိုတာကို စောင့်ကြည့်နေမှ ဘာလုပ်ရမှာလဲဆိုတာကို သိမှာ ” လို့ ဓနုဖြူမြို့နဲ့ သိပ်မဝေးတဲ့ ကျေးရွာတခုမှာ လူမှုကူညီရေး ဆောင်ရွက်နေသူ တဦးကဆိုပါတယ်။
စစ်မှုထမ်းကိစ္စဟာ သူတို့လို ပရဟိတ လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့သူတွေကိုပါ လုပ်ကိုင်ရ ခက်လာစေပြီး ပေါ်တာဆွဲတဲ့ ကိစ္စတွေကြောင့် ညဘက်သွားလာဖို့ လိုအပ်တဲ့ ကူညီကယ်ဆယ်ရေး ကိစ္စတွေကိုပါ ခက်ခဲလာစေတယ်လို့ သူက ပြောပါတယ်။
“ အခုက ရှောင်လို့ရတဲ့ လူငယ်တွေက ရှောင်သွားကြပြီ။ တချို့ကျလည်း အလုပ်သွားလုပ်ကြတာပေါ့ စစ်မှုထမ်း ထောက်ပံ့ကြေးက လူရှိရှိ မရှိရှိ ပေးနေရတာကိုး ဒီတော့ အဖွဲ့ကလူနည်းသွားတယ် ” လို့ သူကရှင်းပြပါတယ်။
ဓနုဖြူမြို့နယ်ဟာ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲ အပိုင်း (၃) မှာပါဝင်မယ့် မြို့နယ်တခုဖြစ်ပြီး ကြံ့ခိုင်ရေးပါတီနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) တို့ နှစ်ခုသာ အင်တိုက်အားတိုက် မဲဆွယ်မှုတွေ ပြုလုပ်နေကြတာ တွေ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒါပေမယ့် ဒီပါတီနှစ်ခုစလုံးက စစ်မှုထမ်း ဥပဒေကို ထောက်ခံကြတဲ့ ပါတီတွေဖြစ်ပြီး မဲဆွယ်စည်းရုံးမှု တွေမှာလည်း ဒီကိစ္စနဲ့ပတ်သက်လို့ ပြောဆိုတာတွေ မရှိဘူးလို့ ဆိုကြပါတယ်။
“ကြံ့ခိုင်ရေးက လူတွေ မဲလာဆွယ်လို့ အဲ့ဒီကိစ္စ မေးကြည့်သေးတယ်။ စစ်မှုထမ်း ထောက်ပံ့ကြေး ကောက်နေတာတွေ ရပ်အောင် ဒါမှမဟုတ် လျော့အောင် လုပ်ပေးမလားပေါ့။ သူတို့က ဒီလိုထောက်ပံ့နေရတာကို ဒါကိုဂုဏ်ယူစရာလို ပြောသွားတယ်”လို့ ဓနုဖြူမြို့နားက ကျေးရွာတခုမှာ နေထိုင်တဲ့ မပွင့် (အမည်လွဲ)ကပြောပါတယ်။
သူတို့မိသားစုမှာ စစ်မှုထမ်းအသက်အရွယ် အမျိုးသား ၂ ဦးရှိပြီး ယခင်က ၂ ဦးကို ငွေကျပ် ၅ သောင်း စစ်မှုထမ်းထောက်ပံ့ကြေးပေးရပြီး ယခုအချိန်မှာတော့ တဦးကို ငွေကျပ် ၁ သိန်း ၅ သောင်းနူန်းနဲ့ တလကို ၃ သိန်း ပေးဆောင်နေရတယ်လို့ ဆိုပါတယ်။
ဒါအပြင် ယခင်က စစ်မှုထမ်းထောက်ပံ့ကြေးဆိုတာဟာ စစ်မှုထမ်းဖို့အတွက် အစားထိုးလူလွှတ်တဲ့အခါ အသုံးပြုဖို့လို့ ဆိုရာကနေ ယခုအချိန်မှာတော့ ငွေပေးထားရင်လည်း အချိန်မရွေး စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရနိုင်တဲ့ အခြေအနေ ဖြစ်လာနေတယ်လို့ မပွင့်ကပြောပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အပိုင်း (၃)မှာ ဧရာဝတီတိုင်းက ရေကြည်၊ ငပုတော၊ ဒေးဒရဲ၊ ညောင်တုန်း၊ ဓနုဖြူ၊ အင်္ဂပူ၊ မော်လမြိုင်ကျွန်း၊ ဇလွန်၊ လေးမျက်မှာ စတဲ့မြို့နယ် ၉ မြို့နယ်ပါဝင်မှာ ဖြစ်ပါတယ်။