ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကနေ အမေရိကန် တရားဝင် နုတ်ထွက်

WHO ဘက်ကတော့ အဆိုပါ စွပ်စွဲချက်တွေကို ပယ်ချလိုက်ပြီး အခုလို နုတ်ထွက်မှုဟာ အမေရိကန်အတွက်ရော ကမ္ဘာကြီးအတွက်ပါ ဆုံးရှုံးမှုတခုဖြစ်တယ်လို့ ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ်က ဆိုပါတယ်။

၂၃၊ ဇန်နဝါရီ။

အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကနေ တရားဝင် နုတ်ထွက်လိုက်ပြီ ဖြစ်တာကြောင့် ကုလသမဂ္ဂရဲ့ အေဂျင်စီဟာ သူတို့ရဲ့ အကြီးမားဆုံး အလှူရှင်နိုင်ငံ တနိုင်ငံကို ဆုံးရှုံးလိုက်ရပြီ ဖြစ်ပါတယ်။

ကိုဗစ်ကပ်ရောဂါ ကာလအတွင်းမှာ အဆိုပါ အဖွဲ့အစည်းဟာ တရုတ်ဘက်ကို အရမ်းယိမ်းလွန်းတယ်လို့ ဝေဖန်ခဲ့ပြီးနောက် လွန်ခဲ့တဲ့ တနှစ်ကတည်းက သမ္မတ ဒေါ်နယ်ထရမ့်ဟာ နုတ်ထွက်ဖို့အတွက် အမိန့်စာမှာ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ ကပ်ရောဂါကို ကိုင်တွယ်ပုံ မှားယွင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်၊ အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲနိုင်စွမ်း မရှိတာနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံရေး သြဇာလွှမ်းမိုးမှုတွေကြောင့် အခုလို နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ အမေရိကန် ကျန်းမာရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

WHO ဘက်ကတော့ အဆိုပါ စွပ်စွဲချက်တွေကို ပယ်ချလိုက်ပြီး အခုလို နုတ်ထွက်မှုဟာ အမေရိကန်အတွက်ရော ကမ္ဘာကြီးအတွက်ပါ ဆုံးရှုံးမှုတခုဖြစ်တယ်လို့ ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ်က ဆိုပါတယ်။

အဖွဲ့အစည်းအနေနဲ့ ပိုလီယို၊ အိတ်ချ်အိုင်ဗွီ အေအိုင်ဒီအက်စ်၊ မိခင်သေဆုံးမှု လျှော့ချရေးနဲ့ နိုင်ငံတကာ ဆေးလိပ်နဲ့ဆေးရွက်ကြီး ထိန်းချုပ်ရေး သဘောတူညီချက်တွေမှာ သူတို့ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ထောက်ပြခဲ့ပါတယ်။

ကပ်ရောဂါအပြီးမှာတော့ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ ကပ်ရောဂါတွေကို ကာကွယ်ဖို့၊ ပြင်ဆင်ဖို့နဲ့ တုံ့ပြန်ဖို့အတွက် ကာကွယ်ဆေးနဲ့ ဆေးဝါးတွေကို ပိုပြီး မျှမျှတတ ခွဲဝေနိုင်မယ့် နိုင်ငံတကာ ကပ်ရောဂါဆိုင်ရာ သဘောတူညီချက်တခုကို အဖွဲ့ဝင်နိုင်ငံတွေကပူးပေါင်းရေးဆွဲခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီလမှာ အဆိုပါ သဘောတူညီချက်ကို အမေရိကန်ကလွဲလို့ ကျန်တဲ့ WHO အဖွဲ့ဝင်နိုင်ငံအားလုံးက သဘောတူခဲ့ကြပါတယ်။

ဝါရှင်တန်ဟာ ပုံမှန်အားဖြင့် WHO ရဲ့ အကြီးမားဆုံး အလှူရှင် ဖြစ်ခဲ့ပေမဲ့ ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်တွေအတွက် ပေးသွင်းရမယ့် အလှူငွေကြေးတွေကို မပေးဘဲ ထားခဲ့တာကြောင့် အဖွဲ့အစည်းအတွင်းမှာ အကြီးအကျယ် ဝန်ထမ်းလျှော့ချမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အမေရိကန်အနေနဲ့ ပေးသွင်းဖို့ ကျန်နေတဲ့ ဒေါ်လာ ၂၆၀ သန်း (ပေါင် ၁၉၃ သန်းခန့်) ကို ပေးဆောင်ဖို့ တာဝန်ရှိတယ်လို့ WHO ရှေ့နေတွေက ပြောပေမဲ့ ဝါရှင်တန်ကတော့ ပေးဆောင်စရာ အကြောင်းမရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

အမေရိကန်အစိုးရရဲ့ WHO ကို ထောက်ပံ့နေတဲ့ ရန်ပုံငွေအားလုံးကို ရပ်စဲလိုက်ပြီဖြစ်သလို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့က WHO ဌာနချုပ်နဲ့ ကမ္ဘာတဝန်းက ရုံးတွေမှာရှိတဲ့ အမေရိကန် ဝန်ထမ်းတွေနဲ့ ကန်ထရိုက်တာတွေကိုလည်း ပြန်ခေါ်လိုက်ပြီ ဖြစ်ပါတယ်။ဒါ့အပြင် WHO နဲ့ ပတ်သက်တဲ့ လုပ်ငန်းပေါင်း ရာနဲ့ချီကိုလည်း ရပ်ဆိုင်းလိုက်ပြီလို့ ဆိုပါတယ်။

“အမေရိကန်က ကူညီခဲ့သမျှ အရာအားလုံးကို WHO က အဖတ်မတင်အောင် လုပ်ခဲ့ပြီး အလဟဿ ဖြစ်စေခဲ့ပါတယ်” လို့ အမေရိကန် ကျန်းမာရေးဝန်ကြီး ရောဘတ် အက်ဖ် ကနေဒီနဲ့ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုတို့ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

WHO ဟာ သူတို့ရဲ့ အဓိက တာဝန်ဝတ္တရားတွေကို ပစ်ထားသလို အမေရိကန်ရဲ့ အကျိုးစီးပွားကိုလည်း အကြိမ်ကြိမ် ဆန့်ကျင်ခဲ့တယ်လို့ သူတို့က ဆိုပါတယ်။ ဂျီနီဗာဌာနချုပ်မှာရှိတဲ့ အမေရိကန် အလံကို ပြန်မပေးတာမျိုးတွေတောင် ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“ရှေ့လျှောက်မှာတော့ WHO နဲ့ ဆက်ဆံရေးဟာ ကျွန်တော်တို့ရဲ့ နုတ်ထွက်မှု အထမြောက်ဖို့နဲ့ အမေရိကန်ပြည်သူတွေရဲ့ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံမှုကို ကာကွယ်ဖို့အတွက်ပဲ အကန့်အသတ်နဲ့ လုပ်ဆောင်သွားမှာပါ” လို့ သူတို့က ဆက်ပြောပါတယ်။

ရောဂါစောင့်ကြည့်ရေးနဲ့ ရောဂါပိုးမွှားဆိုင်ရာ အချက်အလက် ဖလှယ်မှုတွေအတွက် တခြားနိုင်ငံတွေနဲ့ နှစ်ဦးနှစ်ဘက် ဆက်ဆံရေးတွေ ထူထောင်သွားမယ်လို့ အမေရိကန် ဝန်ကြီးဌာနက ပြောပေမဲ့ အခုထိတော့ ဘယ်နိုင်ငံတွေနဲ့ ချိတ်ဆက်ထားသလဲဆိုတာကို အသေးစိတ် မပြောနိုင်သေးပါဘူး။

ပိုလီယိုနဲ့ အိတ်ချ်အိုင်ဗွီ တိုက်ဖျက်ရေး ကြိုးပမ်းမှုတွေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGO) တွေ၊ ဘာသာရေးအခြေပြု အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ တာဝန်ရှိသူတွေက ဖြေကြားခဲ့ပေမဲ့ ဘယ်အဖွဲ့တွေနဲ့ ပူးပေါင်းမယ်ဆိုတာကိုတော့ တိတိကျကျ မပြောနိုင်သေးပါဘူး။

နှစ်စဉ် ကမ္ဘာလုံးဆိုင်ရာ တုပ်ကွေးကာကွယ်ဆေး ထုတ်လုပ်ဖို့အတွက် အချက်အလက် ဖလှယ်တာတွေမှာ ဆက်လက်ပါဝင်မှာလားလို့ မေးတဲ့အခါမှာတော့ တာဝန်ရှိသူတွေက သေချာမသိဘူးလို့ ဆိုပါတယ်။

ထရမ့်က သူ့ရဲ့ ဒုတိယသက်တမ်း အစမှာ နုတ်ထွက်ဖို့ လက်မှတ်ထိုးပြီးတဲ့နောက် အမေရိကန်အနေနဲ့ ပြန်လည်စဉ်းစားပေးဖို့မျှော်လင့်တယ်လို့ WHO က ရေးသားခဲ့ပါတယ်။

“WHO နဲ့ အမေရိကန်တို့ဟာ မရေတွက်နိုင်တဲ့ အသက်ပေါင်းများစွာကို ကယ်တင်ခဲ့ကြသလို အမေရိကန်ပြည်သူတွေနဲ့ ကမ္ဘာသူကမ္ဘာသားတွေကို ကျန်းမာရေး ခြိမ်းခြောက်မှုတွေကနေ ကာကွယ်ပေးခဲ့ကြတာပါ”လို့ ဆိုပါတယ်။

အမေရိကန်ဘက်က ပြန်လည်စဉ်းစားပေးတာဟာ “ကမ္ဘာတဝန်းက သန်းပေါင်းများစွာသော လူတွေရဲ့ ကျန်းမာရေးနဲ့သာယာဝပြောရေးအတွက် အကျိုးရှိစေမှာပါ” လို့ အဆုံးသတ် ဖော်ပြထားပါတယ်။