
မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ အပြာရောင် ဦးထုပ်ကလေးဆောင်းပြီး စပိုင်ဒါမင်း ကျောပိုးအိတ်ကလေး လွယ်ထားတဲ့ လီယမ်ဟာ အင်္ဂါနေ့က မူကြိုကျောင်းကနေ ပြန်လာတဲ့အချိန်မှာ မျက်နှာဖုံးစွပ် အရာရှိတွေက သူ့ရဲ့ဖခင်ကို အိမ်ရှေ့ကနေဖမ်းဆီးသွားတာကို ကြည့်နေခဲ့ရပါတယ်။
၂၃၊ ဇန်နဝါရီ။
အမေရိကန်ပြည်ထောင်စု ၊ မင်နီဆိုတာပြည်နယ်၊ မင်နီယာပိုလစ်မြို့ ဆင်ခြေဖုံးရပ်ကွက်ဖြစ်တဲ့ ကိုလံဘီယာ ဟိုက်စ်က ငါးနှစ်အရွယ် ကလေးတဦးအပါအဝင်အနည်းဆုံး ကလေး လေးဦးကို အမေရိကန် လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
အဲဒီအထဲမှာ အသက် ၁၇ နှစ်အရွယ် နှစ်ဦးနဲ့ ၁၀ နှစ်အရွယ် တဦးအပြင် အသက် ငါးနှစ်အရွယ် လီယမ် ကိုနီဟို ရာမို့စ်လည်း ပါပါတယ်။
အီကွေဒေါဇာတိဖြစ်တဲ့ လီယမ်နဲ့ သူ့ရဲ့ဖခင် အက်ဒရီယန် အလက်ဇန္ဒားဟာတို့ဟာ အမေရိကန်မှာ တရားဝင် ခိုလှုံခွင့်လျှောက်ထားသူတွေ ဖြစ်တယ်လို့ မိသားစုကို ကိုယ်စားပြုတဲ့ ရှေ့နေ မာ့ခ်ပရိုကို့ရှ်က ပြောပါတယ်။
ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနကတော့ သူတို့ဟာ နိုင်ငံအတွင်း တရားမဝင် နေထိုင်နေတာလို့ ပြောဆိုပေမဲ့ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။
သူတို့ကို လွှတ်ပေးဖို့အတွက် ရှေ့နေက ကြိုးပမ်းနေပြီး လက်ရှိမှာတော့ တက္ကဆက်ပြည်နယ်၊ ဒီလီမြို့မှာရှိတဲ့ မိသားစုထိန်းသိမ်းရေးစခန်းတခုဆီကို ခေါ်ဆောင်သွားခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။
မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ အပြာရောင် ဦးထုပ်ကလေးဆောင်းပြီး စပိုင်ဒါမင်း ကျောပိုးအိတ်ကလေး လွယ်ထားတဲ့ လီယမ်ဟာ အင်္ဂါနေ့က မူကြိုကျောင်းကနေ ပြန်လာတဲ့အချိန်မှာ မျက်နှာဖုံးစွပ် အရာရှိတွေက သူ့ရဲ့ဖခင်ကို အိမ်ရှေ့ကနေဖမ်းဆီးသွားတာကို ကြည့်နေခဲ့ရပါတယ်။
အဲဒီနောက်မှာ အရာရှိတွေက ကောင်လေးရဲ့ မိခင်ကို အိမ်ထဲကနေ ထွက်လာအောင် ကောင်လေးကို အသုံးချ ကြိုးစားခဲ့တယ်လို့မျက်မြင်သက်သေ နှစ်ဦးက ဆိုပါတယ်။
ကြာသပတေးနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒုသမ္မတ ဗန့်စ်က ပြောကြားရာမှာတော့ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေဟာ လီယမ်ရဲ့ဖခင်ကို လိုက်လံဖမ်းဆီးစဉ် ဖခင်ဖြစ်သူက ထွက်ပြေးသွားတာကြောင့် ပစ်ထားခဲ့တဲ့ ကလေးကို အရာရှိတွေဘက်က မတတ်သာဘဲ ခေါ်ဆောင်သွားခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“အရာရှိတွေက ဘာလုပ်ရမှာလဲ။ ငါးနှစ်အရွယ် ကလေးကို အအေးမိပြီး သေအောင် ပစ်ထားခဲ့ရမှာလား။ တရားမဝင် ဝင်ရောက်လာသူကိုရော မဖမ်းရတော့ဘူးလား” လို့ ဗန့်စ်က ICE ကို ထောက်ခံကြောင်း ပြသဖို့ မင်နီယာပိုလစ်ဆီ သွားရောက်တဲ့ခရီးစဉ်အတွင်း မေးခွန်းထုတ်ခဲ့ပါတယ်။
ဒါပေမဲ့ ကိုလံဘီယာ ဟိုက်စ် ကျောင်းဘုတ်အဖွဲ့ ဥက္ကဋ္ဌ မေရီဂရန်လန်းအပါအဝင် မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရတော့ ကျောင်းတာဝန်ရှိသူတွေ၊ အိမ်မှာရှိတဲ့ လူကြီးတဦးနဲ့ အိမ်နီးနားချင်းတွေက ကလေးကို စောင့်ရှောက်ထားပေးဖို့ ပြောဆိုခဲ့ပေမဲ့ ICE အရာရှိတွေက ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။
မိဘတွေ မရှိတဲ့အချိန်မှာ ကလေးကို စောင့်ရှောက်ဖို့ ကျောင်းတာဝန်ရှိသူတွေမှာ အခွင့်အာဏာရှိတယ်လို့လည်း ဂရန်လန်းက ဆိုပါတယ်။
“ကျွန်မတို့ လူ့အဖွဲ့အစည်းနဲ့ ကျောင်းတွေပတ်ဝန်းကျင်မှာ လုံခြုံမှုမရှိတော့ဘူးလို့ ခံစားနေရသလို ကျွန်မတို့လည်း ရင်ကွဲမတတ်ခံစားရပါတယ်။ တကယ်တော့ ကလေးတွေဟာ သူတို့ သူငယ်ချင်းတွေနဲ့အတူ ကျောင်းမှာပဲ ရှိနေသင့်တာပါ” လို့ ဂရန်လန်းကပြောပါတယ်။
အရာရှိတွေဟာ ကလေးကို အနက်ရောင် SUV ကားရဲ့ နောက်ခန်းထဲ ထည့်ပြီး မောင်းထွက်သွားခဲ့တယ်လို့ အဆိုပါ ဖြစ်စဉ်ကိုကိုယ်တိုင်မြင်တွေ့ခဲ့တဲ့ ကိုလံဘီယာ ဟိုက်စ် မြို့တော်ကောင်စီဝင် ရေချယ်ဂျိမ်းစ်က ဆိုပါတယ်။
“လီယမ် ဘာတွေတွေးနေမလဲဆိုတာ ကျွန်မ မခန့်မှန်းနိုင်ပေမဲ့ သူ့မျက်နှာပေါ်က ခံစားချက်ကိုတော့ ကျွန်မ ပြောနိုင်ပါတယ်။ သူဟာ တုန်လှုပ်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေရှာပါတယ်။ သူ ငိုမနေပေမဲ့ တကယ့်ကို ကြောက်လန့်နေတဲ့ပုံမျိုးပါ” လို့ ဂျိမ်းစ်က ကြာသပတေးနေ့မှာ ရိုက်တာကို ပြောပါတယ်။
ကိုလံဘီယာ ဟိုက်စ် ပြည်သူ့ကျောင်းခရိုင် အုပ်ချုပ်ရေးမှူး ဇီးနား စတန်းဗစ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားရာမှာတော့ လက်နက်ကိုင်ဆောင်ထားပြီး မျက်နှာဖုံးစွပ်ထားတဲ့ ICE အရာရှိတွေဟာ အခုသီတင်းပတ်အတွင်း ကျောင်းသားလေးဦးကိုဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
“ICE အရာရှိတွေဟာ ကျွန်မတို့ ရပ်ကွက်တွေထဲမှာ လှည့်လည်သွားလာနေသလို ကျောင်းတွေနားမှာ ပတ်နေတာ၊ ကျောင်းကားတွေနောက်ကို လိုက်တာနဲ့ ကျောင်းဝင်းထဲက ကားပါကင်တွေထဲအထိ အကြိမ်ကြိမ်ဝင်ပြီး ကျွန်မတို့ ကလေးတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာတွေ လုပ်နေကြပါတယ်” လို့ စတန်းဗစ်က ပြောပါတယ်။
“ကျွန်မတို့ လူ့အဖွဲ့အစည်းအတွင်းမှာ အခုလို ICE ရဲ့ လှုပ်ရှားမှုတွေ တရကြမ်းဖြစ်နေတာဟာ စိတ်ဒဏ်ရာတွေ ရစေသလိုကလေးတွေအပေါ်မှာလည်း အဆိုးဝါးဆုံး သက်ရောက်မှုတွေ ရှိနေပါတယ်” လို့ သူက ဆက်ပြောပါတယ်။
အခုလို ဖမ်းဆီးမှုတွေဟာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လူဝင်မှုကြီးကြပ်ရေး တင်းတင်းကျပ်ကျပ် ကိုင်တွယ်တဲ့ အစီအစဉ်ရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။ မင်နီယာပိုလစ်ဒေသမှာ ဖက်ဒရယ် ဥပဒေစိုးမိုးရေး အရာရှိပေါင်း ၃,၀၀၀ ခန့်ကို ဖြန့်ကျက်ထားပါတယ်။
ဇန်နဝါရီ ၇ ရက်နေ့က ကလေးသုံးဦးရဲ့ မိခင်ဖြစ်တဲ့ အမေရိကန်နိုင်ငံသား အသက် ၃၇ နှစ်အရွယ် ရီနေးဂွတ်ဒ်ကို လူဝင်မှုကြီးကြပ်ရေးအရာရှိတဦးက ပစ်သတ်ခဲ့ပြီးတဲ့နောက်ပိုင်း အဲဒီဒေသမှာ လူတွေဟာ စိုးရိမ်ထိတ်လန့်နေကြတာပါ။
လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားတဲ့ ဖက်ဒရယ်အရာရှိတွေဟာ အန္တရာယ်ရှိတဲ့ ရာဇဝတ်သားတွေနဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်သူတွေကို လိုက်လံဖမ်းဆီးနေတာလို့ အစိုးရဘက်က ဆိုပါတယ်။
တဘက်မှာလည်း ဒီလိုလုပ်ရပ်တွေကို ကန့်ကွက်သူတွေကတော့ ကိုယ်ပိုင်ကင်းလှည့်အဖွဲ့တွေဖွဲ့ပြီး ICE ဝင်ဖမ်းတော့မယ့်အရေးကို လူတွေကို သတိပေးတာတွေ လုပ်ဆောင်နေကြသလို ထရမ့်ရဲ့ လုပ်ရပ်တွေအပေါ်မှာလည်း မကျေနပ်ကြောင်း ထုတ်ဖော်နေကြပါတယ်။
Ref – Reuters