မတ်ပဲပေါ်ချိန် ပဲဈေးတက်လာနေ

ပဲက အဝယ်ပြန်လိုက်လာပေမယ့် အထွက်နည်းနေသေးတယ်။ ပေါ်ကာစလည်း ဖြစ်တာကိုး။ ဆိုတော့ ဈေးကွက်အနေအထားအရ ရောင်းလိုအားနည်းပြီး ဝယ်လိုအားများလို့ ဈေးတက်လာတာလို့ ပြောလို့ရနိုင်ပါတယ် ”

၂၂၊ ဇန်နဝါရီလ။

ဧရာဝတီတိုင်းအတွင်းမှာ အချို့သောနေရာတွေမှာ မတ်ပဲပေါ်နေကြပြီဖြစ်သလို ဒီကနေ့ ဟင်္သာတပေါက်ဈေးဟာ တတင်းကို ငွေကျပ် ၉ သောင်းကျော်ထိ ရှိလာနေပါတယ်။

“ စောကြဲတဲ့ အခင်းတွေက အခုချိန်ထွက်ပြီ။ မိုးစောင့်ပြီးကြဲတဲ့ နောက်ကျခင်းတွေကတော့ မထွက်သေးဘူး။ ဈေးတက်လာတာက ကိုယ်တွေမျှော်လင့်တဲ့အထိတော့ မဟုတ်ပေမယ့် မတက်လာတာ ထက်စာရင်တော့ ပိုကောင်းတာပေါ့ ” လို့ ဇလွန်မြို့နယ်က လယ်သမားတဦးဖြစ်သူ ဦးတိုးကြီးက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းက တက်ရိပ်ရှိနေခဲ့ပြီး ကြားထဲမှာ တရုတ်ရော၊ အိန္ဒိယ ဝယ်လက်တွေပါ အေးသွားတာကြောင့် ဈေးအနည်းငယ်တန့်နေခဲ့ပြီး ဒီရက်ပိုင်းအတွင်း ဈေးပြန်တက်လာတာဖြစ်တယ်လို့ ဟင်္သာတမြို့ပေါ်မှာ နေထိုင်တဲ့ ပဲ ကုန်သည်တဦးက ရှင်းပြပါတယ်။

“ဒီနှစ်က ရာသီဥတု အခြေအနေအရရော သွင်းအားစုတွေ ဈေးတက်တာရောနဲ့ တော်ရုံငွေမလိုက်နိုင်တဲ့သူတွေ ပဲထွက်နည်းနိုင်တယ်။ ဒါကကျွန်တော်တို့ ပွဲစား(ကုန်သည်)တွေ တွက်ထားတာပေါ့လေ။ လက်ရှိမှာလည်း ပဲက အဝယ်ပြန်လိုက်လာပေမယ့် အထွက်နည်းနေသေးတယ်။ ပေါ်ကာစလည်း ဖြစ်တာကိုး။ ဆိုတော့ ဈေးကွက်အနေအထားအရ ရောင်းလိုအားနည်းပြီး ဝယ်လိုအားများလို့ ဈေးတက်လာတာလို့ ပြောလို့ရနိုင်ပါတယ် ” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းက နယ်မတ်ပဲဈေးတွေ တတင်းကို ငွေကျပ် ၉ သောင်းနီးပါးဈေးတက်လာချိန်က နိုင်ငံတကြာငွေကြေးဈေးကွက်မှာ မြန်မာငွေဈေးက ကျဆင်းသွားတာကြောင့် ဈေးတက်လာသ လိုဖြစ်ခဲ့ပေမယ့် ယခုအချိန်မှာတော့ အမှန်တကယ် ဝယ်လိုအားကြောင့် ဈေးတက်လာတာဖြစ်တယ်လို့  မြောင်းမြမြို့မှာနေထိုင်တဲ့ ပဲကုန်သည်တဦးကလည်း မှတ်ချက်ပြုပါတယ်။

ပြီးခဲ့တဲ့ မိုးရာသီမှာ မိုးနှောင်းကာလ ရှည်လျားခဲ့တာကြောင့် ပဲကြဲမယ့် တောင်သူလယ်သမားတွေဟာ မိုးစောင့်ရင်း နိုဝင်ဘာလကုန်ပိုင်းမှ စိုက်ပျိုးနိုင်ခဲ့သူတွေ ရှိပါတယ်။

စောပြီးပဲကြဲထားသူတွေဟာလည်း မိုးကြောင့် ဆုံးရှုံးမှုတချို့ရှိခဲ့ပြီး နောက်ကျမှ စိုက်ပျိုးရတဲ့ ပဲစိုက်ခင်းတွေ အနေနဲ့လည်း ပဲထွက်နူန်း လျော့ကျနိုင်တယ်ဆိုတဲ့ ခန့်မှန်းတွက်ချက်မှုတွေလည်း ရှိနေပါတယ်။