မြန်မာ-ရုရှား ရက် ၃၀ ဗီဇာကင်းလွတ်ခွင့် ဇန်နဝါရီ ၂၇ မှာ စတင်မယ်

အဲဒီ သဘောတူညီချက်အရ ရုရှားနိုင်ငံသားတွေဟာ အခြေချနေထိုင်တာ၊ ပညာသင်ကြားတာနဲ့ အလုပ်အကိုင် ကိစ္စတွေကလွဲလို့တခြားကာလတို ခရီးစဉ်တွေအတွက် မြန်မာနိုင်ငံထဲကို ဗီဇာမလိုဘဲ ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။

၂၁၊ ဇန်နဝါရီ။

မြန်မာနဲ့ ရုရှားနိုင်ငံကြား ရက်ပေါင်း ၃၀ အထိ နေထိုင်ခွင့်ရမယ့် ဗီဇာကင်းလွတ်ခွင့် အစီအစဉ်ကို လာမယ့် ဇန်နဝါရီလ ၂၇ ရက်နေ့မှာ စတင်တော့မယ်လို့ ရုရှားအစိုးရက ကြေညာလိုက်ပါတယ်။

ဇန်နဝါရီ ၂၇ ရက်ကစပြီး နှစ်နိုင်ငံစလုံးက သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေဟာ ဗီဇာမလိုဘဲ မြန်မာနဲ့ ရုရှားနိုင်ငံတွေကြား ခရီးသွားလာနိုင်တော့မှာ ဖြစ်ပါတယ်။

အဆိုပါ ဆုံးဖြတ်ချက်ဟာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်နေ့က ရုရှားနိုင်ငံ၊ မင့်စ်မြို့မှာ လက်မှတ်ရေးထိုးခဲ့တဲ့ နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်အရ ထွက်ပေါ်လာတာပါ။

အဲဒီ သဘောတူညီချက်အရ ရုရှားနိုင်ငံသားတွေဟာ အခြေချနေထိုင်တာ၊ ပညာသင်ကြားတာနဲ့ အလုပ်အကိုင် ကိစ္စတွေကလွဲလို့တခြားကာလတို ခရီးစဉ်တွေအတွက် မြန်မာနိုင်ငံထဲကို ဗီဇာမလိုဘဲ ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။

အလားတူပဲ သာမန်နိုင်ငံကူးလက်မှတ်ကိုင်ထားတဲ့ မြန်မာနိုင်ငံသားတွေဟာလည်း ရုရှားနိုင်ငံမှာ ရက်ပေါင်း ၃၀ အထိ ဗီဇာမလိုဘဲ နေထိုင်ခွင့်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အခုအစီအစဉ်အရ ဗီဇာကင်းလွတ်ခွင့်နဲ့ နေထိုင်မှုဟာ တနှစ်အတွင်းမှာ စုစုပေါင်း ရက်ပေါင်း ၉၀ ထက် မကျော်လွန်ရဘူးလို့လည်း သိရပါတယ်။