
“အာဆီယံအနေနဲ့ လေ့လာသူတွေ စေလွှတ်မှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ ပြောပြီးသားပါ။ အဲဒီလိုပဲ ဒီရွေးကောက်ပွဲရလဒ်ကိုလည်း ကျွန်တော်တို့ အသိအမှတ်ပြုမှာ မဟုတ်ပါဘူး” လို့ မလေးရှားနဲ့ အာဆီယံရဲ့ ရပ်တည်ချက်နဲ့ ပတ်သတ်ပြီး လွှတ်တော်အမတ်တဦးရဲ့ မေးမြန်းမှုကို သူက ပြန်လည်ဖြေကြားခဲ့တာပါ။
၂၀၊ ဇန်နဝါရီ။
အဖွဲ့ဝင် ၁၁ နိုင်ငံပါဝင်တဲ့ အာဆီယံအနေနဲ့ မြန်မာနိုင်ငံမှာ စစ်ကော်မရှင်က အဆင့်သုံးဆင့်နဲ့ ကျင်းပနေတဲ့ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်သူတွေ စေလွှတ်မှာ မဟုတ်သလို ရွေးကောက်ပွဲကိုလည်း အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ပြောလိုက်ပါတယ်။
စစ်ကော်မရှင်က ကျင်းပတဲ့ ရွေးကောက်ပွဲဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက စတင်ခဲ့တာပါ။ ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေအပြင် လူ့အခွင့်အရေးအဖွဲ့တွေကတော့ အဆိုပါ ရွေးကောက်ပွဲဟာ နိုင်ငံရေး လက်ဝေခံတွေကတဆင့် စစ်အုပ်ချုပ်ရေးကိုတရားဝင်ဖြစ်အောင် လုပ်တဲ့ လှည့်ကွက်တခုလို့ ဝေဖန်နေကြပေမဲ့ စစ်အုပ်စုဘက်ကတော့ ဒါကို ငြင်းဆိုထားပါတယ်။
ဇန်နဝါရီလအစောပိုင်းက လုပ်ခဲ့တဲ့ ဒုတိယအဆင့် မဲပေးမှုမှာတော့ မဲလာပေးသူအရေအတွက် နည်းပါးခဲ့ပြီး ပထမအဆင့်မှာယှဉ်ပြိုင်ခဲ့တဲ့ ပြည်သူ့လွှတ်တော် အမတ်နေရာ ၈၈ ရာခိုင်နှုန်းကို အနိုင်ရထားတဲ့ ကြံ့ခိုင်ရေးပါတီကပဲ ရှေ့က ပြေးနေပါတယ်။
မလေးရှားလွှတ်တော်ထဲ ပြောကြားရာမှာ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ၂၀၂၅ ခုနှစ် ကွာလာလမ်ပူ ထိပ်သီးအစည်းအဝေးအတွင်း ရွေးကောက်ပွဲလေ့လာသူတွေ စေလွှတ်ပေးဖို့ မြန်မာဘက်က တောင်းဆိုတာကို အာဆီယံက ပယ်ချခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တချို့အဖွဲ့ဝင်နိုင်ငံတွေကတော့ သူတို့အစီအစဉ်နဲ့သူ စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့ကြတာမျိုး ရှိပါတယ်။
“အာဆီယံအနေနဲ့ လေ့လာသူတွေ စေလွှတ်မှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ ပြောပြီးသားပါ။ အဲဒီလိုပဲ ဒီရွေးကောက်ပွဲရလဒ်ကိုလည်း ကျွန်တော်တို့ အသိအမှတ်ပြုမှာ မဟုတ်ပါဘူး” လို့ မလေးရှားနဲ့ အာဆီယံရဲ့ ရပ်တည်ချက်နဲ့ ပတ်သတ်ပြီး လွှတ်တော်အမတ်တဦးရဲ့ မေးမြန်းမှုကို သူက ပြန်လည်ဖြေကြားခဲ့တာပါ။
မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက ပဋိပက္ခတွေကြောင့် နိုင်ငံအတွင်း အထိနာ ပျက်စီးမှုတွေ ရှိနေတာ ဖြစ်ပါတယ်။
Ref – Reuters