နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်းတွေနဲ့ လူကုန်ကူးမှုတွေကို နှိမ်နင်းဖို့ တရုတ်က ကမ္ဘောဒီးယားကို ဖိအားပေး

“လတ်တလော ကမ္ဘောဒီးယားမှာ တရုတ်နိုင်ငံသားတွေ ပျောက်ဆုံးနေတဲ့ ဖြစ်စဉ်တွေအပေါ် တရုတ်အစိုးရက အထူးအလေးထား စောင့်ကြည့်နေပါတယ်” လို့ သံအမတ်ကြီး ဝမ်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကစနေနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

၁၉၊ ဇန်နဝါရီ။

ကမ္ဘောဒီးယားအခြေစိုက် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် နှိမ်နင်းဖို့ ဖနွမ်းပင်အစိုးရကို တရုတ်ဘက်ကတိုက်တွန်းလိုက်ပါတယ်။

အထူးသဖြင့် ငွေလိမ်ဂိုဏ်းခေါင်းဆောင်လို့ စွပ်စွဲခံထားရသူ ချန်ဇီကို ဖမ်းဆီးပြီး တရုတ်နိုင်ငံဆီ လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက်မှာ အခုလို ဖိအားပေးမှုတွေ ပိုမိုလုပ်ဆောင်လာတာပါ။

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဝမ်ဝင်ပင်းက ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့တွေ့ဆုံရာမှာ အွန်လိုင်းငွေလိမ်မှုတွေ၊ တရားမဝင် ဖမ်းဆီးချုပ်နှောင်မှုတွေနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေဟာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို နှောင့်နှေးစေတဲ့ “ကြီးမားတဲ့ အတားအဆီး” ဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

“လတ်တလော ကမ္ဘောဒီးယားမှာ တရုတ်နိုင်ငံသားတွေ ပျောက်ဆုံးနေတဲ့ ဖြစ်စဉ်တွေအပေါ် တရုတ်အစိုးရက အထူးအလေးထား စောင့်ကြည့်နေပါတယ်” လို့ သံအမတ်ကြီး ဝမ်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကစနေနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အခုလို ရာဇဝတ်မှုတွေ မကြာခဏ ဖြစ်ပွားနေတာဟာ တရုတ်နဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံကြားက ရေရှည်ချစ်ကြည်ရေးကို ထိခိုက်စေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆိုခွန်နဲ့ ပြည်ထဲရေးဝန်ကြီး ဆားဆိုခါတို့ကို သံအမတ်ကြီးက သတိပေးခဲ့တာပါ။

Prince Group ရဲ့ တည်ထောင်သူနဲ့ ဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယား-တရုတ်ကပြား ချန်ဇီကိုတော့ နှစ်နိုင်ငံ ပူးပေါင်းစစ်ဆင်ရေးနဲ့တရုတ်နိုင်ငံဆီ ပြန်လည်ပို့ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။

သူ့ကို ကာစီနိုရုံ တရားမဝင်ဖွင့်လှစ်မှု၊ ငွေလိမ်မှုနဲ့ ရာဇဝတ်မှုကရတဲ့ငွေကြေးတွေကို ဖုံးကွယ်ထားမှု စတဲ့ ပြစ်မှုများစွာနဲ့ စွပ်စွဲထားတာပါ။

သူ့ကို ဖမ်းဆီးနိုင်ဖို့ တရုတ်နဲ့ ကမ္ဘောဒီးယား အာဏာပိုင်တွေ လပေါင်းများစွာ ပူးပေါင်းဆောင်ရွက်ခဲ့ရတာဖြစ်ပြီး ဒါဟာ ဒေသတွင်းက ငွေလိမ်ဂိုဏ်းတွေကို အမြစ်ပြတ်ချေမှုန်းဖို့ ကြိုးပမ်းမှုရဲ့ အစိတ်အပိုင်းတခုလည်း ဖြစ်ပါတယ်။

တရားရုံးမှတ်တမ်းတွေအရ ချန်ဇီရဲ့ လုပ်ငန်းတွေကို စုံစမ်းစစ်ဆေးဖို့အတွက် တရုတ်အစိုးရက ၂၀၂၀ ပြည့်နှစ်ကတည်းကအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တဖွဲ့ကို ဖွဲ့စည်းခဲ့တာပါ။

ချန်ဇီရဲ့ စီးပွားရေးလုပ်ငန်းစုကြီးကို အမေရိကန်နဲ့ စင်ကာပူနိုင်ငံတို့ကလည်း အရေးယူမှုတွေ လုပ်ဆောင်ထားပြီး ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းတာနဲ့ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ထားပါတယ်။

ပြီးခဲ့တဲ့နှစ်က အမေရိကန် အစိုးရရှေ့နေတွေဟာ ချန်ဇီတည်ထောင်ထားတဲ့ Prince Bank နဲ့ ဆက်နွှယ်နေတဲ့ အမေရိကန်ဒေါ်လာ၁၅ ဘီလီယံတန်ဖိုးရှိတဲ့ ဘစ်ကွိုင် (Bitcoin) တွေကို သိမ်းဆည်းခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆိုခွန်နဲ့ ဒုတိယဝန်ကြီးချုပ် ဆွန်ချန်သိုး အပါအဝင် ကမ္ဘောဒီးယား အဆင့်မြင့်အရာရှိကြီးတွေကတော့အဆိုပါ ငွေလိမ်လုပ်ငန်းတွေကို ဆက်လက်တိုက်ဖျက်သွားမယ်လို့ ကတိပြုထားပါတယ်။

“ဒါက ပထမခြေလှမ်းပဲ ရှိပါသေးတယ်။ အွန်လိုင်းငွေလိမ်မှုတွေကို နှိမ်နင်းဖို့ ကမ္ဘောဒီးယားအစိုးရရဲ့ ရပ်တည်ချက်က ခိုင်မာပြီးကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ကလည်း မယိမ်းယိုင်ပါဘူး”လို့ ဒုဝန်ကြီးချုပ် ဆွန်ချန်သိုး က သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

“အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကြောင့် ကမ္ဘောဒီးယားရဲ့ နိုင်ငံဂုဏ်သိက္ခာနဲ့ ပုံရိပ်တွေ ထိခိုက်ခဲ့ရပါတယ်။ ဒါကြောင့် ဒီပြဿနာကို အမြစ်ပြတ်အောင် ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားသွားမှာပါ” လို့ သူက ဆက်ပြောပါတယ်။

ကမ္ဘောဒီးယား ငွေလိမ်မှုတိုက်ဖျက်ရေး ကော်မရှင်ရဲ့ အဆိုအရ ပြီးခဲ့တဲ့ ခြောက်လအတွင်းမှာ ငွေလိမ်ဂိုဏ်းစခန်း ၁၁၈ ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး လူပေါင်း ၅,၀၀၀ ခန့်ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံဟာ မကြာသေးမီနှစ်တွေအတွင်း အွန်လိုင်းငွေလိမ်မှုတွေကို အရှိန်မြှင့်နှိမ်နင်းလာခဲ့ရာမှာ အစပိုင်းက မြန်မာနိုင်ငံမြောက်ပိုင်းက ငွေလိမ်လုပ်ငန်းတွေကို ပစ်မှတ်ထားခဲ့တာပါ။

မြန်မာဘက်က ဂိုဏ်းတွေ ပြိုကွဲသွားတာ ဒါမှမဟုတ် တခြားနေရာ ရွှေ့သွားကြပြီးတဲ့နောက်မှာတော့ အဆိုပါ လုပ်ငန်းတွေထွန်းကားနေတဲ့ ကမ္ဘောဒီးယားဘက်ကို တရုတ်က အာရုံစိုက်လာတာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှက အွန်လိုင်းငွေလိမ်မှုတွေ၊ အလုပ်သမားခေါင်းပုံဖြတ်မှု၊ လူကုန်ကူးမှုနဲ့ တရုတ်နိုင်ငံသားတွေကို ပြန်ပေးဆွဲမှုတွေဟာ ပြီးခဲ့တဲ့နှစ်က တရုတ်မင်းသား ဝမ်ရှင်းကို ထိုင်းနိုင်ငံကတဆင့် မြန်မာပြည်က ငွေလိမ်ဂိုဏ်းစခန်းဆီ လှည့်ဖြားခေါ်ဆောင်သွားခဲ့တဲ့ ဖြစ်စဉ်ကြောင့် တကမ္ဘာလုံးက အထူးသတိထားမိစရာ ကိစ္စဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

Ref – Bangkok Post