
စစ်တပ်ဟာ စနစ်တကျနဲ့ ရည်ရွယ်ချက်ရှိရှိ ဒါတွေကို ကျုးလွန်ခဲ့တယ်လို့ ဆိုပါတယ်။
၁၅၊ ဇန်နဝါရီ။
နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ဇန်နဝါရီလ ၁၂ရက်နေ့က စတင်ကြားနာစစ်ဆေးနေပြီး မြန်မာနိုင်ငံဟာ ကြီးမားတဲ့ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဇန်နဝါရီလ ၁၄ရက်နေ့ ကြားနာပွဲ တတိယနေ့မှာတော့ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာ ကလေးငယ်တွေ ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေကို လူမဆန်စွာ သတ်ဖြတ်ခဲ့တဲ့ အထောက်အထားတွေကို
ဂမ်ဘီယာဘက်က ရှေ့နေတွေက လျှောက်တင်ခဲ့ကြပါတယ်။
မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေကို အရှင်လိုက်မီးရှို့တာ၊ ကိုယ်အင်္ဂါတွေကို ဖြတ်တောက်တာ ၊ ရိုက်နှက်တာ စတဲ့ကျူးလွန်မှုတွေ အပြင် အလောင်းတွေကို သစ်ပင်မှာ ချိတ်ဆွဲတာ ၊ မြစ်ထဲကို မျောတာတွေ ပြုလုပ်ခဲ့တယ်လို့ တင်ပြခဲ့ပါတယ်။
စစ်တပ်ဟာ စနစ်တကျနဲ့ ရည်ရွယ်ချက်ရှိရှိ ဒါတွေကို ကျုးလွန်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီကြားနာပွဲမှာ ဂမ်ဘီယာနိုင်ငံဘက်က တင်သွင်းတဲ့ သက်သေအထောက်အထားတွေအပေါ် မြန်မာဘက်က သက်သေအဖြစ် တန်ဖိုးမရှိဘူးဆိုပြီး အလုံးစုံပယ်ချဖို့ ကြိုးစားခဲ့ပေမဲ့ ဂမ်ဘီယာဘက်ကတော့ မြန်မာနိုင်ငံရဲ့ ဒီလိုငြင်းဆိုချက်တွေဟာ အခြေအမြစ်မရှိတဲ့ ဆင်ခြေတွေသာ ဖြစ်တယ်လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
ဂမ်ဘီယာရဲ့ လျှောက်လဲချက်အရ သူတို့တင်သွင်းထားတဲ့ အချက်အလက်တွေဟာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) နဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) တို့ကနေ စနစ်တကျ ပြုစုထားတဲ့ စာမျက်နှာ ၆၀၀ ကျော်ပါ အစီရင်ခံစာတွေ ဖြစ်သလို ကျူးလွန်ခံရသူတွေနဲ့ သက်သေတွေအပါအဝင် လူပေါင်း ၁,၃၀၀ နီးပါးကို တွေ့ဆုံမေးမြန်းထားတဲ့ ခိုင်လုံတဲ့ အထောက်အထားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဂြိုဟ်တုဓာတ်ပုံတွေ၊ ဗီဒီယိုမှတ်တမ်းတွေနဲ့ မြန်မာစစ်တပ်ရဲ့ ပြည်တွင်း ညွှန်ကြားချက်တွေကိုပါ သက်သေအဖြစ် တင်သွင်းထားတာပါ။
မြန်မာအပေါ် စွဲဆိုထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုအမှုကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ ICJ တရားရုံးမှာ ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နဲ့ အဖွဲ့က ရင်ဆိုင်ဖြေရှင်းနေရတာဖြစ်ပါတယ်။
ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးလည်း အတူတူပါဝင်ပြီးတော့ အမှုကို အနီးကပ် လိုက်ပါဆောင်ရွက်နေသလိုမြန်မာနိုင်ငံအနေနဲ့ ICJ တရားရုံးမှာ ဇန်နဝါရီ ၁၆ ရက်ကနေ ၂၀ ရက်အထိတကြိမ်၊ ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာတကြိမ် စုစုပေါင်းနှစ်ကြိမ်တိုင်တိုင် ပြန်လည်ချေပ လျှောက်လဲခွင့် ရှိနေပါတယ်။