ဧရာ၀တီ – ရန်ကုန် လိုင်းကားခတွေ စျေးတက်

“ကားခစျေးတက်တယ်၊ အရင်လို အိမ်ကို ခဏခဏ မပြန်နိုင်တော့ဘူး။ လမ်းမှာ အစစ်အဆေးတွေလည်း ရှိတော့ ရဲနဲ့ လ၀ကကိုလည်း ပိုက်ဆံပေးရသေးတယ်။ အိမ်တခေါက်ပြန်ဖို့ လမ်းစရိတ်မလွယ်ဘူး”

၁၃၊ ဇန်နဝါရီ။

ဧရာ၀တီတိုင်းဒေသတွင်းမြို့နယ်တွေနဲ့ ဧရာ၀တီ – ရန်ကုန် ပြေးဆွဲနေတဲ့ ကားလိုင်းတွေဟာ ဆီစျေးမတက်ပေမယ့် လက်မှတ်ခတွေ စျေးတင်ရောင်းနေပြီး အရင်ကထက် တဆခွဲလောက် စျေးတက်နေတယ်လို့ ဒေသခံတွေက ပြောကြ ပါတယ်။

“အရင်က ရှစ်ထောင် ၊ တသောင်း၊ အခု တသောင်းခွဲဖြစ်သွားပြီ။ ကားတွေက ကောင်းတာလည်း မဟုတ်ဘူး။ Air con ကားပြောပြီး အေးလည်း မအေးပါဘူး၊ စျေးပဲ တင်နေကြတာ။ ဆီစျေးကလည်း ကျနေတာအခု၊ စျေးချရောင်း လို့ရတယ်” လို့ မော်လမြိုင်ကျွန်းမြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။

မော်လမြိုင်ကျွန်း – ရန်ကုန်၊ ဖျာပုံ – ရန်ကုန်၊ ဖျာပုံ – အမာ စတဲ့ကားလိုင်းတွေ စျေးတင်ရောင်းနေတာလို့ သိရပါ တယ်။ အရင်က မော်လမြိုင်ကျွန်း – ရန်ကုန် ကားလက်မှတ်တစောင်ကို ရှစ်ထောင်ဝန်းကျင်သာ ပေးခဲ့ရာကနေ အခု အခါ ၁၃၀၀၊ ၁၅၀၀၀ ထိရှိနေပြီး ဖျာပုံ – ရန်ကုန်ကားခဟာလည်း အရင်က နှစ်သောင်းဝန်းကျင်ရှိခဲ့ရာကနေ အခု အခါ သုံးသောင်းထိ စျေးတက်သွားတယ်လို့ သိရပါတယ်။

“ကားခစျေးတက်တယ်၊ အရင်လို အိမ်ကို ခဏခဏ မပြန်နိုင်တော့ဘူး။ လမ်းမှာ အစစ်အဆေးတွေလည်း ရှိတော့ ရဲနဲ့ လ၀ကကိုလည်း ပိုက်ဆံပေးရသေးတယ်။ အိမ်တခေါက်ပြန်ဖို့ လမ်းစရိတ်မလွယ်ဘူး” လို့ ရန်ကုန်မှာအလုပ် လုပ်နေတဲ့ ဖျာပုံဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

အလားတူပဲ ဖျာပုံ – အမာ၊ ပုသိမ် – ချောင်းသာ စတဲ့ မြို့နယ်တွင်း ကားခတွေလည်း စျေးတက်နေတယ်လို့ သိရပါ တယ်။ အဲဒီလိုစျေးတက်တာဟာ ဆီစျေးနဲ့ လမ်းစရိတ်အစစ်အဆေးတွေမှာ ပိုက်ဆံပေးရတာကြောင့် ဖြစ်တယ်လို့ ကားသမားတွေက ပြောကြပါတယ်။

စစ်ကော်မရှင်ဟာ ဒေသတွင်း တိုက်ပွဲတွေဖြစ်လာပြီးနောက် ကားလမ်းတလျှောက် စစ်ဆေးရေးဂိတ်တွေ တိုးဖွင့် ကာ ကားသမားတွေ၊ ခရီးသည်တွေဆီကနေ အကြောင်းအမျိုးမျိုးပြ ပိုက်ဆံတောင်းတာတွေ ရှိနေပါတယ်။ ကားသမားတွေအပြင် ခရီးသည်တွေဟာလည်း နိုင်ငံသားစိစစ်ရေးကတ်ပြား မပါတာ၊ ဟောင်းနွမ်းနေတာ၊ ၁၈ နှစ်ပြည့်  မလဲရသေးတာ စတဲ့အကြောင်းပြချက်တွေနဲ့ စစ်ဆေးရေးဂိတ်တွေမှာ ငွေပေးနေကြရပါတယ်။

ခရီးသွားပြည်သူတွေကို နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ စစ်ဆေး၊ ငွေတောင်းနေတာ၊ ကားသမားတွေဆီက ဂိတ်ကြေးတောင်းတာအပြင် ဆိုင်ကယ်၊ ကား၊ ဘေးတွဲ၊ ကုန်တင်ကားတွေကိုလည်း လိုင်စင်အထောက်အထားရှိ၊ မရှိ၊ ဦးထုပ်ဆောင်း၊ မဆောင်း စစ်ဆေးကာ ငွေတောင်းတာတွေ ရှိနေတယ်လို့ ပြောကြပါတယ်။