ရွေးကောက်ပွဲကာလအတွင်း ဧရာ၀တီမှာ တိုက်ပွဲတွေပြင်းလာပြီး စစ်ရှောင်တိုးလာ

“ကိုယ့်ဘက်ကတော့ အသာရတာရှိတယ်၊ ဒီဘက်တိုက်ပွဲတွေမှာ ၊ လေကြောင်းတခုပဲ ကြောက်ရတယ်၊ မြေပြင် မှာတော့ ကိုယ့်ဘက်က သာတယ်၊ စကစဘက်က အရာရှိတွေလည်း ရတာရှိတယ်”

၉၊ ဇန်နဝါရီ။

ဧရာ၀တီတိုင်းအတွင်းက လေးမျက်နှာ၊ ရေကြည်နဲ့ သာပေါင်းမြို့နယ်တို့မှာ စစ်တပ်က အင်အားအလုံး အရင်းနဲ့ စစ်ကြောင်းထိုးတာတွေ ရှိလာတာတာသလို နှစ်ဘက်တိုက်ပွဲတွေလည်း ပြင်းထန်နေတာကြောင့် နေရပ် စွန့်ခွာတိမ်းရှောင်ရသူတွေဟာလည်း တိုးလာနေပါတယ်။

“ပုသိမ်ဘက်က တပ်ရင်းတွေ စစ်ကြောင်းလာထိုးတယ်။ ရွာတွေမှာ အထိုင်ချတယ်၊ မိုင်းတွေထောင်တယ် ဆိုတော့ ရွာသားတွေ မနေရဲကြတော့ဘူး။ တိုက်ပွဲကလည်း ဖြစ်နေပါတယ်၊ သာပေါင်းလေး(ရွာ)ဘက် တောက်လျှောက်ပဲ တိုက်ပွဲတွေဖြစ်နေတာ” လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

ရှေ့တန်းစစ်မျက်နှာတွေမှာ နယ်မြေတွေ လက်လွှတ်နေရတဲ့ စစ်တပ်ဟာ ဧရာ၀တီတိုင်း သာပေါင်းမြို့နယ် သာပေါင်းလေးကျေးရွာနဲ့ အနီးတဝိုက်ကျေးရွာတွေဆီ အင်အားရာချီနဲ့ စစ်ကြောင်းထိုးပြီး နယ်မြေပြန်လည်ရရှိနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပုသိမ် – မုံရွာလမ်းတလျှောက်ရှိ လေးမျက်နှာ၊ ရေကြည်မြို့နယ်တို့ဆီလည်း  စစ်ကူတွေ အင်အားဖြည့်၊ ပို့ပေးနေတာရှိတယ်လို့ သိရပါတယ်။

“စစ်အင်အားကတော့ တောက်လျောက်ပဲဗျ ဖြည့်နေတာ၊ အမတ ၃၄၄ ကိုလည်း ကားတွေနဲ့ စစ်ကူတွေ ပို့နေ တယ်။ ပန်းတောကြီး၊ ချင်းကုန်း၊ ကျားကိုက်ရွာတွေဘက်ကိုလည်း ပို့တယ်” လို့ ငသိုင်းချောင်းမြို့နယ်မှ ဒေသခံ သတင်းရင်းမြစ်တဦးက ပြောပါတယ်။

လက်ရှိမှာ သာပေါင်းမြို့နယ် သာပေါင်း – ရွှေသောင်ယံ လမ်းတလျှောက် သားပေါင်းလေး၊ သဲဖြူ၊ မရမ်းကျင်း ကျေးရွာတဝိုက်၊ လေးမျက်နှာမြို့နယ် ချင်းကုန်း၊ သဲနုကုန်း၊ ငသိုင်းချောင်းမြို့နယ် မြောက်စမ်းရွာအမြောက်တပ် အမတ ၃၄၄ အနီးဝန်းကျင်တို့မှာ တိုက်ပွဲတွေဖြစ်နေတာပါ။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကော်မရှင်တပ်ဘက်က စစ်ကူတွေ အများအပြားပို့နေပေမယ့် အကျအဆုံးတွေ ဆယ်ချီရှိနေပြီး လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတာတွေ ဆက်တိုက်ရှိကြောင်း ဒေသခံတွေက ပြောကြပါ တယ်။

“ကိုယ့်ဘက်ကတော့ အသာရတာရှိတယ်၊ ဒီဘက်တိုက်ပွဲတွေမှာ ၊ လေကြောင်းတခုပဲ ကြောက်ရတယ်၊ မြေပြင် မှာတော့ ကိုယ့်ဘက်က သာတယ်၊ စကစဘက်က အရာရှိတွေလည်း ရတာရှိတယ်” လို့ ဧရာ၀တီတိုင်းအတွင်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ အာရက္ခတပ်တော်(AA)နဲ့ နီးစပ်သူတဦးက ပြောပါ တယ်။

လေးမျက်နှာ၊ သာပေါင်း၊ ရွှေသောင်ယံမြို့နယ်တို့အတွင်း ရွေးကောက်ပွဲမကျင်းပနိုင်တော့တဲ့ နယ်မြေတွေများစွာ ရှိ နေပြီဖြစ်တဲ့ စစ်ကော်မရှင်ဟာ နောက်ထပ်နယ်မြေတွေ ထပ်ပြီးလက်မလွှတ်ရစေဖို့ အင်အားအလုံးအရင်းနဲ့ တန် ပြန်ထိုးစစ်လုပ်နေပေမယ့် နယ်မြေဆုံးရှုံးမှု၊ တပ်သားအင်အားဆုံးရှုံးမှုတွေ ဆက်တိုက်ရှိနေတာဖြစ်ပါတယ်။

အခုတိုက်ပွဲဖြစ်နေတဲ့ သာပေါင်းမြို့နယ်ဟာ ရွေးကောက်ပွဲဒုတိယအသုတ်ထဲ ပါဝင်ပြီး လာမယ့် ဇန်နဝါရီ ၁၁ ရက်နေ့မှာ ကျင်းမှာဖြစ်ကာ လေးမျက်နှာ၊ ရေကြည်မြို့နယ်တို့ကတော့ ရွေးကောက်ပွဲတတိယအသုတ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့ကျင်းပမယ့်ထဲ ပါဝင်ပါတယ်။

ဒေသခံတော်လှန်ရေးတပ်တွေနဲ့ AA အဖွဲ့တို့ဟာ ဧရာ၀တီတိုင်းအတွင်းက လေးမျက်နှာ၊ ရေကြည်မြို့နယ်အတွင်း ရှိ ရိုးမတောင်ခြေတလျှောက်၊ ပုသိမ် -မုံရွာလမ်းတလျှောက်ဒေသတွေ၊ သာပေါင်း – ရွှေသောင်ယံတလျှောက် ဒေသတွေကို၊ ရွှေသောင်ယံကမ်းခြေတေလျှောက်ဒေသတွေကို သိမ်းပိုက်၊ ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးလုပ်ငန်း တွေ လည်ပတ်နေပါတယ်။