
“ကျွမတို့နဲ့ သူငယ်ချင်းဆိုပေမယ့် ခုလိုမျိုး လူသေဆုံးမှုဖြစ်ရတဲ့အထိ ပေါလျော့တာ အတွက်ကတော့ သူလည်း တခုခု လုပ်ပေးဖို့လိုပါတယ်။ ကျွန်မတို့ ရပ်ကွက်ကလူတွေကလည်း စောင့်ကြည့်နေတယ်။ လူမဆန်သလို လုပ်လာရင်တော့ တခုခု လုပ်ကြရမှာပေါ့ ”
၉၊ ဇန်နဝါရီလ။
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ အမှတ် (၅) ရပ်ကွက်က စက်သုံးဆီဆိုင်မီးလောင်မှု နောက်ဆက်တွဲအဖြစ် ဆေးကုသမှု ခံယူနေရသူ ၃ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူဟာ စုစုပေါင်း ၄ ဦးထိရှိလာနေပါတယ်။
သေဆုံးသူတွေထဲက ၁ ဦးဟာ ကြံခင်းမြို့နယ် အပိုင်ထဲကနေ စစ်ရှောင်လာခဲ့သူဖြစ်ပြီး ကျန် ၂ ဦးဟာလည်း ရန်ကုန်ဆေးရုံကြီးမှာ စိုးရိမ်လူနာအဖြစ် ဆေးဆက်လက် ကုသနေရဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့က မတော်တဆဖြစ်ကာ ဆီပေပါတွေ ပွင့်ခဲ့တဲ့အထိ မီးလောင်မှုဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်မှာ ဖြစ်ပွားခဲ့တဲ့ နေ့မှာတင် ၁ ဦးသေဆုံးခဲ့ပြီး ၅ ဦးဟာ စိုးရိမ်ရ အခြေအနေနဲ့ မအူပင်ဆေးရုံကတဆင့် ရန်ကုန် ဆေးရုံကြီးဆီ ပို့ဆောင်ခဲ့ရတာဖြစ်ပါတယ်။
“ ဆုံးသွားတဲ့ မဖြူဖွေးက သူ့ယောက်ကျားနဲ့အတူ ဆီသွားထည့်တာမှာ ဖြစ်တာ။ အခု သူဆုံးသွားတယ် သူ့ယောက်ကျားလည်း အသက်လုနေရတုန်းပဲ။ သမီးလေး နှစ်ယောက်ကျန်ခဲ့တယ်။ သူတို့က စစ်ရှောင်လာကြရင်းနဲ့ ဒီမှာအလုပ်လုပ်နေကြတဲ့သူတွေ ” လို့ မီးလောင်မှုဖြစ်စဉ် အနီးက ဒေသခံ တဦးက ရှင်းပြပါတယ်။
သေဆုံးသူတွေဟာ မီးလောင်မှုဖြစ်တဲ့နေ့မှာ ဦးခင်လှိုင်ပြုံး အသက် (၄၀ ) နှစ်၊ နောက်တနေ့ ဇန်နဝါရီ ၇ ရက်နေ့မှာ ဒေါ်ဖြူဖွေး အသက် (၃၀) နှစ်၊ ကိုအောင်မောင်း အသက် (၅၅) နှစ်၊ ဇန်နဝါရီ ၈ ရက်နေ့မှာ ဆိုင်မန်နေဂျာဖြစ်သူ ဦးဝင်းကိုကို (၅၂) တို့ ဖြစ်ကြပါတယ်။
လက်ရှိ ဆေးရုံမှာ အသက် ၁၇ နှစ်အရွယ် ၁၁ တန်းကျောင်းသား တဦးနဲ့ မဖြူဖွေးရဲ့ အမျိုးသားဖြစ်သူ နှစ်ဦးဟာ စိုးရိမ်ရလူနာတွေအဖြစ် ဆက်လက်ဆေးကုသမှု ပြုလုပ်နေရဆဲဖြစ်ပါတယ်။
“ ဆိုင်မီးလောင်တာကတော့ မတော်တဆဖြစ်တာဆိုပေမယ့် မီးလောင်တော့ ဆိုင်ရှင်တွေက ဆိုင်တံခါးကို ပိတ်လိုက်တယ်လို့ ပြောတယ်။ အဲ့ဒါကြောင့် အထဲကလူတွေ ရုတ်တရက် ပြေးလို့မရ ဖြစ်ကြတယ်ပေါ့။ ကိုယ်တိုင်မြင်တာတော့ မဟုတ်ပေမယ့် အဲ့ဒီလိုသတင်းတွေ ထွက်နေတယ် ” လို့ ဒေသခံဖြစ်သူက ဆက်ပြောပါတယ်။
လက်ရှိမှာတော့ ဆီဆိုင်ပိုင်ရှင်တွေဟာ သေဆုံးသွားသူတွေနဲ့ ပတ်သက်လို့ တစုံတခု ကူညီဆောင်ရွက်ပေးတာ၊ နစ်နာမှုတွေအတွက် တာဝန်ယူပေးတာမျိုးတွေ မရှိသေးသလို ဒီမီးလောင်မှုနဲ့ ပတ်သက်လို့လည်း သက်ဆိုင်ရာက ဘယ်လိုဆောင်ရွက်နေတယ်ဆိုတာကိုလည်း မသိရသေးဘူးလို့ ဆီဆိုင်ပိုင်ရှင်ဖြစ်သူရဲ့ မိတ်ဆွေတဦးက DNA ကိုပြောပါတယ်။
“ကျွမတို့နဲ့ သူငယ်ချင်းဆိုပေမယ့် ခုလိုမျိုး လူသေဆုံးမှုဖြစ်ရတဲ့အထိ ပေါလျော့တာ အတွက်ကတော့ သူလည်း တခုခု လုပ်ပေးဖို့လိုပါတယ်။ ကျွန်မတို့ ရပ်ကွက်ကလူတွေကလည်း စောင့်ကြည့်နေတယ်။ လူမဆန်သလို လုပ်လာရင်တော့ တခုခု လုပ်ကြရမှာပေါ့ ” လို့ ဆိုပါတယ်။
မီးလောင်မှုမှာ ဒဏ်ရာရရှိသူတွေထဲ ပိုင်ရှင်မိသားစုတွေပါ ပါဝင်တယ်လို့ ကနဦးပိုင်းက သတင်းထွက်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပိုင်ရှင်မိသားစုဟာ မီးလောင်ချိန်မှာ ဆိုင်တံခါးကိုပိတ်ပြီး ထွက်ပြေးသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။