အီရန်မှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ အရှိန်မြင့်လာချိန် တနိုင်ငံလုံး အင်တာနက်လိုင်းတွေ ပြတ်တောက် 

 

အမေရိကန်အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားသူများ သတင်းဌာန (HRANA) ရဲ့ ထုတ်ပြန်ချက်အရ ဒီမငြိမ်မသက်မှုတွေအတွင်း ဆန္ဒပြသူ ၃၄ ဦးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ပြီး၊ လူပေါင်း ၂,၂၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရပြီလို့ ဆိုပါတယ်။

၉၊ ဇန်နဝါရီ။

အီရန်နိုင်ငံတဝန်းမှာ စီးပွားရေးအကျပ်အတည်းကနေ အစပျိုးခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာ အခုဆိုရင် ၁၂ ရက်မြောက် ညအထိ တိုင်ခဲ့ပြီဖြစ်ပြီး မြို့တော် တီဟီရန် အပါအဝင် မြို့ကြီးအတော်များများမှာ လူထုလှိုင်းကြီးသဖွယ် အရှိန်အဟုန် ပြင်းထန်လာနေပါတယ်။

လက်ရှိမှာ အခြေအနေတွေဟာ ပိုမိုတင်းမာလာနေပြီး အင်တာနက်စောင့်ကြည့်ရေးအဖွဲ့ NetBlocks ရဲ့ အဆိုအရ အီရန်တနိုင်ငံလုံးမှာ အင်တာနက်လိုင်းတွေ လုံးဝပြတ်တောက်သွားတဲ့ အခြေအနေ ဆိုက်ရောက်နေသလို အီရန်သတင်းဌာန ဝက်ဘ်ဆိုက်အတော်များများလည်း ဝင်ရောက်ကြည့်ရှုလို့ မရတော့ပါဘူး။

အမေရိကန်အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားသူများ သတင်းဌာန (HRANA) ရဲ့ ထုတ်ပြန်ချက်အရ ဒီမငြိမ်မသက်မှုတွေအတွင်း ဆန္ဒပြသူ ၃၄ ဦးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ပြီး၊ လူပေါင်း ၂,၂၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရပြီလို့ ဆိုပါတယ်။

ပြည်ပမှာ ခိုလှုံနေတဲ့ အီရန် ရှားဘုရင်ရဲ့သားဖြစ်သူ ရေဇာ ပါလာဗီကတော့ “ဒီညမှာ အီရန်ပြည်သူ သန်းပေါင်းများစွာဟာ သူတို့ရဲ့ လွတ်လပ်ခွင့်ကို တောင်းဆိုလိုက်ကြပြီ” လို့ X လူမှုကွန်ရက်မှာ ရေးသားခဲ့ပြီး အစိုးရက အင်တာနက်နဲ့ ဖုန်းလိုင်းတွေဖြတ်တောက်ကာ ပြည်သူ့အသံကို ပိတ်ပင်ဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲလိုက်ပါတယ်။

ဒါ့အပြင် သူက ဥရောပခေါင်းဆောင်တွေအနေနဲ့ နှုတ်ဆိတ်မနေဘဲ အီရန်ပြည်သူတွေဘက်က ပြတ်ပြတ်သားသား ရပ်တည်ပေးဖို့ တိုက်တွန်းထားသလို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း အီရန်အစိုးရအနေနဲ့ ဆန္ဒပြပြည်သူတွေကို ဆက်လက်သတ်ဖြတ်နေမယ်ဆိုရင် အပြင်းထန်ဆုံး တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ ထပ်မံသတိပေးလိုက်ပါတယ်။

BBC က အတည်ပြုထားတဲ့ ဗီဒီယိုဖိုင်တွေအရ တီဟီရန်မြို့ရဲ့ Valiasr လမ်းမကြီးပေါ်မှာ လူအုပ်ကြီး ချီတက်နေတာကို တွေ့ရပေမဲ့ အီရန်အစိုးရပိုင် မီဒီယာတွေကတော့ ဒီဆန္ဒပြပွဲတွေကို သတင်းအမှောင်ချပြီး အရေးမပါသလိုမျိုးသာ ပုံဖော်နေကြပါတယ်။

ဒီဇင်ဘာလ ၂၈ ရက်နေ့က အီရန်နိုင်ငံသုံး ငွေကြေးတန်ဖိုးဟာ အမေရိကန်ဒေါ်လာနဲ့ လဲလှယ်ရာမှာ စံချိန်တင် အနိမ့်ဆုံးသို့ ကျဆင်းသွားတာကြောင့် တီဟီရန်မြို့ရှိ ဆိုင်ရှင်တွေနဲ့ ဈေးသည်တွေ သပိတ်မှောက်ရာကနေ ဆန္ဒပြပွဲတွေ  ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။