သူတို့ကို ထောက်ခံရင် အုပ်ချုပ်ရေးမှူးခန့်မယ်လို့ ဒီချုပ်ပါတီဝင်တချို့ကို ကြံ့ခိုင်ရေးအမတ်လောင်း စည်းရုံး

“တရွာလုံးကို အစည်းအဝေး ခေါ်ပြောတယ်။ အရင်လကလည်း အဲဒီလို ခဏခဏခေါ်ပြီး မဲပေးခိုင်းတယ်၊ အခုရက် ပိုင်းမှာ နောက်တခေါက် ပြောတာ၊ မဲဆိုတာ မပေးလို့မရဘူး ပေးရမယ်၊ ရွေးကောက်ပွဲနေ့ ဘယ်မှမသွားနဲ့လို့လည်း ပြောတယ်”

၈၊ ဇန်နဝါရီ။

ကြံ့ခိုင်ရေးပါတီရဲ့ ဇလွန်မြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်မယ့် တိုင်းဒေသကြီးကိုယ်စားလှယ်လောင်း ဦးချိုမြင့်နိုင်က သူတို့ပါတီကို ကူညီထောက်ခံရင် အုပ်ချုပ်ရေးမှူး ခန့်မယ်လို့ ဇလွန်မြို့နယ်၊ နန်းတော်ကျွန်းကျေးရွာက NLD ပါတီဝင်တွေကို စည်းရုံးခဲ့ပါတယ်။

“ သူတို့​တွေ ဒီ​နေ့ကို (ဇန်နဝါရီ ၇) နန်း​တော်ကျွန်းရွာမှာ မဲဆွယ်​တယ်။ အဲ့ပွဲကိုလည်း NLD ​တွေက ​ထောက်ခံပီး လိုက်လုပ်​ပေး​နေတယ်လို့ သတင်း​တွေတင်​နေတယ်။ တကယ်​​တော့ကျွန်​တော်တို့ NLD ​တွေအ​နေနဲ့ သူတို့ပါတီကို မကြိုက်ပါဘူး။ ဒီနေ့ဆို သူတို့ကို ထောက်ခံရင် အုပ်ကြီးခန့်မယ်တို့ သူတို့ပါတီပဲ မဲနိုင်မှာမို့ သူတို့နဲ့ ပူးပေါင်းတာ အကျိုးရှိမယ်လို့တွေ ပြောပါတယ် ”လို့ ဇလွန်မြို့က NLD ပါတီဝင်တဦးက ပြောပါတယ်။

ဇလွန်မြို့နယ်မှာလည်း NLD ပါတီဝင် တချို့ဟာ ကြံ့ခိုင်ရေးပါတီ အပါအဝင် ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ စတဲ့ပါတီတွေရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်လှုပ်ရှားပေးတာတွေ ရှိနေပါတယ်။

ဒါပေမယ့် ဒါဟာ တဦးတယောက်ခြင်းရဲ့ စိတ်ဆန္ဒသာဖြစ်ပြီး NLD ပါတီဝင်တွေသာမက ပြည်သူအများစုဟာ ဒီရွေးကောက်ပွဲကို စိတ်ပါဝင်စားခြင်း မရှိကြဘူးလို့ ဇလွန်မြို့နယ်က လူမှုကူညီရေး တက်ကြွလှုပ်ရှားသူ တဦးက ဆိုပါတယ်။

“ကျွန်တော်တို့ တွေ့နေရတာပဲ။ လူတွေက ရွေးကောက်ပွဲကို စိတ်မဝင်စားကြပါဘူး။ အခြေအနေအရ ထုတ်မပြော ထုတ်မပြကြတာပဲ ရှိတာပါ။ ဆန်ဆီ ဝေတာတောင်မှ တော်ရုံသွားယူကြတာမျိုး မရှိဘူး ကြုံလို့ယူလိုက်တာမျိုးလောက်ပဲ ” လို့ ပြောပါတယ်။

နန်းတော်ကျွန်းရွာမှာ မဲဆွယ်ပွဲမှာ NLD ပါတီဝင်တချို့ ပါဝင်ခဲ့တာကြောင့် သူတို့တွေကို အုပ်ချုပ်ရေးမှူးခန့်မယ်ဆိုတဲ့ သဘောမျိုး ဇလွန်မြို့နယ်ရဲ့ ကြံ့ခိုင်ရေးပါတီ ဥက္ကဌက မဲဆွယ်စည်းရုံးရေးမှာ ပြောခဲ့တာဖြစ်တယ်လို့ ဒေသခံ တဦးက ရှင်းပြပါတယ်။

“တရွာလုံးကို အစည်းအဝေး ခေါ်ပြောတယ်။ အရင်လကလည်း အဲဒီလို ခဏခဏခေါ်ပြီး မဲပေးခိုင်းတယ်၊ အခုရက် ပိုင်းမှာ နောက်တခေါက် ပြောတာ၊ မဲဆိုတာ မပေးလို့မရဘူး ပေးရမယ်၊ ရွေးကောက်ပွဲနေ့ ဘယ်မှမသွားနဲ့လို့လည်း ပြောတယ်” လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်ပြီး ပြည့်သူ့ဆန္ဒကို ဆန့်ကျင်တာကြောင့်  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ကနေ ထုတ်ပယ်လိုက်တဲ့ ၉ ဦးမှာ ဧရာဝတီတိုင်းက ၃ ဦးပါဝင်ခဲ့ပါတယ်။ ဒီ ၃ ဦးမှာ ၂ ဦးဟာ ပြည်သူ့ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေ ဖြစ်ပါတယ်။

ဇလွန်မြို့နယ်ဟာ စစ်ကောင်စီက ပြုလုပ်မယ့်ရွေးကောက်ပွဲ အပိုင်း (၃)မှာပါဝင်တဲ့ မြို့နယ်တခုဖြစ်ပြီး ဇန်နဝါရီ ၂၅ ရက်နေ့မှာ ကျင်းပသွားမယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။