မဲမပေးတဲ့သူ စစ်မှုထမ်းရမယ်လို့ ခြိမ်းခြောက်နေ

“တရွာလုံးကို အစည်းအဝေး ခေါ်ပြောတယ်။ အရင်လကလည်း အဲဒီလို ခဏခဏခေါ်ပြီး မဲပေးခိုင်းတယ်၊ အခုရက် ပိုင်းမှာ နောက်တခေါက် ပြောတာ၊ မဲဆိုတာ မပေးလို့မရဘူး ပေးရမယ်၊ ရွေးကောက်ပွဲနေ့ ဘယ်မှမသွားနဲ့လို့လည်း ပြောတယ်”

၈၊ ဇန်နဝါရီ။

ဧရာ၀တီတိုင်းက မြို့နယ်အချို့မှာ လာမယ့်ရွေးကောက်ပွဲတွေ မဲမပေးရင် စစ်မှုထမ်းပို့မယ်လို့ဆိုပြီး ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်​တွေ ခြိမ်းခြောက်ပြောဆိုတာတွေ ရှိနေပါတယ်။

“ပထမတခေါက် လူတွေ သိပ်မပေးကြဘူးပေါ့၊ အဲဒီလူတွေကိုလည်း စစ်မှုထမ်းပို့မယ်၊ မင်းတို့လည်း စစ်မှုထမ်းမ လိုက်ချင်ရင် မဲပေးကြဖို့ အဲလိုမျိုးတွေ ပြောနေတာပါ ရာအိမ်မှူးကနေပြီးတော့၊ မဖြစ်ဖြစ်အောင် မဲသွားပေးဖို့ လိုက်ပြောတယ်” လို့ ဘိုကလေးမြို့နယ်က ဒေသခံ အမျိုးသမီးက ပြောပါတယ်။ ဘိုကလေးမြို့နယ်ဟာ လာမယ့် ဇန်နဝါရီ ၁၁ ရက်မှာ ဒုတိယအသုတ် ရွေးကောက်ပွဲကျင်းပမှာ ဖြစ်ပါတယ်။

ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးစတဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ ဧရာ၀တီတိုင်းအတွင်းက ဘိုကလေး၊ ဖျာပုံ၊ ပန်းတနော်၊ မော်လမြိုင်ကျွန်းစတဲ့ မြို့နယ်တွေအတွင်းမှာလည်း အဲဒီလို လိုက်ပြော၊ ခြိမ်းခြောက်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဘိုကလေးမြို့နယ်မှ နောက်ထပ်ဒေသခံတဦးကလည်း “သူတို့က မဲစာရင်း ပါပါ မပါပါ မဲလာထည့်ဖို့ပြောတယ်။ မှတ်ပုံတင်ရှိရင် မဲထည့်လို့ရတယ်ပေါ့။ အုပ်ကြီးကတော့ တွေ့ရင်တွေ့တဲ့ နေရာတိုင်း ပြောတာပဲ။ ရပ်ကွက်ထဲလည်း မိုက်နဲ့လိုက်အော်တယ်။ ၁၁ ရက်နေ့မှာ မဲလာထည့်ကြပါပေါ့။ ရွေးကောက်ပွဲကနေ ပိုကောင်းတဲ့ အစိုးရ ဖြစ်လာမယ်ပေါ့။ လျှောက်ပြောနေတာပါပဲ။ စစ်မှုထမ်းကြေး ကောက်ရင်တမျိုး မဲထည့်ဖို့ပြောရင်တမျိုး အမျိုးမျိုးတွေ လျှောက်ပြောနေတာ”လို့ ပြောပါတယ်။

စစ်ကော်မရှင်လက်အောက်ခံအုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ ဧရာ၀တီတိုင်းအတွင်းက ကျေးရွာတိုင်းမှာ လစဉ်ငွေကျပ် သိန်းဂဏန်းကို  ကောက်ယူပြီး တရွာကနေ လစဉ်တယောက်နှုန်းကျ စစ်မှုထမ်း ခေါ်နေပါတယ်။

ရွေးကောက်ပွဲပထမအသုတ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်အ တွင်း ကျင်းပခဲ့ပြီး ဒုတိယအသုတ်ကိုတော့ မြို့နယ်ပေါင်း ၁၀၀ မှာ ကျင်းပမှာဖြစ်ကာ ဧရာ၀တီတိုင်းအတွင်းမှ ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ကျိုက်လတ်၊ ဖျာပုံ၊ ဘိုကလေး၊ ပန်းတနော်၊ ဝါးခယ်မ၊ အိမ်မဲ မြို့နယ် တို့ပါဝင်ပါတယ်။

ရွေးကောက်ပွဲ တတိယအသုတ် ဇန်နဝါရီ ၂၅ ရက်နေ့ ကျင်းပမယ့်ထဲ ပါဝင်တဲ့ မော်လမြိုင်ကျွန်းမြို့နယ်မှာလည်း အဲဒီလို မဖြစ်မနေ မဲသွားပေးဖို့ ဖိအားပေး၊ ခြိမ်းခြောက်ပြောဆိုတာတွေရှိနေတယ်လို့  ဒေသခံလူငယ်တဦးက ပြော ပါတယ်။

“တရွာလုံးကို အစည်းအဝေး ခေါ်ပြောတယ်။ အရင်လကလည်း အဲဒီလို ခဏခဏခေါ်ပြီး မဲပေးခိုင်းတယ်၊ အခုရက် ပိုင်းမှာ နောက်တခေါက် ပြောတာ၊ မဲဆိုတာ မပေးလို့မရဘူး ပေးရမယ်၊ ရွေးကောက်ပွဲနေ့ ဘယ်မှမသွားနဲ့လို့လည်း ပြောတယ်” လို့ ဆိုပါတယ်။

အုပ်ချုပ်ရေးမှူးတွေဟာ အရပ်သားပြည်သူတွေအပြင် ဝန်ထမ်းတွေ၊ ပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်းတွေ၊ စစ်ဘေးရှောင်တွေကိုလည်း မဲမပေးမနေရ သွားပေးကြဖို့ ဖိအားပေး တာတွေ ရှိနေပါတယ်။

“ရှိပါတယ်၊ အဲလိုမျိုး မဲပေးခိုင်းတာ။ ကုမ္ပဏီလူကြီးကလည်း ဝန်ထမ်းတွေကို မဲပေးခိုင်းတယ်၊ အုပ်ချုပ်ရေးရုံးမှာ စာရင်းပေးထားရတယ် မဲပေးဖို့အတွက်” လို့ ပန်းတနော်မြို့နယ်မှ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ပထမအကြိမ် ရွေးကောက်ပွဲမှာ မဲလာပေးသူ အလွန်နည်းပါးခဲ့တာကြောင့် အခုလိုမျိုး ပြည်သူတွေကို မဲလာပေးကြဖို့ အတင်းအကြပ် လိုက်ပြော၊ ခြိမ်းခြောက်နေတာ ဖြစ်တယ်လို့ ပြည်သူတွေက ပြောဆိုကြပါတယ်။

“ထက်ဝက်တောင် မပြည့်လောက်ဘူး မဲပေးကြတာ၊ မဲရုံတိုင်း ခြောက်ကပ်နေတာ။ လူထုက ရွေးကောက်ပွဲကို ထောက်ခံပါတယ်၊ ဘယ်လောက်ထိ မဲပေးပါတယ်ဆိုပြီး ပြချင်လို့ အတင်းလုပ်ခိုင်းနေတာလို့ပဲမြင်တယ်” လို့ ရွေး ကောက်ပွဲပထမအသုတ်ထဲပါတဲ့ ပုသိမ်မြို့နယ်မှ မဲမပေးခဲ့သူ လူငယ်အမျိုးသမီးတဦးက ပြောပါတယ်။

ဒါပေမယ့် စစ်ကော်မရှင်ရဲ့ထုတ်ပြန်ချက်တွေမှာတော့ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်တွင်း ကျင်းပခဲ့တဲ့ ရွေးကောက် ပွဲပထမပိုင်းမှာ မဲပေးခွင့်ရှိသူ ၁၁ ဒသမ ၆ သန်းကျော်ရှိတဲ့အနက် မဲပေးသူ ၆ သန်းကျော်ရှိကာ မဲပေးသူ ၅၂ ဒသမ ၁၃ ရာခိုင်နှုန်းရှိခဲ့တယ်လို့ ဆိုထားပါတယ်။

တကယ့်လက်တွေ့မှာတော့ အဲဒီလောက်ပမာဏထိ မဲလာပေးတာမရှိနိုင်ဘူးလို့ နိုင်ငံရေးပါတီတွေနဲ့ ပြည်သူတွေက ခန့်မှန်းပြောဆို ထားကြပါတယ်။

ရွေးကောက်ပွဲတတိယအသုတ်ကို မြို့နယ်ပေါင်း ၆၃ မြို့နယ်အတွင်း ကျင်းပမယ်လို့ ဆိုထားကာ ဧရာ၀တီတိုင်းအတွင်းမှ ငပုတော၊ ဇလွန်၊ မော်လမြိုင်ကျွန်း၊ ညောင်တုန်း၊ ဓနုဖြူ၊ ဒေးဒရဲ၊ အင်္ဂပူတို့နဲ့ လက်ရှိတိုက်ပွဲ ဖြစ်ပွားနေတဲ့ လေးမျက် နှာ၊ ရေကြည်မြို့နယ်တို့ပါဝင်ပြီး ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ကျင်းပမယ်လို့ ဆိုထားပါ တယ်။

ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ တော် လှန်ရေးအင်အားစုတွေကတော့ စစ်ကော်မရှင်က လုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲ ဖြစ် တာမို့ ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။