အမေရိကန် C-17 သယ်ယူပို့ဆောင်ရေးလေယာဉ် ၁၀ စီးနဲ့ ၁၀၁ လေကြောင်းချီတပ်မတို့ ဘန်ကောက် ဒွန်မောင်းလေဆိပ်ကို ဆင်းသက်ဆိုတဲ့ သတင်းမှား 

အမေရိကန် C-17 သယ်ယူပို့ဆောင်ရေးလေယာဉ် ၁၀ စီးနဲ့ ၁၀၁ လေကြောင်းချီတပ်မတို့ ဘန်ကောက် ဒွန်မောင်းလေဆိပ်ကို ဆင်းသက်ဆိုတဲ့ သတင်းမှား 

 

ဇန်နဝါရီလ၊ ၈ရက်

(Fact Check_DNA)

 

ထိုင်းနိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်တခုဖြစ်တဲ့ ဘန်ကောက်မြို့၊ ဒွန်မောင်းလေဆိပ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ၊ ၅ရက်က အမေရိကနိ C-17သယ်ယူပို့ဆောင်ရေးလေယာဥ် ၁၀စီးနဲ့ ၁၀၁ လေကြောင်းချီတပ်မတခုလုံး ဆင်းသက်ခဲ့တယ်ဆိုတဲ့ သတင်းမှားတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။

 

အဲ့ဒီအကြောင်းအရာကို စစ်လော်ဘီချန်နယ်တခုဖြစ်တဲ့ Ye Yint Htet (#yyh) ဆိုတဲ့ချန်နယ်ကနေ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ရက်မှာ “မနေ့ညက အမေရိကားကနေ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကျော်ပြီး … ဗြိတိန်မှာ တစ်ထောက်နားခဲ့တဲ့ … အမေရိကန်လေတပ် U.S. Air Force က သယ်ယူပို့ဆောင်ရေးလေယာဥ်ကြီး C-17 A Globemaster III တစ်ဒါဇင်ထဲက … ၁၀ စီး ဒွန်မောင်းကို ဆင်းသက်လာ” (မူရင်းအတိုင်း) စတင်ဖြန့်ဝေထားပြီး အခြား လော်ဘီချန်နယ်တွေမှာလည်း ပြန်လည်မျှဝေနေကြတာကြောင့် ပျံ့နှံ့မှုအားကောင်းနေပါတယ်။

သတင်းမှားလင့် – https://archive.ph/wip/fY9H6 

 

ပျံ့နှံ့နေတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကနေ စစ်ဆေးကြည့်တဲ့အခါမှာ ထိုင်းနိုင်ငံမှာရှိတဲ့ ဒွန်မောင်းလေဆိပ်အပါအဝင် အခြား စစ်အခြေစိုက်စခန်းတွေကိုလည်း ဇန်နဝါရီ ၈ ရက်နေ့ အထိ  အမေရိကန် သယ်ယူပို့ဆောင်ရေး လေယာဥ်တွေ ဆင်းသက်လာတာမျိုး မရှိ ပါဘူး။

 

သတင်းစိစစ်ချက်

 

စစ်လေယာဥ် ၁၀စီးဆိုတာက တပ်မခွဲ တခုစာနီးပါး သယ်ယူနိုင်တဲ့ ပမာဏဖြစ်တဲ့အပြင် အဲ့ဒီလိုလှုပ်ရှားမှုမျိုး ရှိခဲ့တယ်ဆိုရင် နိုင်ငံတကာ Flight Radar တွေမှာ ဖုံးကွယ်ထားလို့မရသလို၊ ဒီကနေ အချိန်ထိ အမေရိကန်သယ်ယူပို့ဆောင်ရေးလေယာဥ် ၁၀စီး တပြိုင်နက်တည်း ဒွန်မောင်းလေဆိပ်ကို ဆင်းသက်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းမျိုးကို လေကြောင်းပျံ့သန်းမှုတွေကို အချိန်နဲ့ တပြေးညီစောင့်ကြည့်နိုင်တဲ့ FlightRadar24 မှာလည်း မတွေ့ရပါဘူး။

လေကြောင်းပျံသန်းမှုတွေကို အချိန်နဲ့တပြေးညီ စောင့်ကြည့်နိုင်တဲ့  FlightRadar24https://bit.ly/3LADH4M 

အမေရိကန်ပြည်ထောင်စုရဲ့ အထင်ကရတပ်မဖြစ်တဲ့ ၁၀၁ လေကြောင်းချီတပ်မကို နိုင်ငံရပ်ခြားကို အင်အားအလုံးအရင်းနဲ့ စေလွှတ်တာမျိုးရှိခဲ့ပါက အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန (Pentagon)ကနေ တရားဝင်ထုတ်ပြန်လေ့ရှိပါတယ်။ 

U.S. Department of Defense (Pentagon) – https://bit.ly/4jsv74A 

 

လက်ရှိ နောက်ဆုံးအချက်အလက်စစ်ဆေးချက်အရ အဲဲဲဒီ ၁၀၁ လေကြောင်းချီတပ်မက Kentucky ပြည်နယ်၊ Fort Campbell မှာဘဲ ပုံမှန်အတိုင်းအခြေစိုက်နေပြီး အာရှကို ရွေ့ပြောင်းတဲ့ သတင်းဖော်ပြချက်မျိုး တရားဝင်သတင်းစာမျက်နှာတွေမှာ ဖော်ပြထားတာမျိုး မရှိသေးပါဘူး။

101st Airborne Division Official Page – https://bit.ly/3N8GqD2 

 

အမေရိကန်ကနေ ထိုင်းနိုင်ငံကို ပျံသန်းလာမယ်ဆိုပါက  အတ္တလန္တိတ်သမုဒ္ဒရာနဲ့ ဗြိတိန်ကို ဖြတ်ကျော်စရာမလိုဘဲ ပစိဖိတ်သမုဒ္ဒရာ ဟာဝိုင်ယီ ဒါမှမဟုတ် ဂူအမ်ကျွန်း လမ်းကြောင်ကနေ ပျံသန်းလာတာက ပိုမိုနီးကပ်သလို၊ ပုံမှန်အသုံးပြုနေကျ လမ်းကြောင်းဖြစ်ပြီး ဗြိတိန်ကို ဖြတ်ပြီး လာခဲ့တယ်ဆိုတဲ့အကြောင်းအရာက ပထဝီဝင်အနေအထားအရ အဓိပ္ပာယ်မရှိတဲ့ ဖန်တီးဖော်ပြချက်တခုသာဖြစ်ပါတယ်။

အမေရိကန်ကနေ  အာရှဒေသကို တပ်ဖြန့်တဲ့အခါမှာ ပစိဖိတ်သမုဒ္ဒရာမှာရှိတဲ့ အခြေစိုက်စခန်းတွေကိုပဲ အဓိကထား အသုံးပြုတယ်ဆိုတဲ့ကြောင်း သူတို့ရဲ့တရားဝင် ဝဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ 

USINDOPACOM Official Website – https://bit.ly/3Z1QJLL 

 

C-17လေယာဥ်ရဲ့ အမြင့်ဆုံးပျံသန်းနိုင်တဲ့အကွာအဝေးဟာ ရေမိုင် ၂,၄၀၀ (ဝန်အပြည့်နဲ့) သာ ရှိတာကြောင့် ထိုင်းနိုင်ငံကို လာဖို့အတွက် ဟာဝိုင်ယီ ဒါမှမဟုတ် ဂူအမ်ကျွန်းမှာ လောင်စာဆီဖြည့်တာက အထိရောက်ဆုံးဖြစ်တာကို သူတို့ရဲ့ Specification တွေမှာ ကြည့်နိုင်ပါတယ်။

C-17 လေယာဉ်ရဲ့ ပျံသန်းနိုင်စွမ်းကိုလေ့လာရန် – https://bit.ly/3Z1QQqF 

 

သတင်းသုံးသပ်ချက် 

 

စစ်ရေးအရတပ်ဖြန့်တာမျိုးလုပ်တဲ့အခါမှာ အချိန်နဲ့လောင်စာဆီ သက်သာရန်အရေးကြီးတာကြောင့် အမေရိကန်ပြည်တွင်းကနေ ထိုင်းနိုင်ငံကို လာတဲ့အခါမှာ အတ္တလန္တိတ်ကိုဖြတ်ပြီး ဗြိတိန်ကို သွားတာက လမ်းကြောင်းပိုဝေးတဲ့အပြင် ဥရောပနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံများစွာကိုလည်း လေပိုင်နက်ခွင့်ပြုချက်တောင်းခံရမှာ ဖြစ်ပါတယ်။

 

အမေရိကန်အနေနဲ့ သူထိန်းချုပ်ထားတဲ့ ပစိဖိတ်လမ်းကြောင်းကိုပဲ ပုံမှန်အားဖြင့်အသုံးပြုလေ့ရှိတာကြောင့် ပျံ့နှံ့လာတဲ့သတင်းရဲ့ လမ်းကြောင်းဖော်ပြချက်အကြောင်းအရာက စစ်ရေးအရ ယုတ္တိမရှိတာကို တွေ့ရပါတယ်။

 

ဒါကြောင့် စစ်တပ်လော်ဘီတွေ ဖြန့်ဝေနေတဲ့ အကြောင်းအရာက  စာဖတ်သူတွေရဲ့ စိတ်ခံစားချက်ကို အသုံးချပြီး အချက်အလက်အမှားတွေနဲ့ လှည့်စားထားတဲ့ ဝါဒဖြန့်သတင်းမှားတခုသာဖြစ်တာကို အတည်ပြုနိုင်ခဲ့ပါတယ်။

 

ဒီကနေ့ခေတ်ဟာ လူမှုမီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 

 စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check  အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck@gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Web – https://myanmarfactcheckingnetwork.org/   

Fb – https://www.facebook.com/myanmarfactcheckingnetwork 

 

#DNAFactCheck #DNA #MFCN #FactCheck