အခါလွန်မိုးရွာမယ့်အခြေအနေ မရှိဘူးလို့ မိုးဇလပညာရှင်တွေ ခန့်မှန်း

“ လက်ရှိ မုန်တိုင်းတွေဟာ ဆက်လက်ရွေ့လျားနိုင်မည့် လမ်းကြောင်းခန့်မှန်းချက်များအရ မြန်မာနိုင်ငံကို သက်ရောက်မှုရှိနိုင်မှာမဟုတ်သလို ကမ်းနီး ကမ်းဝေး ဒေသတွေမှာလည်း မိုးရွာဖို့ မရှိပါဘူး ”

၈၊ ဇန်နဝါရီလ။

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနဲ့ အိန္ဒယ သမုဒ္ဒရာတောင်ပိုင်းမှာ မုန်တိုင်းတွေ ဖြစ်ပေါ်နေပေမယ့် မုန်တိုင်းရွေ့လျားရာ လမ်းကြောင်းအရ မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်ချေ ရှိမနေဘူးလို့ မိုးဇလပညာရှင်တွေက ပြောပါတယ်။

အဲဒီလို မုန်တိုင်း သက်ရောက်မှုတွေကြောင့် မြန်မာနိုင်ငံအတွင်း မိုးရွာသွန်းဖို့ရှိနိုင်တယ်ဆိုတဲ့ ကောလာဟလတွေကို မယုံကြဖို့နဲ့ ကျွမ်းကျင်ပညာရှင်တွေရဲ့ မှတ်ချက်တွေ၊ ခန့်မှန်းသုံးသပ်ချက်တွေကို လေ့လာစောင့်ကြည့်ပေးကြဖို့ မိုးဇလ ပညာရှင်တွေက အကြံပြုထားကြပါတယ်။

“မုန်တိုင်းရှိတယ်ဆိုတာနဲ့ ဒီမှာမိုးရွာမယ်ဆိုတာမျိုး မဟုတ်ဘူးလေ။ သူ့လမ်းကြောင်းကဘယ်လိုလဲ။ မုန်တိုင်းပုံစံကဘယ်လိုလဲ ကစလို့ ရွာနိုင် မရွာနိုင်၊ အန္တရာယ်ရှိလား မရှိဘူးလားတွေ တွက်ရတာ။ မိုးလေဝသ သတင်းတွေကို ကျွန်တော်တို့ မိုးဇလကနေလည်း ထုတ်ပြန်နေသလို၊ ဦးဝင်းနိုင်တို့လိုမျိုး ပညာရှင်တွေကလည်း ထုတ်ပြန်နေတာဆိုတော့ ဒီတိုင်းဘာပေ့ချ်တွေမှန်း မသိရတဲ့ဆီက သတင်းတွေကို မယုံကြဖို့ပဲ ပြောချင်ပါတယ် ” လို့ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ဝန်ထမ်းတဦးက ပြောပါတယ်။

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ရှိနေတဲ့ မုန်တိုင်းငယ်ဟာ အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားသွားပြီး သီရီလင်္ကာကျွန်းကို ရောက်တဲ့အခါ မြေပြင်အနေအထားအရ လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့သွားနိုင်ကြောင်းနဲ့ အိန္ဒိသမုဒ္ဒရာတောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ CAT-2 ဆိုင်ကလုန်းမုန်တိုင်း JENNY ဟာ အနောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး အသစ်ဖြစ်ပေါ်လာနိုင်တဲ့ INVEST-93S ဟာ ဆိုင်ကလုန်းမုန်တိုင်း အသစ်တခု ဖြစ်လာနိုင်ပေမယ့် ဇန်နဝါရီ ၁၀ ရက်နေ့မှာ အားပျော့ပျက်ပြယ်သွားမယ်လို့လည်း  မိုးဇလပညာရှင် ဦးဝင်းနိုင်က တွက်ချက်ထားပါတယ်။

“ လက်ရှိ မုန်တိုင်းတွေဟာ ဆက်လက်ရွေ့လျားနိုင်မည့် လမ်းကြောင်းခန့်မှန်းချက်များအရ မြန်မာနိုင်ငံကို သက်ရောက်မှုရှိနိုင်မှာမဟုတ်သလို ကမ်းနီး ကမ်းဝေး ဒေသတွေမှာလည်း မိုးရွာဖို့ မရှိပါဘူး ” လို့  ဦးဝင်းနိုင်က ပြောပါတယ်။