
“ကြိုတင်မဲတွေ အများကြီးရတယ်။ မူဆလင်တွေဆီကလည်း ကြိုတင်မဲယူတယ်၊ နောက် တပ်မဲတွေဆိုတော့ နိုင် သွားတာပေ့ါ၊
၇၊ ဇန်နဝါရီ။
နိုင်ငံအဝှမ်းမြို့နယ်ပေါင်း ၁၀၂ ခုမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွင်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေ ၁၀၂ ခုအနက် ၉၁ နေရာ(၉၀ ရာခိုင်နှုန်း)ကို စစ်တပ်ကျောထောက်နောက်ခံပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက အနိုင်ယူခဲ့ပြီး ကျန် ၁၁ နေရာကိုသာ တိုင်းရင်းသားပါတီအချို့က အနိုင်ရခဲ့တာတွေ့ရပါတယ်။
ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ မဲရလဒ်တွေအရ ကြံ့ခိုင်ရေးပါတီအနိုင်ရကိုယ်စား လှယ်လောင်းတွေရဲ့ မဲအရေအတွက်အများစုဟာ ၃၀ ရာခိုင်နှုန်းဝန်းကျင်ရှိပြီး အချို့အနည်းငယ်သော အမတ် လောင်းတွေကတော့ ၅၀ ရာခိုင်နှုန်းဝန်းကျင် ရကြတာတွေ့ရပါတယ်။ဒါဟာ ကြိုတင်မဲတွေနဲ့ စနစ်တကျစီစဉ်ပြီး အနိုင်ယူခဲ့တာဖြစ်တယ်လို့ ပြည်သူတွေနဲ့ နိုင်ငံရေးပါတီဝင်တွေက ဝေဖန်ကြပါတယ်။
“ကြိုတင်မဲပေ့ါ၊ ကြိုတင်မဲကြောင့်ပဲ နိုင်သွားတာ။ နဂိုကတည်းက ကြိုတင်မဲတွေနဲ့ အနိုင်ရ အောင် လုပ်ထားတာလေ၊ သူတို့ရွေးကောက်ပွဲမှာ သူတို့နိုင်အောင်လုပ်တာ မဆန်းပါဘူး၊ အကုန်သိနေပြီးသား ကိစ္စပဲလေ” လို့ ဧရာ၀တီတိုင်း ပုသိမ်မြို့နယ်မှ လူငယ်တဦးက ပြောပါတယ်။
ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေပေါင်း ၁၀၂ ခုထဲက ဧရာ၀တီတိုင်း ကြံ့ခင်းမြို့နယ်မှာ တိုင်းရင်းသားစည်းလုံးညီ ညွှတ်ရေးပါတီ(တစည)၊ ရခိုင်ပြည်နယ် မာန်အောင်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေ မှာ ရခိုင်တိုင်းရင်းသား များပါ တီ(RNP)၊ စစ်ကိုင်းတိုင်း ဟုမ္မလင်းမှာ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွှတ်ရေးပါတီ၊ စစ်ကိုင်းတိုင်း ခန္ဓီး၊ နန်းယွန်း၊ လဟယ်၊ လေရှီးမှာ နာဂအမျိုးသား ပါတီ၊ ရှမ်းပြည်နယ် ဟိုပုံး၊ တောင်ကြီး၊ လွိုင်လင်တို့မှာ ပအိုဝ်း အမျိုးသားအဖွဲ့ ချုပ်ပါတီ၊ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှာ မွန်ညီညွှတ်ရေးပါတီတို့က အနိုင်ရခဲ့တာပါ။
ကျန်မဲဆန္ဒနယ်မြေတွေအားလုံးမှာတော့ ကြံ့ခိုင်ရေးပါတီကပဲ အနိုင်ရသွားခဲ့ပြီး အမျိုးသားလွှတ်တော်၊ ပြည်နယ် လွှတ်တော်နေရာအများစုမှာလည်း ကြံ့ခိုင်ရေးပါတီကပဲ အနိုင်ရခဲ့တာ တွေ့ရပါတယ်။
ရခိုင်ပြည်နယ်အတွင်းက ဒေါက်တာအေးမောင်ဦးဆောင်တဲ့ ရခိုင်ဦးဆောင်ပါတီ(AFP)ပါတီကို ထောက်ခံမဲပေးခဲ့ တဲ့ စစ်တွေမြို့မှ ပါတီဝင်တဦးကလည်း ကြံ့ခိုင်ရေးပါတီဟာ ကြိုတင်မဲတွေကြောင့် အနိုင်ရသွားခဲ့တာဖြစ်တယ် လို့ ဆိုပါတယ်။
“ကြိုတင်မဲတွေ အများကြီးရတယ်။ မူဆလင်တွေဆီကလည်း ကြိုတင်မဲယူတယ်၊ နောက် တပ်မဲတွေဆိုတော့ နိုင် သွားတာပေ့ါ၊ နောက်တခုက စစ်တွေမှာ ပြည်သူတွေလည်း အပြည့်အစုံမရှိတာလည်း ပါတယ်၊ အဓိကကတော့ ကြို တင်မဲနဲ့ နိုင်သွားတာ” လို့ စစ်တွေမြို့မှာ နေထိုင်တဲ့ AFP ပါတီဝင်တဦးက ပြောပါတယ်။
အနိုင်ရကြံ့ခိုင်ရေးပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ရရှိတဲ့ ကြိုတင်မဲပမာဏဟာ အခြားပါတီကိုယ် စားလှယ်လောင်းတွေရရှိတဲ့ ကြိုတင်မဲပမာဏထက် ဆယ်ဆကနေ အဆသုံးဆယ်ဝန်းကျင်ထိ ပိုများနေတာကို ရွေး ကောက်ပွဲကော်မရှင်ရဲ့ မဲရလဒ်ထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။
အခုကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးမျှတတဲ့ ရွေးကောက်ပွဲတခုမဟုတ်တဲ့အတွက် ကြံ့ခိုင်ရေးပါတီ ကပဲ အနိုင်ရသွားတာဖြစ်ပြီး လွတ်လပ်ပြီးမျှတတဲ့ရွေးကောက်ပွဲဆိုရင် တခြားပါတီတွေလည်း အနိုင်ရနိုင်ခြေရှိ တယ်လို့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့တဲ့ ပါတီတွေက ပြောကြပါတယ်။
“တကယ်လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုရင်တော့ နိုင်နိုင်ခြေရှိပါတယ်။ ပြည်သူတွေဘက်က လည်း တာဝန်ကျေကျေနဲ့ မဲပေးကြတယ်။ ဒါပေမယ့် မဲစက်တွေအပေါ်မှာလည်း နည်းပညာအရ ကျွန်တော်တို့ မသင်္ကာ တာတွေလည်း ရှိတယ်။ သူတို့မှာကလည်း သူတို့အပိုင်ပဲ ရလဒ်လုပ်ပြီးသားရှိတယ်ပေါ့” လို့ ဧရာ၀တီတိုင်း ပြည်သူ့ ပါတီအတွင်းရေးမှူး ဦးစိန်သောင်းက DNA ကို ပြောပါတယ်။
ဒါ့အပြင် ဧရာ၀တီတိုင်းအတွင်းက မဲရုံတွေမှာ ရွေးကောက်ပွဲကျင်းပတဲ့ မဲပေးနေကြချိန် မဲပေးစက်တွေ ပျက်သွား တာ၊ ကြိုတင်မဲတွေ ပွင့်လင်းမြင်သာမှုမရှိတာ၊ ဒီမိုကရက်တစ်အင်အားစုတွေအပေါ် ထောက်ခံသူတွေ မဲစာရင်း ထဲပါမလာတာအပါအဝင် တရားမျှတမှုမရှိဘူးလို့ ယူဆရတဲ့အချက်တွေများစွာ တွေ့ရတယ်လို့လည်း ပြည်သူပါတီ တာဝန်ရှိသူတွေက ပြောကြပါတယ်။
“စစ်တပ်ကလုပ်တဲ့ ရွေးကောက်ပွဲက ဘယ်လိုလုပ်ပြီးတော့ တရားမျှတမှုရှိမလဲပေ့ါ၊ ဒါက ရှင်းနေတာပဲလေ။ လူထု ကလည်း စိတ်မဝင်စားဘူး၊ အားလည်းမပေးဘူး ဒီရွေးကောက်ပွဲကို။ အသိအမှတ်လည်း ပြုကြမှာ မဟုတ်ဘူး” လို့ ဧရာ၀တီတိုင်း ဟင်္သာတမြို့နယ်မှ လူငယ်တဦးက ပြောပါတယ်။
စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲပထမအသုတ်ကို မနေ့က ဒီဇင်ဘာ ၂၈ ရက်နေ့မှာ မြို့နယ်ပေါင်း ၁၀၂ ခုအတွင်း ကျင်းပခဲ့ပြီး အဲဒီထဲမှာ ဧရာ၀တီတိုင်းမှ မြို့နယ်ရှစ်ခု ပါဝင်ပါတယ်။
စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ ဒုတိယအသုတ်ကို ပထမသုတ်အပြီး နှစ်ပတ်အကြာ ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်နေ့မှာ မြို့နယ်ပေါင်း ၁၀၀ အတွင်း ကျင်းပမှာဖြစ်ကာ ဧရာ၀တီတိုင်းအတွင်းက ကျောင်းကုန်း၊ ကန်ကြီး ထောင့်၊ သာပေါင်း၊ ကျိုက်လတ်၊ ဖျာပုံ၊ ဘိုကလေး၊ ပန်းတနော်၊ ဝါးခယ်မ၊ အိမ်မဲ မြို့နယ်တို့ပါဝင်မယ်လို့ ဆိုထားပါတယ်။
တတိယအသုတ်ကိုတော့ မြို့နယ်ပေါင်း ၆၃ မြို့နယ်အတွင်း ကျင်းပမယ်လို့ ဆိုထားကာ ဧရာ၀တီတိုင်းအတွင်းမှ ငပု တော၊ ဇလွန်၊ မော်လမြိုင်ကျွန်း၊ ညောင်တုန်း၊ ဓနုဖြူ၊ ဒေးဒရဲ၊ အင်္ဂပူတို့နဲ့ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ လေးမျက် နှာ၊ ရေကြည်မြို့နယ်တို့ပါဝင်ပြီး ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ကျင်းပမယ်လို့ ဆိုထားပါတယ်။
ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ တော် လှန်ရေးအင်အားစုတွေကတော့ စစ်ကော်မရှင်က လုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲ ဖြစ် တာမို့ ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။