
ရုရှားဘက်ကတော့ ယူကရိန်းမြေပေါ်ကို ခြေချလာမယ့် ဘယ်နိုင်ငံခြားတပ်မဆို သူတို့အတွက် တရားဝင် ပစ်မှတ်ပဲလို့ မကြာခဏ သတိပေးထားပါတယ်။
၇၊ ဇန်နဝါရီ။
ရုရှားနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ရရင် ယူကရိန်းမှာ တပ်တွေ ဖြန့်ကြက်သွားဖို့ ဗြိတိန်နဲ့ ပြင်သစ်တို့ သဘောတူ လက်မှတ်ရေးထိုးလိုက်ပြီလို့ ဗြိတိန်ဝန်ကြီးချုပ် ဆာကီးယာ စတာမာက ကြေညာလိုက်ပါတယ်။
ပါရီမှာ မဟာမိတ်တွေနဲ့ ဆွေးနွေးပြီးနောက် နောင်တချိန် ကျူးကျော်မှုတွေ ထပ်မဖြစ်အောင် ယူကရိန်းနိုင်ငံ တဝန်းမှာ စစ်ဘက်ဆိုင်ရာ ဗဟိုစခန်းတွေ တည်ထောင်သွားမယ်လို့ သူက ပြောပါတယ်။ ပြင်သစ်သမ္မတ မက်ခရွန်ကလည်း တပ်ဖွဲ့ဝင် ထောင်နဲ့ချီ စေလွှတ်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။
မဟာမိတ်တွေဘက်ကလည်း ယူကရိန်းအတွက် ခိုင်မာတဲ့ လုံခြုံရေး အာမခံချက်တွေပေးဖို့ အတော်များများ သဘောတူခဲ့ကြသလို အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်တဲ့နေရာမှာ အမေရိကန်က ဦးဆောင်ဖို့ အဆိုပြုထားကြပါတယ်။ ဒါပေမဲ့ အဓိကကျတဲ့ နယ်မြေကိစ္စကိုတော့ အခုထိ ဆွေးနွေးနေကြတုန်းပါပဲ။
ရုရှားဘက်ကတော့ ယူကရိန်းမြေပေါ်ကို ခြေချလာမယ့် ဘယ်နိုင်ငံခြားတပ်မဆို သူတို့အတွက် တရားဝင် ပစ်မှတ်ပဲလို့ မကြာခဏ သတိပေးထားပါတယ်။
ပါရီမှာ လုပ်ခဲ့တဲ့ အဆိုပါ ကြေညာချက်တွေနဲ့ ပတ်သက်လို့ မော်စကိုဘက်ကတော့ အခုထိ ဘာမှ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။
၂၀၂၂ ဖေဖော်ဝါရီမှာ ပူတင်က ယူကရိန်းကို အလုံးစုံ ကျူးကျော်ခဲ့ပြီးတဲ့နောက် လက်ရှိမှာတော့ ယူကရိန်းနယ်မြေရဲ့ ၂၀ ရာခိုင်နှုန်းလောက်ကို ရုရှားက ထိန်းချုပ်ထားပါတယ်။
အင်္ဂါနေ့က ပါရီမှာလုပ်တဲ့ အဆိုပါ ဆွေးနွေးပွဲမှာ ယူကရိန်းကို ကူညီချင်ပြီး စိတ်တူကိုယ်တူ ပူးပေါင်းဆောင်ရွက်လိုတဲ့ နိုင်ငံတွေက အဆင့်မြင့် ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ စတာမာက “ငြိမ်းချမ်းရေး ရလာခဲ့ရင် ယူကရိန်းမှာ တပ်တွေချဖို့အတွက် ကျွန်တော်တို့ သဘောတူ လက်မှတ်ထိုးခဲ့ကြတယ် ၊ ဒါဟာ ယူကရိန်းနဲ့အတူ ရေရှည် ရပ်တည်သွားမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်ထဲက အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုပါပဲ ၊ ဒီသဘောတူညီချက်ကနေ ဗြိတိန်၊ ပြင်သစ်နဲ့ တခြားမဟာမိတ်တပ်တွေ ယူကရိန်းမှာ ဥပဒေနဲ့အညီ လှုပ်ရှားနိုင်ဖို့ လမ်းဖွင့်ပေးလိုက်တာပါ။ ယူကရိန်းရဲ့ ဝေဟင်နဲ့ ရေပြင်ကို ကာကွယ်ပေးသလို နောင်အနာဂတ်အတွက် ယူကရိန်းစစ်တပ်ကို အားကောင်းအောင် ပြန်တည်ဆောက်ပေးဖို့လည်း ပါဝင်ပါတယ်”လို့ ဆိုပါတယ်။
အမေရိကန်ရဲ့ ထိပ်တန်းညှိနှိုင်းရေးမှူး စတိဗ် ဝစ်ကော့ဖ်ကလည်း “ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရဖို့ဆိုရင် စိတ်ချရတဲ့ လုံခြုံရေးအာမခံချက်နဲ့ စီးပွားရေး ပြန်လည်ကောင်းမွန်လာမယ့် ကတိကဝတ်တွေက မရှိမဖြစ်ပဲ”လို့ ယူကရိန်းဘက်က တောင်းဆိုချက်ကို ထောက်ခံပြောဆိုသွားပါတယ်။
သမ္မတ ထရမ့်ရဲ့ အထူးကိုယ်စားလှယ်ဖြစ်သူ ဂျာရတ် ကွတ်ရှ်နာကလည်း စစ်ပွဲကြီး နောက်တခါ ထပ်မဖြစ်အောင် အမှန်တကယ် အကာအကွယ်ပေးမယ့် အစီအစဉ်တွေ ရှိနေပြီဆိုတာ ယူကရိန်းနိုင်ငံသားတွေ သိဖို့လိုတယ်လို့ ဆိုပါတယ်။
တဘက်မှာလည်း သမ္မတ မက်ခရွန်က ဒီဆွေးနွေးပွဲတွေမှာ မဟာမိတ်တွေဘက်က တိုးတက်မှုတွေနဲ့ အတော်လေး ရှေ့တိုးနိုင်ခဲ့တယ်လို့ ပြောပါတယ်။ အပစ်ရပ်စဲရေး ဖြစ်လာခဲ့ရင် ယူကရိန်းအတွက် ခိုင်မာတဲ့ လုံခြုံရေးအာမခံချက်တွေ ပေးဖို့ကိုလည်း သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။
ယူကရိန်းသမ္မတ ဇလန်းစကီးကတော့ ပါရီဆွေးနွေးပွဲဟာ ရှေ့တိုးနိုင်ခဲ့တဲ့ ခြေလှမ်းကြီး တခုလို့ ဆိုပေမဲ့ စစ်ပွဲတကယ်ကြီး ပြီးဆုံးသွားမှသာ ဒီကြိုးပမ်းမှုတွေက လုံလောက်ပြီဆိုတာ ပြောလို့ရမယ်လို့ ဆိုပါတယ်။
ယူကရိန်းက အာမခံချက်လို့ သုံးပြီး အမေရိကန်က လုပ်ထုံးလုပ်နည်းလို့ သုံးထားတဲ့ စကားလုံးတွေက နောင်တချိန် ရုရှားက ထပ်တိုက်လာရင် ကူညီဖို့ကိစ္စမှာ ထရမ့်အတွက် လွတ်လပ်စွာ ဆုံးဖြတ်နိုင်ခွင့်ကို ချန်ထားပေးသလိုမျိုး ဖြစ်နေပါတယ်။
ဒါပေမဲ့ ဇလန်းစကီးနဲ့ ဥရောပခေါင်းဆောင်တွေကတော့ ဝါရှင်တန်ဆီကနေ အရေးကြီးတဲ့ လိုက်လျောမှုတခု ရခဲ့တယ်ဆိုတာ ယုံကြည်နေကြတာကတော့ သေချာပါတယ်။
ဒါပေမဲ့ အပစ်ရပ်မျဉ်းကို ဘယ်နေရာမှာ သတ်မှတ်မလဲဆိုတာရယ်၊ အခု ရုရှားသိမ်းထားတဲ့ ဘယ်နယ်မြေတွေကို ယူကရိန်းက လက်လွှတ်မလဲဆိုတဲ့ အသေးစိတ် အချက်အလက်သစ်တွေကိုတော့ အခုထိ မသိရသေးပါဘူး။
ရုရှားက ယူကရိန်းမြို့ကြီးတွေကို နေ့တိုင်းနီးပါး ဗုံးကြဲနေတဲ့အချိန်မှာ နယ်မြေပေးရမယ်ဆိုတဲ့ အလားအလာက ယူကရိန်းပြည်သူတွေအတွက် လက်ခံရ အင်မတန် ခက်ခဲတဲ့အရာဖြစ်နေပါတယ်။
Ref – BBC