
အမေရိကန် ရေနံကုမ္ပဏီတွေကို လမ်းဖွင့်ပေးဖို့နဲ့ အဲဒီလို မဟုတ်ရင် စစ်ရေးအရ ကြားဝင်တာမျိုး ကြုံရမယ်ဆိုတဲ့ ထရမ့်ရဲ့ တောင်းဆိုချက်ကို ဗင်နီဇွဲလားအစိုးရက လိုက်လျောလိုက်တယ်ဆိုတာကို ဒီသဘောတူညီချက်က ပြနေပါတယ်။
၇၊ ဇန်နဝါရီ။
ဗင်နီဇွဲလားက အမေရိကန်ဒေါ်လာ နှစ်ဘီလီယံတန်ဖိုးရှိတဲ့ ရေနံစိမ်းတွေကို အမေရိကန်ဆီ တင်ပို့ဖို့ နှစ်နိုင်ငံကြား သဘောတူညီချက် ရခဲ့ပြီလို့ သမ္မတ ထရမ့်က ဇန်နဝါရီလ ၆ ရက်နေ့မှာ ပြောလိုက်ပါတယ်။
ဒါဟာ တရုတ်ကို ပို့နေတဲ့ ရေနံတွေကို လမ်းကြောင်းလွှဲလိုက်တာဖြစ်သလို ဗင်နီဇွဲလား အနေနဲ့ ရေနံထုတ်လုပ်မှု အကြီးအကျယ် လျှော့ချရမယ့် အရေးကနေလည်း သက်သာရာရစေမယ့် ထိပ်တန်းအဆင့် ညှိနှိုင်းမှုတခု ဖြစ်လာခဲ့ပါတယ်။
အမေရိကန် ရေနံကုမ္ပဏီတွေကို လမ်းဖွင့်ပေးဖို့နဲ့ အဲဒီလို မဟုတ်ရင် စစ်ရေးအရ ကြားဝင်တာမျိုး ကြုံရမယ်ဆိုတဲ့ ထရမ့်ရဲ့ တောင်းဆိုချက်ကို ဗင်နီဇွဲလားအစိုးရက လိုက်လျောလိုက်တယ်ဆိုတာကို ဒီသဘောတူညီချက်က ပြနေပါတယ်။
ဗင်နီဇွဲလားရဲ့ ရေနံလုပ်ငန်းကဏ္ဍတခုလုံးကို အမေရိကန်နဲ့ ပုဂ္ဂလိကကုမ္ပဏီတွေ အပြည့်အဝ ဝင်ရောက်လုပ်ကိုင်ခွင့်ပေးဖို့ ယာယီသမ္မတ ဒယ်လ်ဆီ ရော့ဒရီဂွက်ဇ်ကို ထရမ့်က တောင်းဆိုထားပါတယ်။
ဗင်နီဇွဲလားမှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်ကတည်းက ထရမ့်က ပို့ကုန်တွေကို ပိတ်ဆို့ထားခဲ့လို့ သင်္ဘောတွေနဲ့ သိုလှောင်ကန်တွေထဲမှာ ရေနံစည်ပေါင်း သန်းနဲ့ချီပြီး ပိတ်မိနေတာပါ။
ဒီပိတ်ဆို့မှုဟာ သမ္မတ နီကိုလပ်စ် မာဒူရို အစိုးရအပေါ် အမေရိကန်က ဖိအားပေးရာကနေ စခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ အပတ်က မာဒူရိုကို အမေရိကန်တပ်ဖွဲ့တွေက ဖမ်းဆီးလိုက်တဲ့အထိ အခြေအနေက ရောက်သွားခဲ့တာပါ။
ဗင်နီဇွဲလား အဆင့်မြင့်အရာရှိတွေကတော့ မာဒူရို အဖမ်းခံရတာဟာ ပြန်ပေးဆွဲခံရတာပဲလို့ ပြောကြပြီး နိုင်ငံရဲ့ အင်မတန်များပြားတဲ့ ရေနံသယံဇာတတွေကို အမေရိကန်က ခိုးယူဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲထားပါတယ်။ ပိတ်ဆို့ခံထားရတဲ့ ရေနံ စည်ပေါင်း ၃၀ ကနေ သန်း ၅၀ ကြားကို ဗင်နီဇွဲလားက အမေရိကန်လက်ထဲ လွှဲပေးတော့မှာ ဖြစ်တယ်လို့ ထရမ့်က လူမှုကွန်ရက်မှာ ရေးထားပါတယ်။
“ဒီရေနံတွေကို ပေါက်ဈေးအတိုင်း ရောင်းမှာပါ။ ရလာတဲ့ ပိုက်ဆံကိုတော့ ဗင်နီဇွဲလားနဲ့ အမေရိကန် ပြည်သူတွေရဲ့ အကျိုးအတွက် တကယ်သုံးဖို့ ကျွန်တော်ကိုယ်တိုင် ထိန်းချုပ်သွားမယ်”လို့ သူက ဆိုပါတယ်။ အဆိုပါ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ အမေရိကန် စွမ်းအင်ဝန်ကြီး ခရစ်ရိုက်တ်က တာဝန်ယူမှာဖြစ်ပြီး သင်္ဘောတွေပေါ်က ရေနံတွေကို အမေရိကန် ဆိပ်ကမ်းတွေဆီ တိုက်ရိုက်ပို့သွားမှာ ဖြစ်ပါတယ်။
ပိတ်မိနေတဲ့ ရေနံစိမ်းတွေကို အမေရိကန်ကို ပို့ဖို့အတွက်ဆိုရင် ကနဦးမှာ တရုတ်ကို ပို့ဖို့ ရည်ရွယ်ထားတဲ့ ရေနံတင်သင်္ဘောတွေကို လမ်းကြောင်းပြန်ပြောင်းရနိုင်တယ်လို့ သတင်းရင်းမြစ်တွေက ရိုက်တာသတင်းဌာနကို ပြောထားပါတယ်။
၂၀၂၀ ပြည့်နှစ်မှာ အမေရိကန်က ဗင်နီဇွဲလားနဲ့ ရေနံရောင်းဝယ်တဲ့ ကုမ္ပဏီတွေကို ပိတ်ဆို့မှုတွေ လုပ်ခဲ့ပြီးကတည်းက ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဗင်နီဇွဲလားရဲ့ အဓိက ဖောက်သည်ဟာ တရုတ်နိုင်ငံဖြစ်ပါတယ်။
“ဒါကို အောင်မြင်မှုကြီးတခုအနေနဲ့ ထရမ့်က ကြေညာချင်နေတာကြောင့် ဒီကိစ္စကို အမြန်ဆုံး ဖြစ်စေချင်နေတာ”လို့ ရေနံလောကက သတင်းရင်းမြစ်တခုက ဆိုပါတယ်။
ဗင်နီဇွဲလား အစိုးရအရာရှိတွေနဲ့ နိုင်ငံပိုင်ရေနံကုမ္ပဏီ (PDVSA) ဘက်ကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။
ထရမ့်ရဲ့ ကြေညာချက်ထွက်လာပြီးနောက်မှာ အမေရိကန် ရေနံစိမ်းဈေးဟာ ၁.၅ ရာခိုင်နှုန်းကျော် ကျသွားပါတယ်။ ဒီသဘောတူညီချက်ကြောင့် ဗင်နီဇွဲလားကနေ အမေရိကန်ကို ရေနံတွေ ပိုဝင်လာတော့မှာ ဖြစ်လို့ပါ။
လောလောဆယ်မှာတော့ ဒီရေနံတင်ပို့မှုကို အမေရိကန်ရဲ့ ခွင့်ပြုချက်နဲ့ ရှက်ဗရွန်ကုမ္ပဏီကပဲ အပြည့်အဝ ထိန်းချုပ်ထားပါတယ်။
တရက်ကို ရေနံစည် တသိန်းကနေ တသိန်းခွဲအထိ တင်ပို့နေတဲ့ ရှက်ဗရွန်ဟာ ပိတ်ဆို့မှုတွေကြားက ဗင်နီဇွဲလားကနေ ရေနံတွေကို မပြတ်တမ်း တင်ပို့ခွင့်ရနေတဲ့ တခုတည်းသော ကုမ္ပဏီ ဖြစ်ပါတယ်။
ဒီအရောင်းအဝယ်က ရလာမယ့် ငွေကြေးတွေကို ဗင်နီဇွဲလားဘက်က ကိုင်တွယ်ခွင့် ရ၊ မရ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။
ပိတ်ဆို့မှုတွေကြောင့် ဗင်နီဇွဲလား နိုင်ငံပိုင်ရေနံကုမ္ပဏီ PDVSA ဟာ ကမ္ဘာ့ဘဏ္ဍာရေးစနစ်ကနေ ဖယ်ထုတ်ခံထားရပြီး ဘဏ်အကောင့်တွေ အပိတ်ခံထားရသလို ဒေါ်လာနဲ့ အရောင်းအဝယ်လုပ်ဖို့လည်း ပိတ်ပင်ခံထားရပါတယ်။
ဗင်နီဇွဲလားဟာ သူတို့ရဲ့ အဓိက ရေနံအမျိုးအစားဖြစ်တဲ့ Merey ကို ကမ္ဘာ့ရေနံဈေးထက် တစည်ကို ၂၂ ဒေါ်လာလောက် လျှော့ရောင်းနေရတာဖြစ်လို့ ဒီအရောင်းအဝယ်ရဲ့ တန်ဖိုးဟာ ၁.၉ ဘီလီယံလောက်အထိ ရှိနိုင်ပါတယ်။
Ref – Reuters