မအူပင် စက်သုံးဆီဆိုင် မီးလောင်၊တဦးသေဆုံး စိုးရိမ်ရသူ ငါးဦး ရန်ကုန်ဆေးရုံကြီးပို့

“ ပထမ မအူပင်ဆေးရုံကိုပို့တယ်။ ပို့တုန်းမှာပဲ တယောက်ဆုံးတယ် ဆိုင်က အလုပ်သမားလို့ ကြားတယ်။ အခုတော့ မအူပင်ဆေးရုံကြီးမှာ မရတော့လို့ ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်ပြီ။ အသက်ကယ်နိုင်ဖို့ ဆုတောင်းရမှာပေါ့ ”

၆၊ ဇန်နဝါရီလ။

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ အမှတ် (၅)ရပ်ကွက်၊ အမှတ် (၇)လမ်းထိပ်မှာရှိတဲ့ စက်သုံးဆီဆိုင်ဟာ ဒီကနေ့ မွန်းတည့် ၁၂ နာရီ ၂၅ မိနစ်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတဦး သေဆုံးခဲ့သလို ဒဏ်ရာရရှိသူ ၅ ဦးဟာလည်း စိုးရိမ်ရတာကြောင့် ရန်ကုန်ဆေးရုံကြီးဆီ ပြောင်းရွေ့ခဲ့ရပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၄ ဦးပါဝင်ပြီး ဆီဆိုင်ပိုင်ရှင် မိသားစုဝင်တွေလည်း ပါဝင်တယ်လို့ ပတ်ဝန်းကျင် ဒေသခံတွေက ပြောပါတယ်။

“ ပထမ မအူပင်ဆေးရုံကိုပို့တယ်။ ပို့တုန်းမှာပဲ တယောက်ဆုံးတယ် ဆိုင်က အလုပ်သမားလို့ ကြားတယ်။ အခုတော့ မအူပင်ဆေးရုံကြီးမှာ မရတော့လို့ ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်ပြီ။ အသက်ကယ်နိုင်ဖို့ ဆုတောင်းရမှာပေါ့ ” လို့ ဆီဆိုင်ပိုင်ရှင်ရဲ့ မိတ်ဆွေဖြစ်သူ ဒေါ်ဝေဝေမြင့်က ဆိုပါတယ်။

 

မီးလောင်မှုဟာ ဓာတ်ဆီလှယ်ရင်း ပွတ်တိုက်မှုဖြစ်ရာကနေ စတင်လောင်ကျွမ်းတာဖြစ်ပြီး ဓာတ်ဆီဆိုင်ဖြစ်တာကြောင့် မီးရှိန်ပြင်းထန်ခဲ့သလို ၁၅ မိနစ်ဝန်းကျင် မီးထိန်းနိုင်တဲ့အချိန်မှာ ဆိုင်အတွင်းမှာရှိတဲ့ လူတွေ ထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေထိ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

“ ဘေးတွေကိုတော့ မကူးလိုက်ဘူး။ ကမ်းနားမှာလည်းဖြစ်တော့ ရေကမြန်မြန်ရတာရော၊ မီးသတ်က မြန်မြန်ရောက်လာတာရော ရပ်ကွက်က ဝိုင်းညှိမ်းကြတာရောနဲ့ ဆိုတော့ ခဏနဲ့ မီးထိန်းနိုင်လိုက်ပါတယ် ” လို့ ဒေါ်ဝေဝေမြင့်က ပြောပါတယ်။

ဒီမီးလောင်မှုကို မအူပင်မြို့နယ် မီးသတ်တပ်ဖွဲ့က သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရပ်ရွာအခြေပြု အဖွဲ့တွေ ပူးပေါင်းငြိမ်းသတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။