ဧရာ၀တီက ကျေးရွာတွေ တလတယောက် စစ်မှုထမ်း ပေးနေရပြီ

“အခုလို တလတခါ ခေါ်နေတဲ့အတွက်ကြောင့် ကျွန်တော်တို့အတွက် အရမ်းဝန်ပိတယ်။ လစဥ်လတိုင်း စစ်မှုထမ်းကြေး ဘယ်လောက်ပေးဆောင်ရမလဲ အရင်လက အတိုင်းလား၊ အရင်လထက် ပိုပေးရမလားကို တွေပြီးပူနေရတယ်။

၆၊ ဇန်နဝါရီ။

ဧရာ၀တီတိုင်းအတွင်းမှာ အရင်က ကျေးရွာတခုအတွက် ငါးလဝန်းကျင်လောက်မှ  စစ်မှုထမ်းရမယ့် လူတယောက်နှုန်းစီ ပေးကြရပေမယ့် အခုအခါမှာတော့ တလမှာ တယောက်နှုန်းကျစီ ပုံမှန်တောင်းခံလာတာကြောင့် ဒေသခံ တွေမှာ စစ်မှုထမ်းကြေးတိုးပေးရ၊ အငှားလိုက်မယ့်လူ ရှာရတာတွေကြောင့်  အကြပ်အတည်းနဲ့ ကြုံနေကြရပါတယ်။

“တလတယောက်ဗျ အခုက။ မနည်း ရုန်းကန်နေရတယ်။ အရင်လို လေးလတကြိမ် စစ်မှုထမ်းခေါ်ရင်တော့ အခု ထက် ပိုပြီး အဆင်ပြေပါတယ်။ အခုက တလတခါဆိုတော့ အရမ်းဒုက္ခရောက်နေရပါတယ်ဗျာ” လို့ ဧရာ၀တီ တိုင်း ဘိုကလေးမြို့နယ်မှ ဒေသခံလူငယ်တဦးက ပြောပါတယ်။

တပ်သားလိုအပ်ချက် များစွာရှိနေတဲ့ စစ်တပ်ဟာ စစ်မှုထမ်းသင်တန်းတွေ ဆက်တိုက်ခေါ်နေပြီး စစ်မှုထမ်းရမယ့် လူအရေအတွက်ကိုလည်း တလထက်တလ တိုးခေါ်လာနေတာ ဖြစ်ပါတယ်။

ဧရာ၀တီတိုင်းအတွင်းက မြို့နယ်တွေမှာ အရင်တုန်းကဆိုရင် လေးလ၊ ငါးလဝန်းကျင်လောက်နေမှ စစ်မှုထမ်းတယောက်စီ ပေးကြရပြီး အဲဒီအတွက် လူမလိုက်နိုင်ရင် စစ်မှုထမ်းကြေး ကောက်ခံပြီး စစ်မှုထမ်းလိုက်မယ့်သူကို ငှားရမ်း၊ ထည့်ပေးကြရတာဖြစ်ပါတယ်။

“အခုလို တလတခါ ခေါ်နေတဲ့အတွက်ကြောင့် ကျွန်တော်တို့အတွက် အရမ်းဝန်ပိတယ်။ လစဥ်လတိုင်း စစ်မှုထမ်းကြေး ဘယ်လောက်ပေးဆောင်ရမလဲ အရင်လက အတိုင်းလား၊ အရင်လထက် ပိုပေးရမလားကို တွေပြီးပူနေရတယ်။ မိသားစုစားဝတ်နေရေးကတဖက် စစ်မှုထမ်းကြေးကတဖက် ကုန်စျေးနှုန်းတွေကတဖက်နဲ့ အလုပ်အကိုင် တွေကလည်း ရှားပါလာတော့ ချမ်းသာဖို့အတွက်ထက် ထမင်းနတ်မှန်အောင်ပဲ လုပ်နေရတယ်” လို့ အထက်ပါ လူငယ်က ပြောပါတယ်။

စစ်ကော်မရှင်လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့ဟာ စစ်မှုထမ်းကြေးကိုလည်း အရင်လတွေကထက် အခုလပိုင်းမှာ တိုးလာတာရှိတယ်လို့ ပြောကြပါတယ်။ “စစ်မှုထမ်းကြေးအတွက် အရင်က တယောက်ကို တသိန်းလောက် ပေးရတယ်၊ အခုကျတော့ တသိန်းလေးသောင်းပေးရတယ်။ လူများရင်တော့ နည်းနည်းလျှော့ပေးတယ်။ ဒါပေမယ့် စစ်မှုထမ်းစရိတ်နဲ့တောင် လူတွေမွဲနေကြပြီ” လို့ ဖျာပုံမြို့နယ်မှ သားနှစ်ယောက်ရှိတဲ့ မိခင်တဦးက ပြောပါ တယ်။

စစ်တပ်ဟာ စစ်မှုထမ်းပါသူတွေကို ရက်တိုသင်တန်းပေးပြီး ရှေ့တန်းပို့ကာ စစ်မြေပြင်ရှေ့ဆုံးနေရာ တွေမှာထား၊ စစ်တိုက်ခိုင်းပြီး ထွက်ပြေးသူတွေကို ပစ်ခတ်သတ်ဖြတ်တာတွေပါ ရှိနေတယ်လို့ ကိုယ်တိုင်စစ်မှုထမ်းပါသွားပြီး ထွက်ပြေးလွတ်မြောက်လာသူတွေက မျက်မြင်အဖြစ်အပျက်တွေကို ပြန်ပြောထားကြပါတယ်။

အလားတူပဲ ဧရာ၀တီတိုင်းအတွင်းမှာလည်း လက်ရှိတိုက်ပွဲ ဖြစ်ပွားနေတဲ့ သာပေါင်း၊ လေးမျက်နှာ၊ ရွှေသောင်ယံ မြို့နယ်တွေမှာရှိတဲ့ ရှေ့တန်းစစ်မျက်နှာတွေဆီ စစ်မှုထမ်းသင်တန်းဆင်းတွေကို ပို့နေပြီး တိုက်ပွဲအတွင်း သေဆုံး သွားသူတွေရဲ့အလောင်းတွေကိုလည်း မိသားစုဆီ ပြန်ပို့မပေးဘူးလို့ သိရပါတယ်။

“ရှေ့တန်းမှာက ပစတွေများတယ်။ ထက်ဝက်နီးပါးလောက်တောင်ရှိတယ်။ သေတာအများစုကလည်း ပစတွေပဲ၊ သူတို့အလောင်းတောင် ပြန်မကောက်နိုင်ဘူး” လို့ ဧရာ၀တီတိုင်းအတွင်းမှ စစ်ရေးနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တ ဦးက ပြောပါတယ်။

အဲဒီလို ရှေ့တန်းစစ်မျက်နှာတွေမှာ သေဆုံးသူတွေများနေတာ၊ သေသွားခဲ့ရင်လည်း အလောင်းပြန်မရတာတို့ ကြောင့် စစ်မှုထမ်းအငှားလိုက်မယ့်သူတွေလည်း ရှားပါးလာပြီး စျေးနှုန်းတွေပါ တက်လာတယ်လို့ သိရပါတယ်။

“အရင်ကတော့ သိန်းတရာဝန်းကျင်ဆိုရင် လိုက်ကြတယ်။ အခုက တရာကျော်၊ နှစ်ရာနီးပါးထိတောင် ပေး ရတယ်” လို့ မြန်အောင်မြို့နယ်မှ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

အဲဒီစစ်မှုထမ်းကြေးကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ဦးဆောင်ပြီး ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကနေ ကောက်ခံနေတာဖြစ်ပြီး စစ်မှုထမ်း အစားထိုး ငှားရမ်းဖို့ စားရိတ်ထက် ပိုတဲ့ငွေတွေကို အုပ်ချုပ်ရေးအဖွဲ့က ဖြတ်ယူနေကြတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

စစ်မှုထမ်းကြေးဆိုတာဟာ စစ်ကော်မရှင်က ပြဌာန်းထားတဲ့ စစ်မှုထမ်းဥပဒေပါ စစ်မှုထမ်းရမယ့်အ သက်အရွယ်ရှိ နေသူတွေ စစ်မှုမထမ်းလိုတဲ့အခါ ပေးရတဲ့ လစဉ်ကြေးဖြစ်ပြီး စစ်မှုထမ်းလိုက်ပါမယ့်သူတွေကို ငှားရမ်းဖို့အတွက် ကောက်ခံတဲ့ငွေကြေးဖြစ်ပြီး ကောက်ခံရရှိငွေထဲက ပိုငွေတွေဟာ စစ်ကော်မရှင် လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့နဲ့ နယ်မြေခံ စစ်ကော်မရှင်တပ် အရာရှိတွေ အိတ်ကပ်ထဲ ရောက်သွားတယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင် လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေဟာ ဧရာ၀တီတိုင်းအတွင်းက မြို့နယ်တိုင်း၊ ကျေးရွာ၊ ရပ်ကွက်တိုင်းမှာ စစ်မှုထမ်းစရိတ်လို့ဆိုပြီး လစဉ်ငွေကြေး ကောက်ခံနေတာဖြစ်ပြီး လူတဦးအတွက် အနည်းဆုံး ကျပ်သုံးသောင်းကနေ တသိန်းခွဲလောက်ထိ ကောက်ခံကာ ငွေကြးမထည့်နိုင်သူ မိသားစုတွေဟာ စစ်မှုထမ်းပါသွားတာ၊ ဖမ်းဆီးခံရမှာ စိုးရိမ်တဲ့အတွက် တိမ်းရှောင်ကြရတာတွေ ရှိနေပါတယ်။

တောင်သူလယ်သမား အများစုရှိတဲ့ ဧရာ၀တီတိုင်းအတွင်းမှာ ဒေသခံပြည်သူတွေဟာ သွင်းအားစု စျေးကြီးတာ၊ စပါးစျေးကောင်း မရတာတို့ကြောင့် စားဝတ်နေရေး အခက်အခဲ ကြုံနေရချိန် အခုလိုမျိုး စစ်မှုထမ်းစရိတ်ပါ လစဉ်ပေးနေကြရတာကြောင့် အခက်အခဲများစွာနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

အချို့လူငယ်တွေဆိုရင် စစ်မှုမထမ်းချင်တာကြောင့် ထိုင်းအပါအဝင် နိုင်ငံရပ်ခြားသို့ ပွဲစားတွေဆီကတဆင့် ထွက်သွားကြရပြီး လမ်းခုလတ်မှာ ဖမ်းဆီးခံရတာတွေလည်း ရှိနေပါတယ်။

နိုင်ငံအဝှမ်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နေ့စဉ်တိုက်ပွဲဖြစ်နေပြီး နယ်မြေ၊ စစ်သားအင်အားများစွာ ဆုံးရှုံးထားရတဲ့ စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ထိ အမျိုးသမီးဆိုရင် ၁၈ နှစ်ကနေ ၂၇ နှစ်ထိ စစ်မှုထမ်းရမယ်လို့ ဥပဒေ ပြဌာန်းခဲ့ပါတယ်။

အဲဒီနောက် အသက် ၁၈ နှစ်ပင် မပြည့်သေးသူတွေ၊ အထက်တန်းကျောင်းသားအရွယ်ဆယ်ကျော်သက်လူငယ် တွေကို အတင်းအဓမ္မဖမ်းဆီး၊ ပေါ်တာဆွဲကာ စစ်သင်တန်းပေး ရှေ့တန်းပို့နေခဲ့ပြီး အခုအခါ စစ်မှုထမ်းသင်တန်း အပတ် စဉ် ၂၀ ထိ ရှိခဲ့ပြီဖြစ်ပါတယ်။