ဂဏန်းစျေးကျလို့ ဂဏန်းရှာပြီး အသက်မွေးတဲ့ ကျပန်းအလုပ်သမားတွေ အခက်ကြုံ

“အရင်ကဆိုရင် ဂဏန်းထောင်ပြီး ဒိုင်မှာသွင်းရင် မိသားစုအဆင်ပြေတယ်။ အခုက ကိုယ့်ရွာတွေလောက်ပဲ ပတ် ရောင်းရတာများတော့ အဆင်မပြေတော့ဘူး”

၅၊ ဇန်နဝါရီ။

ဧရာ၀တီတိုင်းမှာ ပို့ဆောင်ရေးလမ်းကြောင်းတွေ ကြန့်ကြာတာ၊ ပြည်ပဝယ်လိုအား ကျသွားတာတွေကြောင့် ဂဏန်းစျေးတွေ ကျနေပါတယ်။

“လမ်းကြောင်းတွေမကောင်းလို့၊ အဝယ်ဒိုင်တွေကလည်း သိပ်မဝယ်ဘူး၊ စျေးက သိပ်မရတော့ဘူး၊ စျေးကျ တယ်၊ တပိဿာကို တသောင်းကျော်လောက်ပဲရှိတော့တယ်။ တနိုင်တပိုင်ရှာစားတဲ့သူတွေမှာ တနေ့ရှာလို့ တရက်စာ မစားရတော့ဘူးဖြစ်သွားတာပေ့ါ စျေးကျရင်” လို့ ဧရာ၀တီတိုင်း ဖျာပုံမြို့နယ်မှ တနိုင်တပိုင် ဂဏန်း ထောင်ပြီး ရောင်းချ၊ စားသောက်နေတဲ့ ကိုကျော်လှက ပြောပါတယ်။

ဧရာ၀တီတိုင်းအတွင်းမှာ အရင်က ဂဏန်းအကောင်ကြီး တပိဿာကို ကျပ်သုံးသောင်းခွဲကျော်၊ အကောင်သေး တပိဿာကို ကျပ်နှစ်သောင်းကျော်ရှိခဲ့ရာကနေ အခုအခါ အကောင်ကြီးတပိဿာကို ကျပ်သုံးသောင်းဝန်းကျင်၊ အကောင်သေးတပိသာကို ကျပ်တသောင်းခွဲဝန်းကျင်သာ ရှိတော့တာပါ။

“အရင်ကဆိုရင် ဂဏန်းထောင်ပြီး ဒိုင်မှာသွင်းရင် မိသားစုအဆင်ပြေတယ်။ အခုက ကိုယ့်ရွာတွေလောက်ပဲ ပတ် ရောင်းရတာများတော့ အဆင်မပြေတော့ဘူး” လို့ ကျော်လှက ပြောပါတယ်။

အရင်တုန်းက ဧရာတိုင်းအတွင်းက ဂဏန်းတွေကို ရန်ကုန်၊ မန္တလေးအပြင် ပြည်ပနိုင်ငံတွေကိုပါ တင်ပို့၊ ရောင်းချ နေခဲ့တာဖြစ်ပြီး အခုအခါမှာတော့ ပြည်ပပို့တဲ့လမ်းကြောင်းတွေ ပိတ်သွားခဲ့ပြီး ပြည်ပဝယ်လိုအား လျော့ကျ သွားခဲ့ကာ ရန်ကုန်၊ မန္တလေး လမ်းကြောင်းတွေဟာလည်း ခရီးကြန့်ကြာမှုတွေ ရှိနေတယ်လို့ ဒေသတွင်း ဂဏန်း ရောင်းဝယ်ရေးလုပ်နေသူတွေက ပြောကြပါတယ်။

ဖျာပုံ၊ လပွတ္တာ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ မအူပင် စတဲ့မြို့နယ်တွေမှာ ဂဏန်းကို အဓိက မွေးမြူ၊ ရှာဖွေကြပြီး လက်လုပ်လက်စား ဂဏန်းရှာဖွေ ရောင်းချသူတွေလည်း အများအပြားရှိနေတာပါ။

“ကားဂိတ်ကနေပို့ရင် အရင်လို မြန်မြန်ဆန်ဆန် မရောက်ဘူး။ ခရီးကြာတယ်။ စရိတ်လည်း ပိုကြီးတယ်။ ဝယ်လိုအားက သိပ်မရှိတော့ဘူး၊ ဆိုင်တွေကိုလောက်ပဲ အဓိကပို့နေရတယ်” လို့ မော်လမြိုင်ကျွန်းမြို့နယ်မှ ဂဏန်းဝယ် ရောင်းလုပ်နေသူတဦး က ပြောပါတယ်။

ဧရာ၀တီတိုင်းအတွင်းက ဂဏန်းရှာဖွေရောင်းချသူတွေအဖို့ စျေးကျနေပေမယ့် ပုသိမ်၊ မအူပင်၊ ရန်ကုန်စတဲ့ အဝယ်ဒိုင်ကြီးမှာတော့ စျေးသိသိသာသာ ကျတာမရှိဘူးလို့ ပြောကြပါတယ်။

“စျေးနည်းနည်းတော့ကျတယ်။တပိဿာမှာ ဆယ်ကောင်ဝင်လောက်ဆိုရင် တပိဿာ သုံးသောင်းခွဲလောက် ရှိတယ်၊အရင်ကတော့စျေးပိုရတာပေ့ါ” လို့ မအူပင်မြို့နယ်မှ ဂဏန်းဝယ်ရောင်းနေသူတဦးက ပြောပါတယ်။

ဧရာ၀တီတိုင်းအတွင်းမှာ ဂဏန်းမဲတွေအပြင် ဂဏန်းပျော့တွေလည်း မွေးမြူ၊ ရောင်းချတာတွေရှိနေပြီး အခုအခါ ပြည်ပဝယ်လိုအား ကျသွားတာကြောင့် မွေးမြူရေး လုပ်သူတွေအဖို့ သွင်းအားစု၊ အလုပ်သမားစရိတ်နဲ့ ပြန်ရတဲ့ အမြတ်မကိုက်တာကြောင့် ဂဏန်းပျော့မွေးသူတွေလည်း လျော့နည်းလာနေတယ်လို့ သိရပါတယ်။

ဧရာ၀တီတိုင်းအတွင်းက ဂဏန်းတွေကို စစ်တပ်အာဏာ မသိမ်းခင်တုန်းက ရန်ကုန်ကနေတဆင့် အထက်မြန်မာ ပြည် ၊ မူဆယ်၊ တရုတ် ၊ထိုင်ဝမ်၊ မလေးရှား ၊ထိုင်း၊ စင်ကာပူနဲ့ ဥရောပနိုင်ငံတွေကို တင်ပို့ရောင်းချခဲ့ပြီးတော့ အခုအခါ မူဆယ်၊ ကော့သောင်းလမ်းအပါအဝင် လမ်းကြောင်းအများစု ပိတ်သွားခဲ့ပြီး လေကြောင်းနဲ့ ရေ ကြောင်းက သာ တင်ပို့နေတယ်လို့ သိရပါတယ်။