ဗင်နီဇွဲလားသမ္မတကို အမေရိကန်က ဖမ်းဆီးလိုက်တာ တရားဝင်ရဲ့လား

နိုင်ငံတကာဥပဒေအရ နိုင်ငံတကာဆက်ဆံရေးမှာ စစ်ရေးအရ အင်အားသုံးတိုက်ခိုက်တာကို တားမြစ် ထားပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ခွင့်ပြုချက် ဒါမှမဟုတ် ကိုယ့်နိုင်ငံကိုယ် ခုခံကာကွယ်ဖို့ စတဲ့ခြွင်းချက်အနေအထားမှာသာ ခွင့်ပြုထားတာ ဖြစ်ပါတယ်။

၄၊ ဇန်နဝါရီ။

ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုကို အမေရိကန်တပ်ဖွဲ့တွေက စနေနေ့ နံနက်အစောပိုင်းမှာ စစ်ဆင်ရေးတခုနဲ့ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒါဟာ သမ္မတ ဒေါ်နယ်ထရမ့် အစိုးရက လအတော်ကြာ ဖိအားပေးဆောင်ရွက်ခဲ့တဲ့ နောက်ဆုံး ရလဒ်ဖြစ်ပြီး တချို့ နိုင်ငံတကာခေါင်းဆောင်တွေကတော့ အဆိုပါ လုပ်ရပ်ကို ရှုတ်ချထားပါတယ်။

မာဒူရိုဟာ ရာဇဝတ်မှုဆိုင်ရာ စွဲချက်တွေကို ရင်ဆိုင် ဖို့အတွက် နယူးယောက်ဆီ ဦးတည်မောင်းနှင်နေတဲ့ စစ်သင်္ဘောပေါ်မှာ ရောက်ရှိနေကြောင်း အမေရိကန်အရာရှိတွေက မနေ့က ပြောကြားထားပါတယ်။

🔹 ဘာတွေ ဖြစ်ခဲ့တာလဲ

စနေနေ့မှာ အမေရိကန်တပ်ဖွဲ့တွေဟာ ဗင်နီဇွဲလားနိုင်ငံထဲကိုဝင်ရောက်ပြီး တရားမဝင်ခေါင်းဆောင်
အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခံထားရသူ မာဒူရိုနဲ့ သူရဲ့ဇနီး စီလီယာ ဖလောရက်စ်တို့ကို ဖမ်းဆီးခဲ့ပါတယ်။

သမ္မတထရမ့်ဟာ မာဒူရိုကို အာဏာစွန့်ဖို့ တိုက်တွန်းနေခဲ့ပြီး သူ့ကို ဝါရှင်တန်က အကြမ်းဖက်အုပ်စုတွေအဖြစ် သတ်မှတ်ထားတဲ့ မူးယစ်ဆေးဂိုဏ်းတွေကို ထောက်ပံ့နေတယ်လို့ စွပ်စွဲထားပါတယ်။ အဆိုပါ မူးယစ်ဆေးဂိုဏ်းတွေဟာ တရားမဝင် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် သေဆုံးရတဲ့ အမေရိကန်နိုင်ငံသား ထောင်ပေါင်းများစွာအတွက် တာဝန်ရှိတယ်လို့လည်း ထရမ့်က ဆိုထားတာပါ။

စက်တင်ဘာလကနေစပြီး ကာရစ်ဘီယံနဲ့ ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ဗင်နီဇွဲလားနိုင်ငံကနေ မူးယစ်ဆေးဝါး မှောင်ခိုကူးတယ်လို့ ယူဆရတဲ့ လှေတွေကို အမေရိကန်တပ်ဖွဲ့တွေက အနည်းဆုံး အကြိမ် ၃၀ ခန့် တိုက်ခိုက်ခဲ့ရာ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ အဆိုပါလုပ်ရပ်တွေနဲ့ ပတ်သတ်လို့ အမေရိကန်ဥပဒေနဲ့ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ဖွယ်ရှိကြောင်း ဥပဒေပညာရှင် တွေက ထောက်ပြကြပါတယ်။

🔹 အမေရိကန်က အခုလုပ်ရပ်အပေါ် ဘယ်လို အကြောင်းပြချက်ပေးထားလဲ

မာဒူရိုနဲ့အတူ သူရဲ့ဇနီး၊ သားဖြစ်သူ၊ နိုင်ငံရေးခေါင်းဆောင် နှစ်ဦးနဲ့ နိုင်ငံတကာဂိုဏ်းတခုရဲ့ ခေါင်းဆောင်လို့ ယူဆရသူတဦးတို့ကို နယူးယောက် ဂျူရီအဖွဲ့က စွဲချက်တင်ထားတာကြောင့် သူတို့ကို ဖမ်းဆီးဖို့ တရားရေးဝန်ကြီးဌာနက စစ်ဘက်ဆိုင်ရာ အကူအညီတောင်းခံခဲ့တာ ဖြစ်တယ်လို့ အမေရိကန် အာဏာပိုင်တွေ ပြောကြားထားပါတယ်။

သူတို့အားလုံးကို အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးမှု၊ လက်နက်တွေနဲ့ ပတ်သက်တဲ့ ရာဇဝတ်မှုတွေနဲ့ စွဲချက်တင်ထားတာဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ထရမ့်က အမေရိကန်ရဲ့
ရေနံအကျိုးစီးပွားတွေကို ခိုးယူမှုအတွက် ဗင်နီဇွဲလားကို အပြစ်တင်ခဲ့ပြီး ဝါရှင်တန်အနေနဲ့ ပြန်လည် သိမ်းယူမှာဖြစ်သလို ဗင်နီဇွဲလားနိုင်ငံကို ကာလတခုအထိ စီမံအုပ်ချုပ်ဖို့ အစီအစဉ်ရှိတယ်လို့ အသိပေးထားပေမယ့် အသေးစိတ်ကိုတော့ မပြောထားပါဘူး။

နိုင်ငံတကာ ဥပဒေကျွမ်းကျင်သူတွေက ထရမ့်အစိုးရဟာ အခုစစ်ဆင်ရေးကို ပစ်မှတ်ထားပြီး ဥပဒေစိုးမိုးရေး လုပ်ဆောင်ချက်ဖြစ်တယ်လို့ဆိုတဲ့အပြင် အမေရိကန်က ဗင်နီဇွဲလားကို ရေရှည်ထိန်းချုပ်ဖို့အတွက် အစပျိုးမှုအဖြစ်ပါ ပြောဆိုနေတာကြောင့် ဥပဒေကြောင်းအရ ရှုပ်ထွေးမှုတွေ ဖြစ်စေနိုင်တယ်လို့ ဆိုကြပါတယ်။

“ဒါကို ဥပဒေစိုးမိုးရေး စစ်ဆင်ရေးတခုလို့ ပြောပြီးမှ တခါ ပြန်လှည့်ပြီး အခု ငါတို့ ဒီနိုင်ငံကို အုပ်ချုပ် ဖို့ လိုအပ်တယ်လို့ ပြောလို့မရပါဘူး။ ဒါဟာ လုံးဝကို အဓိပ္ပာယ်မရှိတဲ့ ကိစ္စပါ” လို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အထူးပြု Northeastern တက္ကသိုလ် ရဲ့ ပါမောက္ခ ဂျေရမီ ပေါလ်က ပြောပါတယ်။

🔹 ဥပဒေမှာ ဘာပြောထားလဲ

အမေရိကန် လွှတ်တော်မှာ စစ်ကြေညာနိုင်တဲ့ အာဏာရှိပေမဲ့ သမ္မတဟာ စစ်သေနာပတိချုပ် ဖြစ်ပါတယ်။ သမ္မတတွေဟာ စစ်ဆင်ရေးနယ်ပယ် အရ အကန့်အသတ်ရှိတယ်ဆိုပေမယ့် နိုင်ငံတော် အကျိုးစီးပွားအတွက် ဖြစ်ပါက စစ်ရေးအရ အရေးယူဆောင်ရွက်မှုတွေကို တရားဝင်လုပ်ဆောင်နိုင်ကြောင်း အကြောင်းပြလေ့ရှိကြပါတယ်။

ထရမ့်ရဲ့ အမှုထမ်းအရာရှိချုပ် ဆူစီ ဝိုင်းလ်စ်က ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက Vanity Fair မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ထရမ့်အနေနဲ့ ဗင်နီဇွဲလားမှာ “မြေပြင် လှုပ်ရှားမှုတချို့”ကို ခွင့်ပြုရင် လွှတ်တော် ရဲ့ အတည်ပြုချက် လိုအပ်မှာဖြစ်တယ်လို့ ပြောဖူးပါတယ်။ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကတော့ စနေနေ့ စစ်ဆင်ရေး မတိုင်မီ လွှတ်တော် ကို အသိပေးတာ မရှိခဲ့ဘူးလို့ ဆိုထားပါတယ်။

နိုင်ငံတကာဥပဒေအရ နိုင်ငံတကာဆက်ဆံရေးမှာ စစ်ရေးအရ အင်အားသုံးတိုက်ခိုက်တာကို တားမြစ် ထားပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ခွင့်ပြုချက် ဒါမှမဟုတ် ကိုယ့်နိုင်ငံကိုယ် ခုခံကာကွယ်ဖို့ စတဲ့ခြွင်းချက်အနေအထားမှာသာ ခွင့်ပြုထားတာ ဖြစ်ပါတယ်။

🔹 မူးယစ်ဆေးဝါး မှောင်ခိုကူးမှုနဲ့ ဂိုဏ်းစတား

အကြမ်းဖက်မှုတွေကို ရာဇဝတ်မှုဆိုင်ရာ လှုပ်ရှားမှုအဖြစ်သာ သတ်မှတ်ထားပြီး စစ်ရေးအရ တုံ့ပြန်ဖို့နဲ့ လက်နက်ကိုင် ပဋိပက္ခအဆင့်ထိ မမီဘူးလို့ ဥပဒေကျွမ်းကျင်သူတွေက ဆိုထားပါတယ်။

“ရာဇဝတ်မှုနဲ့ စွဲချက်တင်ထားရုံနဲ့ နိုင်ငံခြားအစိုးရတခုကို ဖြုတ်ချဖို့ စစ်အင်အားသုံးခွင့် မရှိပါဘူး။ အစိုးရအနေနဲ့ ဒါကို မိမိကိုယ်ကိုယ် ခုခံကာကွယ်မှုဆိုတဲ့ အယူအဆအပေါ်မှာ အခြေခံပြီး ခုခံပြောဆိုပါလိမ့်မယ်”လို့ အမျိုးသားလုံခြုံရေးဥပဒေ အထူးပြု ကိုလံဘီယာ တက္ကသိုလ်ရဲ့ ဥပဒေပါမောက္ခ မက်သယူး ဝက်စ်မန်းက ပြောပါတယ်။

မဲမသမာမှုတွေရှိတယ်လို့ ဆိုတဲ့ ၂၀၁၉ ရွေးကောက်ပွဲ နောက်ပိုင်းကတည်းက မာဒူရိုကို ဗင်နီဇွဲလားရဲ့ တရားဝင်ခေါင်းဆောင်အဖြစ် အမေရိကန်က အသိအမှတ်မပြုခဲ့ပါဘူး။

🔹 အရင်က ဒီလို အလားတူ သာဓကတွေရှိလား

အမေရိကန်ဟာ လစ်ဗျားအပါအဝင် နိုင်ငံခြားတိုင်းပြည်တွေမှာ ရာဇဝတ်မှုသံသယရှိသူတွေကို ဖမ်းဆီးခဲ့ဖူးပေမဲ့ ဒေသအာဏာပိုင်တွေရဲ့ သဘောတူညီချက်ကို ရယူခဲ့ပါတယ်။ လက်ရှိအမေရိကန်အစိုးရက မာဒူရိုကို တရားမဝင်ခေါင်းဆောင်
အဖြစ် သတ်မှတ်ထားပေမယ့် ဝါရှင်တန်ဟာ မာဒူရိုကို ဖမ်းဆီးဖို့ ခွင့်ပြုနိုင်တဲ့ တခြား ဗင်နီဇွဲလား ခေါင်းဆောင်တဦးကိုလည်း အသိအမှတ်ပြုထားတာ မရှိသေးပါဘူး။

၁၉၈၉ ခုနှစ်မှာ အမေရိကန်ဟာ ပနားမားခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်ကြီး မန်နျူရယ် နိုရီဂါကို အလားတူ အခြေအနေမျိုးမှာ ဖမ်းဆီးခဲ့ဖူးပါတယ်။ နိုရီဂါဟာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ စွဲချက်တွေနဲ့ စွဲဆိုခံထားရပြီး ပနားမားတပ်ဖွဲ့တွေက အမေရိကန်စစ်သားတဦးကို သတ်ဖြတ်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့အတွက် ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဝါရှင်တန်က ပြောခဲ့ပါတယ်။

အဲဒီအချိန်က အမေရိကန်ဟာ နိုရီဂါကို တရားမဝင်ခေါင်းဆောင်အဖြစ် စွပ်စွဲခဲ့ပြီး နိုရီဂါ အနိုင်ရတယ်လို့ ကြေညာခဲ့တဲ့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းကိုသာ နိုင်ငံရဲ့ ခေါင်းဆောင် အဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။

ဟွန်ဒူးရပ်စ် သမ္မတဟောင်း ဟွမ် အော်လန်ဒို ဟာနန်ဒက်စ်ကိုလည်း ၂၀၂၂ ခုနှစ်မှာ အမေရိကန်ဆီ လွှဲပြောင်းပေးခဲ့ပြီး နောက်ပိုင်း မူးယစ်ဆေးဝါးမှုတွေနဲ့ ထောင်ဒဏ် ၄၅ နှစ် ချမှတ်ခဲ့ပါတယ်။

ထရမ့်ဟာ ဒီဇင်ဘာလမှာ ဟာနန်ဒက်စ်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။ နိုင်ငံတကာဥပဒေမှာ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှု ယန္တရားတွေ ကင်းမဲ့နေလို့ အမေရိကန်ရဲ့ ဗင်နီဇွဲလား လုပ်ရပ်တွေဟာ တရားမဝင်ဘူးလို့ ဆိုနေကြပေမဲ့ အမေရိကန်ဟာ တစုံတရာ အရေးယူခံရမှာကို ဥပဒေကျွမ်းကျင်သူတွေက သံသယရှိနေကြပါတယ်။

“ဘယ်ဥပဒေရေးရာ အဖွဲ့အစည်းကမှ အစိုးရအပေါ် လက်တွေ့ကျတဲ့ အကျိုးဆက်တွေ ဖြစ်လာအောင် လုပ်နိုင်ဖို့ ခဲယဉ်းပါတယ်”လို့ Northeastern တက္ကသိုလ်ရဲ့ ပါမောက္ခ ပေါလ်က ဆိုပါတယ်။