
“ကိုယ့်အလုပ်လေးကိုယ် လုပ်စားနေလို့ ရရင်တောင် အဆင်ပြေပါသေးတယ်။ ကယ်ဆယ်ရေး တွေ မရရင်လည်းပဲ။ အခုဟာက အပေါ်ကလာမယ့်ဟာကို အချိန်မရွေးကြောက်နေရတယ်”
၃၊ ဇန်နဝါရီ။
စစ်ကောင်စီ အနေနဲ့ ရွေးကောက်ပွဲ မကျင်းပတော့ဘူးလို့ ကြေငြာထားတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲ၊ ဂွမြို့နယ်တွေမှာ စစ်တပ်က လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တာတွေ ဆက်တိုက်ရှိနေတာကြောင့် စစ်ဘေးရှောင်တွေနဲ့ ဒေသခံပြည် သူတွေဟာ စားဝတ်နေရေး ပိုမိုကြပ်တည်းလာနေပါတယ်။
“နေဝင်ပြီဆိုရင် ကြောက်နေရပြီ၊ လေယာဉ်က နေ့တိုင်းဝဲတယ်။ အိမ်ပေါ်တောင် မအိပ်ရဲကြတဲ့ အခြေအနေပါ၊ နေဗီကလည်း ပစ်တာရှိတော့ ရှာစားဖွေစားဖို့တောင် မရဘူး။ တော်တော်ကြီးကို အခက်အခဲဖြစ်နေကြတဲ့ အခြေအနေပါ။ အကူအညီတွေကလည်း မရသလောက် ဖြစ်နေတာပါ အခုနောက်ပိုင်းတွေမှာ” လို့ သံတွဲမြို့နယ်မှ လူမှုကူညီရေး ဆောင်ရွက်နေသူ လူငယ်တဦးက ပြောပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်နဲ့ ၃၁ ရက် နှစ်သစ်ကူးညတွေမှာ သံတွဲမြို့ပေါ်နဲ့ ငပလီမြို့၊ လင်း သာရပ်ကွက်တွေကို လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူ ကိုးဦးထက်မနည်း သေဆုံးကာ ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
ဒ့ါအပြင် ဂွမြို့နယ်ကိုလည်း ပင်လယ်ပြင်ရှိ စစ်ရေယာဉ်တွေဆီကနေ လက်နက်ကြီးတွေနဲ့ နေ့စဉ်နီးပါး ပစ်ခတ် တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ အဲဒီလို လေကြောင်း၊ လက်နက်ကြီးတွေကြောင့် တနေ့လုပ်စာ တနေ့စားကြရတဲ့ အခြေခံလက်လုပ်လက်စား ပြည်သူတွေမှာ စားဝတ်နေရေး အကြပ်အတည်းတွေနဲ့ ကြုံနေကြရတာပါ။
“ကိုယ့်အလုပ်လေးကိုယ် လုပ်စားနေလို့ ရရင်တောင် အဆင်ပြေပါသေးတယ်။ ကယ်ဆယ်ရေး တွေ မရရင်လည်းပဲ။ အခုဟာက အပေါ်ကလာမယ့်ဟာကို အချိန်မရွေးကြောက်နေရတယ်” လို့ ဂွမြို့နယ် ရဟိုင်ကူးတို့ရွာမှ စစ် ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။
စစ်တပ်ဟာ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲ၊ ဂွအပြင် ဧရာ၀တီတိုင်းအတွင်းက တော်လှန်ရေးတပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ လေးမျက်နှာ၊ ရေကြည်မြို့နယ် အတွင်းရှိ အရပ်သား လူနေကျေးရွာ တွေကိုလည်း နေ့စဉ်နီးပါး လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်တာတွေ ရှိနေကာ အရပ်သား သေဆုံးရမှုတွေလည်း ဆက်တိုက် ရှိနေပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း ခြောက်သိန်းကျော်၊ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာ၀တီ တိုင်းအတွင်း စစ်ဘေးရှောင်ဒုက္ခသည် သောင်းချီ ရှိနေပြီး အဲဒီစစ်ရှောင်တွေဟာ နိုင်ငံတကာ ကူညီရေးအဖွဲ့တွေရဲ့ အထောက်အပံ့တွေ မရကြဘဲ ပုဂ္ဂလိကအလှူတွေရှင်ရဲ့ အထောက်အပံ့နဲ့ ကိုယ့်အားကိုယ်ကိုး၊ ရှာဖွေ၊ စားသောက်ကာ ဝမ်းရေးဖြေရှင်း နေကြရတာ ဖြစ်ပါတယ်။
စစ်တပ်လက်ချက်ကြောင့် ဧရာ၀တီတိုင်း ရေကြည်၊ လေးမျက်နှာနဲ့ အင်္ဂပူမြို့နယ်တို့မှာ ပြီးခဲ့တဲ့ ၂၀၁၅ ခု နှစ်အတွင်း စစ်ကော်မရှင်တပ်ရဲ့လေ ကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ ပေါင်း ၆၉ ဦးသေဆုံးပြီး ၁၂၅ ဦး ဒဏ်ရာရကာ ပြည်သူပိုင်နေအိမ် ၁၆၇ လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို ဒေသတွင်းတော်လှန် ရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
အလားတူပဲ ရခိုင်ပြည်နယ်အတွင်းမှာလည်း စစ်ကော်မရှင်တပ်ရဲ့ လက်ချက်ကြောင့် ပြီးခဲ့တဲ့၂၀၂၃ ခု နိုဝင်ဘာ ၁၃ ရက်ကနေ အခု ၂၀၂၅ နိုဝင်ဘာ ၁၃ ရက် ထိ နှစ်နှစ်တာကာလအတွင်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးအန္တရာယ်ကြောင့် ၁၀၀၅ ဦး သေဆုံး ပြီး ၂၁၃၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ လူသားချင်း စာနာ ထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲတွေအတွင်း နယ်မြေတွေ ဆက်တိုက်လက်လွှတ်နေရတဲ့ စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ်မြေတွေကို တဖြေးဖြေးလျှော့ချနေရပြီး ရခိုင်ပြည်နယ်အတွင်းက သံတွဲ၊ ဂွ၊ တောင်ကုတ်၊ အမ်းနဲ့ ဧ ရာ၀တီ တိုင်းအတွင်း လေးမျက်နှာ၊ ရေကြည်၊ သာပေါင်း၊ ရွှေသောင်ယံမြို့နယ်တို့အတွင်းမှ ကျေးရွာအုပ်စုပေါင်း ဆယ်ချီကို ရွေးကောက်ပွဲကျင်းပမယ့် ဒေသတွေထဲက ပယ်ဖျက်ထားရပါတယ်။