ဂျပန်လွှတ်တော်အဆောက်အုံမှာ အမျိုးသမီးသန့်စင်ခန်း တိုးချဲ့ပေးဖို့ ဝန်ကြီးချုပ်နဲ့ အမျိုးသမီးအမတ်တွေ တောင်းဆို

ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီဟာ လွှတ်တော်ထဲမှာ အမျိုးသမီးကိုယ်စားလှယ် အရေအတွက် ပိုများလာတာနဲ့အညီ လွှတ်တော်အဆောက်အအုံအတွင်းမှာ အမျိုးသမီးအိမ်သာတွေ ပိုပြီးထားရှိပေးဖို့ လက်မှတ်ရေးထိုးတောင်းဆိုနေကြတဲ့ အမျိုးသမီးအမတ် ၆၀ထဲမှာ တဦးအပါအဝင် ဖြစ်ပါတယ်။

၄၊ ဇန်နဝါရီ။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ရွေးကောက်ပွဲတုန်းက အောက်လွှတ်တော် အမတ်နေရာ ၄၆၅ နေရာထဲမှာ အမျိုးသမီး ၇၃ ဦးအထိ စံချိန်တင် အရွေးခံခဲ့ရတာပါ။ ဒါဟာ ၂၀၀၉ ခုနှစ်တုန်းက အများဆုံးဖြစ်ခဲ့တဲ့ ၅၄ ဦးထက် ပိုများလာတာ ဖြစ်ပါတယ်။

အတိုက်အခံအမတ်တဦးဖြစ်တဲ့ ယာဆူကို ကိုမီယာမာကတော့ “လွှတ်တော်အစည်းအဝေးတွေ မစခင်ဆိုရင် အိမ်သာရှေ့မှာ တန်းစီနေရတာ ရှည်လျားလှပါတယ်” လို့ ပြောသလို၊ တခြားအမတ်တဦးကလည်း အစည်းအဝေးမစခင် အိမ်သာသွားဖို့ကိုတောင် လက်လျှော့လိုက်ရတယ်ဆိုတဲ့ မှတ်ချက်တွေ ရှိခဲ့ပါတယ်။

လွှတ်တော်အဆောက်အအုံ တခုလုံးမှာ အမျိုးသမီးအိမ်သာ ကိုးလုံးနဲ့ အခန်းငယ် ၂၂ ခန်း ရှိနေပေမဲ့ အစည်းအဝေးခန်းမကြီး အနီးမှာတော့ အခန်းငယ် နှစ်ခန်းသာပါတဲ့ အမျိုးသမီးအိမ်သာ တလုံးပဲ ရှိနေတာပါ။

ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ အဆောက်အအုံတခုလုံးမှာ အမျိုးသားတွေအတွက် အိမ်သာ ၁၂ လုံးနဲ့ အခန်းငယ်၊ ကျင်ငယ်စွန့်ခွက် စုစုပေါင်း ၆၇ ခုအထိ ရှိနေတယ်လို့ ဆိုပါတယ်။

အတိုက်အခံ ဖွဲ့စည်းပုံအခြေခံဥပဒေအခြေပြု ဒီမိုကရက်တစ်ပါတီက မစ္စ ကိုမီယာမာကတော့ လက်ရှိအခြေအနေဟာ အတော်လေး အဆင်မပြေဖြစ်နေရတယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအိမ်သာတွေကို အမျိုးသမီးဝန်ထမ်းတွေနဲ့ ဧည့်သည်တွေပါ မျှသုံးနေရလို့ ဖြစ်ပါတယ်။

“နောင်တစ်ချိန်မှာ အမျိုးသမီးတွေက လွှတ်တော်အမတ်နေရာ ၃၀ ရာခိုင်နှုန်းကျော် ရလာမယ့်နေ့အတွက် ပြင်ဆင်တဲ့အနေနဲ့ ကျွန်မ အခုလို အသံထွက်တောင်းဆိုချင်တာပါ” လို့ သူရဲ့ Facebook စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ဂျပန်လွှတ်တော် အဆောက်အအုံကြီးကို ၁၉၃၆ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး အမျိုးသမီးတွေကို မဲပေးပိုင်ခွင့်မပေးခင် (၁၉၄၅ ခုနှစ်) ဆယ်စုနှစ်တခုအလိုကတည်းက ဖြစ်ပါတယ်။ လွှတ်တော်ထဲကို အမျိုးသမီးအမတ်တွေ ပထမဆုံး စတင်ခန့်အပ်တာကတော့ ၁၉၄၆ ခုနှစ်ကျမှ ဖြစ်ပါတယ်။

ဒီလွှတ်တော်အဆောက်အအုံကြီးဟာ သုံးထပ်အဆောက်အအုံဖြစ်ပြီး အလယ်ဗဟိုမှာတော့  ကိုးထပ်အထိ မြင့်ပါတယ်။ အဆောက်အအုံရဲ့ အကျယ်အဝန်းဟာ ၁၃,၃၅၆ စတုရန်းမီတာ ရှိပြီး ဒါဟာ ဘောလုံးကွင်း နှစ်ကွင်းစာလောက်နဲ့ ညီမျှပါတယ်။

ကြမ်းပြင်အကျယ်အဝန်း စုစုပေါင်းကတော့ ၅၃,၄၆၄ စတုရန်းမီတာ ရှိပါတယ်။

“တကယ်လို့ အစိုးရအနေနဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ မြှင့်တင်ရေးကို တကယ်ပဲ အလေးအနက်ထားတယ်ဆိုရင် သူတို့ဆီက နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရလိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်” လို့ ကိုမီယာမာက ပြောကြားခဲ့ကြောင်း ဂျပန်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ အမျိုးသမီးတွေဟာ အောက်လွှတ်တော်မှာ ၁၆ ရာခိုင်နှုန်းနီးပါးနဲ့ အထက်လွှတ်တော်မှာတော့ ၁၂၅ နေရာထဲက ၄၂ နေရာ (သုံးပုံတပုံခန့်) ကို ရရှိထားပါတယ်။

ဂျပန်နိုင်ငံမှာ အမျိုးသမီးအိမ်သာ ရှားပါးတဲ့ပြဿနာဟာ လွှတ်တော်ထဲတင် မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အများပြည်သူသုံး အမျိုးသမီးအိမ်သာတွေရှေ့မှာ ရှည်ရှည်ဝေးဝေး တန်းစီနေရတာဟာ သာမန်မြင်ကွင်းတခုလို ဖြစ်နေပါတယ်။

ဝန်ကြီးချုပ်ဟောင်း ရှိဂဲရု အီရှီဘာကလည်း ဂျပန်နိုင်ငံကို အမျိုးသမီးတွေ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် အစိုးရအနေနဲ့ အမျိုးသမီးအိမ်သာ အဆောက်အအုံတွေကို အဆင့်မြှင့်တင်ဖို့ လေ့လာသွားမယ်လို့ ပြောကြားခဲ့ဖူးပါတယ်။

Ref – BBC