ပျောက်ဆုံးနေဆဲ တပ်စုမှူး တိုက်မောင်းကို ဂုဏ်ပြုပြီး တိုက်မောင်းဆု ပြိုင်ပွဲများပြုလုပ်

“သူဟာ ဂုဏ်ပြုထိုက်သူဖြစ်တယ်။ ပြီးတော့ သူ့အတွက် တရားမျှတမှုနဲ့ အဖြစ်မှန်ကို မြန်မြန် သိခွင့်ရဖို့။ သေဆုံးသွားတယ် ဆိုရင်တောင် ဘယ်လိုသေဆုံးခဲ့ရတာလဲ ဆိုတာကို ကျွန်မတို့ သိခွင့်ရဖို့လိုပါတယ် ”

၃၊ ဇန်နဝါရီလ။

တပ်စုမှူး တိုက်မောင်းနဲ့ ပျောက်ဆုံးနေခဲ့တာ ၃ လကျော်ကြာခဲ့ပြီဖြစ်ပြီး ဒီအခြေအနေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေက တစုံတရာ ထုတ်ပြန်တာ မရှိသေးပေမယ့် ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုတဲ့အနေနဲ့ အထူးတိုင်းစစ်ဌာန၊ စစ်သုံ့ပန်းထိန်းသိမ်းရေး စခန်းမှာ တိုက်မောင်းဆု ပြိုင်ပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

တပ်စုမှူး တိုက်မောင်း (ခ) ရဲဘော် ကာချုပ်ဟာ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် ပညာရေးဌာနက CDM တဦးဖြစ်သလို လက်နက်ကိုင်တော်လှန်ရေးမှာလည်း တပ်ရေးဗိုလ်၊ တပ်စုမှူး၊ ထောက်/ပို့စတဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

“ ရည်ရွယ်ချက်တော့ ရိုးရိုးလေးပါပဲ။ တိုက်မောင်းဟာ CDM ၊ စာရေးဆရာ၊  ဒါရိုက်တာဖြစ်တယ်။ သူဟာ ဂုဏ်ပြုထိုက်သူဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ ဂုဏ်ပြုတယ်။ ဒါပါပဲ ” လို့ စခန်းတာဝန်ခံ သားနတ်ရှင်နောင်က DNA ကိုပြောပါတယ်။

 

စစ်သုံ့ပန်းထိန်းသိမ်းရေး စခန်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ တိုက်မောင်းဆု လုံခြုံရေးရဲဘော်များ၏ ကျင့်ဝတ်နှင့်တာဝန်ရေးဖြေပြိုင်ပွဲ နဲ့  တိုက်မောင်းဆု ဘောလုံးနှင့် ခြင်းလုံးပြိုင်ပွဲတွေ ပြုလုပ်ခဲ့တယ်လို့ သားနတ်ရှင်နောင်က ဆိုပါတယ်။

“ သူဟာ ဂုဏ်ပြုထိုက်သူဖြစ်တယ်။ ပြီးတော့ သူ့အတွက် တရားမျှတမှုနဲ့ အဖြစ်မှန်ကို မြန်မြန် သိခွင့်ရဖို့။ သေဆုံးသွားတယ် ဆိုရင်တောင် ဘယ်လိုသေဆုံးခဲ့ရတာလဲ ဆိုတာကို ကျွန်မတို့ သိခွင့်ရဖို့လိုပါတယ် ” လို့ ရဲဘော်တိုက်မောင်းနဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ မကေ ကပြောပါတယ်။

သူဟာ NUG လက်အောက်မှာရှိနေတဲ့ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်း၊ အထူးတိုင်းစစ်ဌာနမှာ တာဝန်ထမ်းဆောင်နေရင်း KNU/KNLA က ဗိုလ်သာလော ဦးဆောင်တဲ့ တပ်ရင်း ၁၈ ကို စစ်ကူလာဖို့ တောင်းဆိုချက်ကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလက ကော့ကရိတ်ကို သွားရောက်ပြီးတဲ့နောက်မှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်တပ်ဘက်က ဖမ်းဆီးရမိသွားပြီး ကျဆုံးသွားပြီဆိုတဲ့ သတင်းတွေနဲ့ ရှေ့တန်းမှာ အရက်သောက်လို့ ဗိုလ်သာလော အမိန့်နဲ့ ဖမ်းဆီးခံရပြီးနောက် သေဆုံးသွားခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပေမယ့် အခုချိန်ထိတော့ တိကျတဲ့အဖြေမျိုး မရရှိသေးပါဘူး။

ဒီသတင်းတွေနဲ့ ပတ်သက်လို့ KNU/KNLA အနေနဲ့ ဖြေရှင်းပေးဖို့နဲ့ အခြေအနေမှန်ကို စိစစ်ထုတ်ပြန်ပေးဖို့ တောင်းဆိုခဲ့ကြတဲ့အပြင် အထူးတိုင်းစစ်ဌာန၊ စစ်သုံ့ပန်းထိန်းသိမ်းရေး စခန်းအပါအဝင် ရဲဘော် တိုက်မောင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ရင်း တပ်ဖွဲ့တွေရဲ့ တာဝန်ရှိသူတွေကလည်း MOD ကို စာပေးပို့ တိုင်ကြားမှုတွေ ပြုလုပ်ခဲ့ကြပေမယ့် ခုချိန်ထိ တစုံတရာ ထူးခြားမှုမျိုး မရှိသေးဘူးလို့ စာပေးပို့ခဲ့သူတွေက ပြောပါတယ်။