ဗင်နီဇွဲလားသမ္မတ အသက်ရှင်နေသေးတဲ့ အထောက်အထား အမေရိကန်ထံတောင်းဆို

ဗင်နီဇွဲလား ဒုတိယသမ္မတ ဒေဇီ ရိုဒရီဂက်ဇ် က သမ္မတ မာဒူရို ဘယ်ရောက်နေမှန်း မသိရသေးကြောင်းနဲ့ သမ္မတ အသက်ရှင်နေသေးတဲ့ အထောက်အထားကို အမေရိကန်ထံ တောင်းဆိုထားပါတယ်။

၃၊ဇန်နဝါရီ

ဒီကနေ့ ဇန်နဝါရီလ ၃ရက်နေ့ အစောပိုင်းမှာ အမေရိကန်တပ်ဖွဲ့တွေဟာ ဗင်နီဇွဲလားနိုင်ငံ၊ မြို့တော် ကာရာကတ်စ် အပါအဝင် နေရာအတော်များများကို လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အမေရိကန်စစ်တပ်ရဲ့ Delta Force တပ်ဖွဲ့ကသမ္မတ မာဒူရိုနဲ့ သူ့ရဲ့ ဇနီးဖြစ်သူကို  ဖမ်းဆီးခဲ့ပြီး နိုင်ငံပြင်ပကို လေယာဉ်နဲ့ ခေါ်ဆောင်သွားတယ်လို့ သမ္မတ ထရန့်က အတည်ပြုပါတယ်။

ဗင်နီဇွဲလားအစိုးရဟာ မူးယစ်ဆေးဝါး ကုန်ကူးမှုတွေ လုပ်ဆောင်နေတာကြောင့် အခုလို ဖမ်းဆီးအရေးယူရတာဖြစ်ပြီး သမ္မတ မာဒူရိုအနေနဲ့ သူ့ရဲ့ ရာဇဝတ်မှုတွေအတွက် အမေရိကန်မှာ တရားရင်ဆိုင်ရမှာဖြစ်တယ်လို့  ဝါရှင်တန်က ဆိုပါတယ်။

လက်ရှိမှာတော့ ဗင်နီဇွဲလား ဒုတိယသမ္မတ ဒေဇီ ရိုဒရီဂက်ဇ် က သမ္မတ မာဒူရို ဘယ်ရောက်နေမှန်း မသိရသေးကြောင်းနဲ့ သမ္မတ အသက်ရှင်နေသေးတဲ့ အထောက်အထားကို အမေရိကန်ထံ တောင်းဆိုထားပါတယ်။

ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီးကတော့ အခုလုပ်ရပ်ဟာ ကျူးကျော်မှုဖြစ်ပြီး နိုင်ငံကို ခုခံကာကွယ်သွားမယ်လို့ ပြောကြားကာ တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။

ကိုလံဘီယာ သမ္မတက ဒီကိစ္စအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အရေးပေါ် အစည်းအဝေး ခေါ်ယူဖို့ တောင်းဆိုထားပါတယ်။

ရုရှားနိုင်ငံကလည်း အမေရိကန်ရဲ့ ဒီစစ်ရေးလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။

ဒါ့အပြင် ဂျာမနီနဲ့ အီတလီကလည်း နောက်ဆက်တွဲအခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ပြောလာပါတယ်။

Ref – Reuters