
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီရဲ့ အထူးသံတမန်ဟောင်းဖြစ်သူ ဂျိုလီဟာ အီဂျစ်ဘက်ကို လွှဲပြောင်းကုသပေးနေတဲ့ ဒဏ်ရာရ ပါလက်စတိုင်းလူမျိုးတွေရဲ့ အခြေအနေကို ကြည့်ရှုဖို့နဲ့ ပျက်စီးဆုံးရှုံးနေတဲ့ ဂါဇာနယ်မြေထဲကို အကူအညီတွေ ဘယ်လိုပေးပို့နေသလဲဆိုတာကို လေ့လာဖို့ ရည်ရွယ်ပြီး လာရောက်ခဲ့တာလို့ သိရပါတယ်။
၃၊ ဒီဇင်ဘာ။
ဟောလိဝုဒ်မင်းသမီး အန်ဂျလီနာဂျိုလီဟာ ပြီးခဲ့တဲ့ သောကြာနေ့၊ ဇန်နဝါရီ ၂ ရက်နေ့က ဂါဇာဒေသကို အကူအညီတွေပေးပို့နေတဲ့ ရာဖာနယ်စပ်ဂိတ်ရဲ့ အီဂျစ်ဘက်အခြမ်းကို ရောက်ရှိလာခဲ့ပါတယ်။
အမေရိကန်ကိုယ်စားလှယ်အဖွဲ့တဖွဲ့နဲ့အတူ ရောက်လာတဲ့ ဂျိုလီကို တာဝန်ရှိသူတွေက ကြိုဆိုခဲ့ကြပြီး သူဟာ နယ်စပ်မှာရှိနေတဲ့ လခြမ်းနီအဖွဲ့ဝင် စေတနာ့ဝန်ထမ်းတွေ၊ အကူအညီပစ္စည်းတွေ သယ်ဆောင်ပေးနေတဲ့ ကုန်တင်ယာဉ်မောင်းတွေနဲ့ တွေ့ဆုံစကားပြောခဲ့ပါတယ်။
အဆိုပါ အဖွဲ့ရဲ့ စေတနာ့ဝန်ထမ်းတဦးက နယ်စပ်ဂိတ်မှာ အကူအညီတွေတင်ထားတဲ့ ကုန်တင်ကား အစီးရေ ထောင်နဲ့ချီပြီး စောင့်ဆိုင်းနေရတဲ့အကြောင်း ရှင်းပြခဲ့ရာမှာ ဂျိုလီကလည်း အခုလို အကူအညီပေးရေး စေတနာ့ဝန်ထမ်းတွေနဲ့ တွေ့ဆုံခွင့်ရတာကို ဂုဏ်ယူမိတယ်လို့ ပြန်ပြောခဲ့ပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီရဲ့ အထူးသံတမန်ဟောင်းဖြစ်သူ ဂျိုလီဟာ အီဂျစ်ဘက်ကို လွှဲပြောင်းကုသပေးနေတဲ့ ဒဏ်ရာရ ပါလက်စတိုင်းလူမျိုးတွေရဲ့ အခြေအနေကို ကြည့်ရှုဖို့နဲ့ ပျက်စီးဆုံးရှုံးနေတဲ့ ဂါဇာနယ်မြေထဲကို အကူအညီတွေ ဘယ်လိုပေးပို့နေသလဲဆိုတာကို လေ့လာဖို့ ရည်ရွယ်ပြီး လာရောက်ခဲ့တာလို့ သိရပါတယ်။
ဒါပေမဲ့ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ဂျိုလီဘက်ကရော၊ အီဂျစ်အာဏာပိုင်တွေဘက်ကရော တရားဝင် ထုတ်ဖော်ပြောဆိုတာမျိုးတော့ မရှိသေးပါဘူး။ လက်ရှိမှာတော့ ရာဖာနယ်စပ်ဂိတ်ဟာ အောက်တိုဘာလကတည်းက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ပြန်ဖွင့်ပေးရမှာဖြစ်ပေမဲ့ အခုထက်ထိတော့ ပိတ်ထားဆဲ ဖြစ်ပါတယ်။
အဲဒီ့နေ့မှာပဲ အီဂျစ်နဲ့ ဆော်ဒီအာရေးဗျအပါအဝင် နိုင်ငံပေါင်း ခုနစ်နိုင်ငံက ဂါဇာကို အခြေခံလိုအပ်တဲ့ ပစ္စည်းတွေ ဝင်ရောက်ခွင့်ပေးဖို့ အစ္စရေးကို နိုင်ငံတကာက ဖိအားပေးကြဖို့ ပူးတွဲကြေညာချက် ထုတ်ပြန်ပြီး တိုက်တွန်းခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလအစောပိုင်းတုန်းကတော့ အစ္စရေးဘက်က ရာဖာနယ်စပ်ဂိတ်ကို ဂါဇာကနေ ထွက်ခွာချင်တဲ့သူတွေအတွက်ပဲ ဖွင့်ပေးမယ်လို့ ပြောခဲ့ပေမဲ့ အီဂျစ်အစိုးရကတော့ ဒါကို ချက်ချင်းလက်မခံဘဲ ငြင်းဆိုခဲ့ပါတယ်။
ဂျိုလီဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီမှာ နှစ်ပေါင်း ၂၀ ကျော်ကြာ အထူးသံတမန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ပိုမိုကျယ်ပြန့်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်တွေကို လုပ်ဆောင်လိုတယ်လို့ ဆိုကာ ၂၀၂၂ ခုနှစ်ကုန်မှာ တာဝန်ကနေ အနားယူခဲ့သူလည်း ဖြစ်ပါတယ်။
Ref – AFP