ငြိမ်းချမ်းရေးခရီးစဉ်အတွက် ခြေထောက်တဖက် ပေးလိုက်ရသူ

ခြေထောက်တဖက် ဆုံးရှုံးသွားတယ်ဆိုတာထက် ငြိမ်းချမ်းရေးသတင်းစကားကို ကမ္ဘာက ပိုသိသွားလို့ ဝမ်းသာနေကြောင်း မိန့်ကြားလိုက်တဲ့ ဆရာတော်ရဲ့ စကားသံက တည်ငြိမ်လွန်းပါတယ်။

၃၊ ဇန်နဝါရီ။ 

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက “Walk for Peace” (ငြိမ်းချမ်းရေး လမ်းလျှောက်ခြင်း) ခရီးစဉ်အတွင်း တက္ကဆက်ပြည်နယ်မှာ ကားတိုက်ခံရပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး Phra Ajarnh Maha Dam Phommasan ဟာ အခုအခါမှာတော့ အတ္တလန်တာမြို့က သူ့ရဲ့ကျောင်းတော်ရှိရာ Snellville သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၉ ရက်နေ့က တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့အနီး လမ်းလျှောက်နေစဉ် နောက်ကလိုက်ပါလာတဲ့ လုံခြုံရေးယာဉ်ကို ကားတစ်စီးက ဝင်တိုက်ရာမှတစ်ဆင့် ဆရာတော်ကို ပြင်းထန်စွာ ထိခိုက်မိခဲ့တာပါ။

“မြေပြင်ပေါ်မှာ တရွတ်တိုက် လွင့်ထွက်သွားတဲ့အချိန် သတိကပ်ထားတယ်။ ဗုဒ္ဓဘာသာဝင်တဦးအနေနဲ့ သေခါနီးအချိန်မှာ သတိတရား လက်မလွတ်ဖို့က အရေးကြီးဆုံးပဲလေ။ အဲဒီသတိကပဲ အေးချမ်းစေခဲ့တာပါ”လို့ ဆရာတော် Phra Ajarnh Maha Dam Phommasan က  ပြန်ပြောင်းပြောပြပါတယ်။ 

ဆေးရုံရောက်တဲ့အခါမှာတော့ ဆရာဝန်တွေက စိတ်မကောင်းစရာ သတင်းတခု ပေးခဲ့ပါတယ်။ ဆရာတော်ရဲ့ ဘယ်ဘက်ခြေထောက်ဟာ အရိုးရော၊ ကြွက်သားပါ လုံးဝပျက်စီးသွားခဲ့လို့ ဖြတ်ထုတ်ပစ်လိုက်ရပြီဆိုတာပါပဲ။ 

ခြေထောက်တဖက် ဆုံးရှုံးရတယ်ဆိုတာ သာမန်ကိစ္စမဟုတ်ပေမဲ့ ဆရာတော်ကတော့ အဲဒီဒဏ်ရာကို အပြုံးမပျက် လက်ခံနိုင်ခဲ့ပါတယ်။ အခုတော့ ဆရာတော်ဟာ အတ္တလန်တာက သူ့ရဲ့ကျောင်းလေးကို ပြန်ရောက်နေပါပြီ။ 

ထူးခြားတာကတော့ ငြိမ်းချမ်းရေး လမ်းလျှောက်နေကြတဲ့ ဘုန်းတော်ကြီးအဖွဲ့ဟာလည်း Gwinnett ခရိုင်ကို ဖြတ်သန်းသွားချိန်မှာ ဒီဇင်ဘာလ ၃၁ရက်နေ့က ဆရာတော်ဆီကို အချိန်ကိုက် ဝင်ရောက်ဖူးမြော် တွေ့ဆုံနိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးလမ်းလျှောက် ခရီးစဉ်ဟာ ဒီနေ့ ဇန်နဝါရီလ ၃ရက်နေ့မှာ  ရက်ပေါင်း၇၀ မြောက်နေ့ကို ရောက်ရှိလာခဲ့ပါပြီ။ အခုဆိုရင် ဂျော်ဂျီယာပြည်နယ်ရဲ့ ဂွတ်ဟုပ်ပ်မြို့ကနေ အရှေ့ဘက်ကို ဦးတည်ပြီး ဘစ်ရှော့ပ်နဲ့ ဝပ်ကင်းဗေးလ်မြို့တွေကို ဖြတ်သန်းကြွချီနေပါတယ်။ 

ခရီးစဉ်လမ်းကြောင်းကို အနည်းငယ် ပြင်ဆင်ထားလို့ ရှေ့လာမယ့်ရက်တွေမှာတော့ ဆောက်သ်ကယ်ရိုလိုင်းနားပြည်နယ်၊ ကိုလံဘီယာမြို့ဆီကို ဦးတည်သွားကြမှာပါ။ 

Ref – Peace for walk