ဘိ
“လတိုင်းပေးနေရတာ ဆိုတော့ တရွာလုံးက မပေးနိုင်ကြတော့ဘူးလေ။ မပေးရင်လည်း စစ်မှုထမ်းပါသွားမှာ၊ ကိုယ့်သားသမီးကို ဘယ်မိဘက ထည့်ရက်မှာလဲ။ မရှိ ရှိတာရောင်းချပြီး ပေးနေကြရတယ်”
၂၊ ဇန်နဝါရီ။
ဧရာ၀တီတိုင်းဘိုကလေးမြို့နယ်အတွင်းမှာ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့ဝင်တွေဟာ စစ်မှုထမ်းကြေးတွေကို လစဉ်ကောက်ခံနေတဲ့အပြင် အခုလပိုင်းမှာ ပမာဏလည်း တိုးကောက်လာတာကြောင့် ပြည်သူတွေမှာ အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။
“အရင်က ရှစ်သောင်းကောက်တယ်၊အခုတယောက် ကို တသိန်းကောက်လာတယ်။ တခြားအုပ်စုတွေမှာဆိုရင် တသိန်းခွဲလောက်ထိတောင် ကောက်တာတွေ ရှိတယ်။ ရှစ်သောင်းတုန်းကတောင် မပေးနိုင်ကြတာ၊ အခုဆိုရင် ပိုဆိုးသွားပြီ၊ ရှိတာရောင်းပြီး ပေးနေကြရတယ်” လို့ ဘိုကလေးမြို့နယ် သင်ချောင်းငရုတ်ကောင်းကျေးရွာမှအမည်မဖော်လိုသူ ဒေသခံ တဦးက ပြောပါတယ်။
သင်ချောင်းငရုတ်ကောင်း ကျေးရွာအုပ်ချုပ်ရေးမှူးဟာ ယခင်က စစ်မှုထမ်းအရွယ်လူတဦးအတွက် တလမှာ ကျပ်ရှစ်သောင်းစီ ကောက်ခံခဲ့ရာကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ကနေ တလကို တသိန်းထိ တိုးကောက်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဘိုကလေးမြို့နယ်အတွင်းက အခြားကျေးရွာအတွေမှာလည်း အခုလတွေအတွင်း စစ်မှုထမ်းကြေးတွေတိုး လာနေတာတွေ့ရတယ်လို့ နောက်ထပ်ဘိုကလေးဒေသခံလူငယ်တဦးက ပြောပါတယ်။
“လတိုင်းပေးနေရတာ ဆိုတော့ တရွာလုံးက မပေးနိုင်ကြတော့ဘူးလေ။ မပေးရင်လည်း စစ်မှုထမ်းပါသွားမှာ၊ ကိုယ့်သားသမီးကို ဘယ်မိဘက ထည့်ရက်မှာလဲ။ မရှိ ရှိတာရောင်းချပြီး ပေးနေကြရတယ်” လို့ ဘိုကလေးမြို့ နယ်မှ သက်လတ်ပိုင်းအရွယ် မိခင်တဦးက ပြောပါတယ်။
အဲဒီစစ်မှုထမ်းကြေးကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ဦးဆောင်ပြီး ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကနေ ကောက်ခံနေတာဖြစ်ပြီး စစ်မှုထမ်းအစားထိုး ငှားရမ်းဖို့စရိတ်ထက် ပိုတဲ့ငွေတွေကို အုပ်ချုပ်ရေးအဖွဲ့က ဖြတ်ယူ နေကြတယ်လို့လည်း ဒေသခံပြည်သူတွေက ပြောကြပါတယ်။
စစ်မှုထမ်းငှားရမ်းဖို့အတွက် လူတဦးကို ကျပ်သိန်းတရာဝန်းကျင်သာ ပေးရပေမယ့် လစဉ်ကောက်ခံ ရရှိငွေဟာ ကျပ်သိန်း နှစ်ရာကနေ ငါးရာ၊ အုပ်စုကြီးတွေဆိုရင် တထောင်ဝန်းကျင်ထိ ရနေတယ်လို့ ဧရာ၀တီတိုင်းအတွင်းမှ ဒေသခံတွေက ပြောကြပါတယ်။
စစ်မှုထမ်းကြေးဆိုတာဟာ စစ်ကော်မရှင်က ပြဌာန်းထားတဲ့ စစ်မှုထမ်းဥပဒေပါ စစ်မှုထမ်းရမယ့်အသက်အရွယ် ရှိနေသူတွေ စစ်မှုမထမ်းလိုတဲ့အခါ ပေးရတဲ့လစဉ်ကြေးဖြစ်ပြီးစစ်မှုထမ်းလိုက်ပါ မယ့်သူတွေကို ငှားရမ်းဖို့အတွက် ကောက်ခံတဲ့ ငွေကြေးဖြစ်ပြီး ကောက်ခံရရှိငွေထဲက ပိုငွေတွေဟာ စစ်ကော်မရှင်လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့ နဲ့ နယ်မြေခံ စစ်တပ်အရာရှိတွေ အိတ်ကပ်ထဲ ရောက်သွားတယ်လို့ ဆိုပါတယ်။
မြို့နယ်၊ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေဟာ ဧရာ၀တီတိုင်းအတွင်းက မြို့နယ်တိုင်း၊ ကျေးရွာ၊ ရပ်ကွက် တိုင်းမှာ စစ်မှုထမ်းစရိတ်လို့ဆိုပြီး လစဉ်ငွေကြေး ကောက်ခံနေတာဖြစ်ပြီး လူတဦးအတွက် အနည်းဆုံး ကျပ်သုံးသောင်းကနေ တသိန်းခွဲလောက်ထိ ကောက်ခံကာ ငွေကြးမထည့်နိုင်သူ မိသားစုတွေဟာ စစ်မှုထမ်းပါသွားတာ၊ ဖမ်းဆီးခံရမှာစိုးရိမ်တဲ့အတွက် တိမ်းရှောင်ကြရတာတွေ ရှိနေပါတယ်။
တောင်သူလယ်သမား အများစုရှိတဲ့ ဧရာ၀တီတိုင်းအတွင်းမှာ ဒေသခံပြည်သူတွေဟာ သွင်းအားစု စျေးကြီးတာ၊ စပါးစျေးကောင်း မရတာတွေကြောင့် စားဝတ်နေရေး အခက်အခဲ ကြုံနေရချိန် အခုလိုမျိုး စစ်မှုထမ်းစရိတ်ပါ လစဉ်ပေးနေကြရတာကြောင့် အခက်အခဲများစွာနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။
အချို့လူငယ်တွေဆိုရင် စစ်မှုမထမ်းချင်တာကြောင့် ထိုင်းအပါအဝင် နိုင်ငံရပ်ခြားသို့ ပွဲစားတွေဆီကတဆင့် ထွက်သွားကြရပြီး လမ်းခုလတ်မှာ ဖမ်းဆီးခံရတာတွေလည်း ရှိနေပါတယ်။
နိုင်ငံအဝှမ်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နေ့စဉ်တိုက်ပွဲဖြစ်နေပြီး နယ်မြေ၊ စစ်သားအင်အားများစွာ ဆုံးရှုံးထားရတဲ့ စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ အမျိုး သားဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ထိ အမျိုးသမီးဆိုရင် ၁၈ နှစ်ကနေ ၂၇ နှစ်ထိ စစ်မှုထမ်းရမယ်လို့ပါရှိတဲ့ စစ်မှုထမ်းဥပဒေကို ပြဌာန်းခဲ့ပါတယ်။
အဲဒီနောက် အသက် ၁၈ နှစ်ပင် မပြည့်သေးသူတွေ၊ အထက်တန်းကျောင်းသားအရွယ်ဆယ်ကျော်သက်
လူငယ် တွေကို အတင်းအဓမ္မဖမ်းဆီး၊ ပေါ်တာဆွဲကာ စစ်သင်တန်းပေး ရှေ့တန်းပို့နေခဲ့ပြီး အခုအခါ စစ်မှုထမ်းသင်တန်း အပတ် စဉ် ၂၀ ထိ ရှိခဲ့ပြီဖြစ်ပါ
တယ်။