လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ မထောင်တဲ့အိမ်တွေကို အရေးယူမယ်

၂၊ဇန်နဝါရီ။

ဇန်နဝါရီ ၄ ရက်နေ့မှာ ကျရောက်မယ့် ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အိမ်တိုင်းစေ့ နိုင်ငံတော်အလံ ထောင်ဖို့ ညွှန်ကြားထားပြီး မထောင်တဲ့အိမ်တွေကို အရေးယူမယ်လို့ မြောင်းမြမြို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ကြေညာထားပါတယ်။

မြောင်းမြမြို့ပေါ်မှာသာမက ကျေးရွာတွေအထိပါ အလံမထူမနေရစနစ်နဲ့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကပါ ဖိအားပေးနေတာကြောင့် ဆိုင်တွေမှာ နိုင်ငံတော်အလံတွေ ပြတ်သွားတဲ့အထိ ရောင်းချခဲ့ရတယ်လို့ မြောင်းမြမြို့က အထည်ဆိုင်ပိုင်ရှင် တဦးက ပြောပါတယ်။

“မနေ့က (ဇန်နဝါရီ ၁)က လိုက်ကြေညာတာ အိမ်တိုင်း အလံထောင်ရမယ်ပေါ့။ မထောင်ရင် အရေးယူမယ်ပြောတယ်။ ဒီမနက်ပိုင်းတင်ပဲ အလံတွေကုန်သွားလို့ ထပ်မှာထားရတယ် ” လို့ ဆိုပါတယ်။

ကြေညာချက်အရ အလံနဲ့ပတ်သက်လို့ တိကျတဲ့ ကန့်သတ်ချက်မျိုးတွေ မရှိပဲ နိုင်ငံတော် အလံဖြစ်ရင် ရပြီဆိုတဲ့ သဘောမျိုး သက်ရောက်တယ်လို့ မြောင်းမြမြို့က လူမှုကူညီရေးအသင်းတခုရဲ့ ဦးဆောင်သူ တဦးက ဆိုပါတယ်။

” ခေတ်နောက်ပြန် ဆွဲတဲ့သဘောပေါ့။ ဆယ်စုနှစ်တစုနီးပါး အိမ်တိုင်း အလံထူခိုင်းတာမရှိခဲ့ဘူး။ ဒီနှစ်မှ အိမ်တိုင်း အလံထူရမယ်ဆိုတော့ ဦးနေဝင်းတို့ ဦးသန်းရွှေတို့ခေတ် ပြန်ရောက်သွားတာ။ ဒီနှစ် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် လို့ဆိုပေမယ့် ရွေးကောက်ပွဲ အောင်ပွဲခံချင်တဲ့ စိတ်နဲ့ အလံထူခိုင်းတာလည်း ဖြစ်နိုင်တယ် ” လို့ သူက မှတ်ချက်ပြုပါတယ်။

လွတ်လပ်ရေးနေ့အတွက် အိမ်တိုင်း အလံထောင်ကြဖို့ ရန်ကုန်နဲ့ ဧရာဝတီတိုင်းအတွင်းက နေရာတချို့မှာ လိုက်လံကြေညာထားပေမယ့် မြောင်းမြမှာတော့ အရေးယူမယ်ဆိုပြီး ဖိအားပေး စေခိုင်းနေတာပါ။

” မနေ့က ကြေညာတယ်။ ဒီမနက် အလံရောင်းတဲ့ဆိုင်တွေလိုက်ဝယ်တော့ ပစ္စည်းပြတ်နေတယ်တဲ့။ အလံမထူရင်လည်း အရေးယူမယ်ဆိုတော့ ပုသိမ်ကို အလံသွားဝယ်ရမယ် ”  ဟု မြောင်းမြ ဒေသခံတစ်ဦးကပြောသည်။

ဆိုင်တွေပေါ်မှာ အလံပြတ်လပ်ခဲ့ပေမယ့် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးအချို့ကတော့ အလံ မရှိသေးတဲ့ အိမ်တွေကို နိုင်ငံတော် အလံများမဝယ်မနေရ ဈေးတင်ရောင်းချတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။