ပူတင်နေအိမ် တိုက်ခိုက်ခံရမှု အထောက်အထားတွေကို ရုရှားက အမေရိကန်ဆီ လွှဲအပ်

ရုရှားနိုင်ငံမြောက်ပိုင်း နော့ဗ်ဂိုရော့ဒ်ဒေသမှာရှိတဲ့ သမ္မတပူတင်ရဲ့ နေအိမ်ကို ယူကရိန်းက အဝေးပစ်ဒရုန်း ၉၁ စင်းနဲ့ တိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ်လို့ ရုရှားက တနင်္လာနေ့မှာ စွပ်စွဲခဲ့တာပါ။

၂၊ ဇန်နဝါရီ။

ရုရှားစစ်ဘက် အဆင့်မြင့်အရာရှိတဦးဟာ ယူကရိန်းဒရုန်းရဲ့ အစိတ်အပိုင်းတခုကို အမေရိကန် စစ်သံမှူးလက်ထဲ ကြာသပတေးနေ့မှာ အပ်လိုက်ပါတယ်။

အဆိုပါ ဒရုန်းထဲမှာပါတဲ့ အချက်အလက်တွေဟာ ဒီအပတ်ထဲမှာ ရုရှားသမ္မတရဲ့ နေအိမ်ကို ယူကရိန်းစစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေပဲလို့ ရုရှားဘက်က ဆိုပါတယ်။

ရုရှားနိုင်ငံမြောက်ပိုင်း နော့ဗ်ဂိုရော့ဒ်ဒေသမှာရှိတဲ့ သမ္မတပူတင်ရဲ့ နေအိမ်ကို ယူကရိန်းက အဝေးပစ်ဒရုန်း ၉၁ စင်းနဲ့ တိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ်လို့ ရုရှားက တနင်္လာနေ့မှာ စွပ်စွဲခဲ့တာပါ။

ဒါကြောင့် ယူကရိန်းစစ်ပွဲရပ်တန့်ဖို့ အမေရိကန်နဲ့ ဆွေးနွေးနေတဲ့ ကိစ္စတွေမှာ သူတို့ရဲ့ ရပ်တည်ချက်ကို ပြန်သုံးသပ်သွားမယ်လို့ ရုရှားက ပြောပါတယ်။

ဒါပေမဲ့ ယူကရိန်းနဲ့ အနောက်နိုင်ငံတွေကတော့ ရုရှားရဲ့ ဒီစွပ်စွဲချက်ဟာ မဟုတ်မှန်ဘူးလို့ ငြင်းဆိုထားကြပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ တယ်လီဂရမ်မှာ တင်ထားတဲ့ ဗီဒီယိုထဲမှာတော့ ရုရှားစစ်ဘက် ထောက်လှမ်းရေးအကဲ အီဂေါ ကော့စ်တူကော့ဗ်က ပစ်ချခံထားရတဲ့ ဒရုန်းအပိုင်းအစတွေထဲက ဒရုန်းထိန်းချုပ်တဲ့ စက်ပစ္စည်းကို အမေရိကန်စစ်သံမှူးဆီ ပေးအပ်နေတာကို တွေ့ရပါတယ်။

“ကျွန်တော်တို့ရဲ့ ကျွမ်းကျင်သူတွေက ဒရုန်းထဲက မှတ်ဉာဏ်တွေကို စစ်ဆေးကြည့်တဲ့အခါမှာ ဒီတိုက်ခိုက်မှုရဲ့ ပစ်မှတ်ဟာ နော့ဗ်ဂိုရော့ဒ်ဒေသမှာရှိတဲ့ ရုရှားသမ္မတရဲ့ နေအိမ်အဆောက်အအုံတွေ ဖြစ်တယ်ဆိုတာ မေးခွန်းထုတ်စရာမလိုအောင် အတည်ပြုနိုင်ခဲ့ပါတယ်”လို့ သူက ပြောပါတယ်။

“အခုလို အထောက်အထားပေးလိုက်တာက သံသယတွေကို ရှင်းသွားစေပြီး အမှန်တရားကို သိနိုင်လိမ့်မယ်လို့ ယူဆပါတယ်”လို့လည်း ဆက်ပြောပါတယ်။ ဝန်ကြီးဌာနဘက်ကလည်း သူတို့စစ်ဆေးတွေ့ရှိချက်တွေကို အမေရိကန်ဆီ လွှဲပြောင်းပေးမယ်လို့ တယ်လီဂရမ်ကနေတဆင့် အစောပိုင်းမှာ ထုတ်ပြန်ထားပြီးသား ဖြစ်ပါတယ်။

ဒါပေမဲ့ ဗုဒ္ဓဟူးနေ့မှာ ထွက်လာတဲ့ Wall Street Journal သတင်းမှာတော့ ယူကရိန်းဟာ ပူတင် ဒါမှမဟုတ် သူ့ရဲ့နေအိမ်တွေကို ပစ်မှတ်ထားပြီး ဒရုန်းနဲ့ မတိုက်ခိုက်ခဲ့ဘူးလို့ အမေရိကန် အမျိုးသားလုံခြုံရေးအရာရှိတွေက တွေ့ရှိထားကြောင်း ဖော်ပြထားပါတယ်။ ရိုက်တာအနေနဲ့ကတော့ ဒီသတင်းကို ချက်ချင်း အတည်မပြုနိုင်သေးပါဘူး။

ယူကရိန်းဘက်ကတော့ ဒီလိုတိုက်ခိုက်မှုမျိုး မလုပ်ခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့အပတ်က သမ္မတထရမ့်နဲ့ သမ္မတဇလန်းစကီးတို့ တွေ့ဆုံပြီးတဲ့နောက်မှာ ကိဗ်နဲ့ ဝါရှင်တန်ကြား သွေးခွဲဖို့အတွက် ရုရှားက သတင်းအမှားတွေ ဖြန့်နေတာဖြစ်တယ်လို့ ယူကရိန်းက တုံ့ပြန်ထားပါတယ်။

Ref – Reuters