တရုတ်သမ္မတ ရှီကျင့်ဖျင်က တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်ကို နှစ်သစ်မှာ လက်ခံတွေ့ဆုံမယ်

တရုတ်ဟာ ဆိုးလ်နဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့၊ စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ဖို့ အတော်လေး စိတ်အားထက်သန်နေတာကို ပြနေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

၂၊ ဇန်နဝါရီ။

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်ကို လာမယ့် တနင်္ဂနွေနေ့ကစပြီး နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် လက်ခံတွေ့ဆုံသွားမှာ ဖြစ်ပါတယ်။ ဒါဟာ ထိုင်ဝမ်အရေးနဲ့ပတ်သက်လို့ ဂျပန်နဲ့ ဆက်ဆံရေးတင်းမာနေချိန်မှာ ဆိုးလ်နဲ့ ဆက်ဆံရေး ပိုခိုင်မာအောင်လုပ်ဖို့ တရုတ်ရဲ့ ရည်ရွယ်ချက်ကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။

အခုခရီးစဉ်ဟာ ရှီကျင့်ဖျင်နဲ့ လီဂျေးမြောင်တို့ နှစ်လအတွင်း ဒုတိယအကြိမ်မြောက် တွေ့ဆုံကြတာဖြစ်ပြီး ဒါဟာ ပုံမှန်ထက်စာရင် သိပ်ကို နီးကပ်လွန်းတဲ့ ကြားကာလဖြစ်ပါတယ်။ တရုတ်ဟာ ဆိုးလ်နဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့၊ စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ဖို့ အတော်လေး စိတ်အားထက်သန်နေတာကို ပြနေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

တရုတ်နဲ့ ဂျပန်ဆက်ဆံရေးကတော့ နှစ်ပေါင်းများစွာအတွင်း အအေးစက်ဆုံး အခြေအနေကို ရောက်နေပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီက တကယ်လို့ တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်လာခဲ့ရင် ဂျပန်ဘက်က စစ်ရေးအရ တုံ့ပြန်မှုတွေ ရှိလာနိုင်တယ်လို့ အရိပ်အမြွက် ပြောခဲ့ပြီးနောက်ပိုင်းမှာ သံတမန်ဆက်ဆံရေးတင်းမာသွားတာပါ။

ရှီကျင့်ဖျင်က လီဂျေးမြောင်ကို အခုလို ဖိတ်ခေါ်လိုက်တာဟာ တောင်ကိုရီးယားခေါင်းဆောင် ဂျပန်ကို မသွားခင်မှာ နှစ်နိုင်ငံဆက်ဆံရေးကို အရင်ဦးအောင် ခိုင်မာအောင်လုပ်ထားဖို့ ကြိုတင်တွက်ချက်ထားတဲ့ ဗျူဟာမြောက် လုပ်ဆောင်ချက်ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ဟန်ကုခ် တက္ကသိုလ်က ပါမောက္ခ ကန် ဂျွန်ယန်းကတော့ “တရုတ်က တောင်ကိုရီးယားရဲ့ အရေးပါမှုကို အရင်ကထက် ပိုပြီးတော့ အလေးအနက်ထားပြချင်နေတာပါ” လို့ ပြောပါတယ်။ “တောင်ကိုရီးယားက ဂျပန်နဲ့ ထိပ်သီးအစည်းအဝေး ထပ်မလုပ်ခင်မှာ (လီဂျေးမြောင်ကို) တရုတ်ဆီ အရင်လာခိုင်းတာက ပိုကောင်းမယ်လို့ တရုတ်ဘက်က ဗျူဟာမြောက် ဆုံးဖြတ်လိုက်ပုံရတယ်” လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။

လီဂျေးမြောင် အစိုးရဘက်ကလည်း တရုတ်ဟာ တောင်ကိုရီးယားရဲ့ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်တာကြောင့် ပျက်စီးခဲ့တဲ့ ဆက်ဆံရေးတွေကို ပြန်လည်ပြုပြင်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောထားပါတယ်။

အရင်သမ္မတ ယွန်းဆော့ယို လက်ထက်တုန်းကတော့ အမေရိကန်၊ ဂျပန်တို့နဲ့ သိပ်နီးကပ်ခဲ့သလို ထိုင်ဝမ်အရေးမှာလည်း တရုတ်ကို ဝေဖန်ခဲ့တာကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးဟာ အတော်လေး အဆင်မပြေဖြစ်ခဲ့ရတာပါ။

အခုတော့ တောင်ကိုရီးယားက ကြားနေဖို့ ကြိုးစားနေပြီး အာရှရဲ့ စက်မှုအင်အားကြီးနိုင်ငံဟာ မိမိနိုင်ငံကို ထိခိုက်စေမယ့် ပြဿနာတွေထဲ မပါဝင်ဘဲ တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ဘက်ကို ပိုပြီး ယိမ်းလာနေပါတယ်။

သမ္မတလီကလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက တရုတ်နဲ့ ဂျပန်ကြားဖြစ်နေတဲ့ သံတမန်ရေးရာ အငြင်းပွားမှုတွေမှာ ဘယ်ဘက်ကမှ ပါမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

Ref – Reuters