ဆွစ်ဇာလန် နှင်းလျှောစီးအပန်းဖြေစခန်း ဘားတခုမှာ မီးလောင်လို့ လူလေးဆယ် သေဆုံး

ဆွစ်ဇာလန်သမ္မတ ဂိုင်းပါမီလင်ကတော့ ဒီဖြစ်ရပ်ဟာ “နိုင်ငံသမိုင်းမှာ အဆိုးရွားဆုံး ကြေကွဲစရာတခုပဲ” လို့ ပြောခဲ့ပြီး သေဆုံးသူ အများစုဟာ လူငယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

၂၊ ဇန်နဝါရီ

ဆွစ်ဇာလန်နိုင်ငံက နာမည်ကြီး ခရန် – မွန်တားနား နှင်းလျှောစီးအပန်းဖြေစခန်းမှာရှိတဲ့ လူစည်ကားနေတဲ့ ဘားတခုမှာ နှစ်သစ်ကူးအကြိုပါတီ လုပ်နေတုန်း မီးလောင်မှုဖြစ်ပွားခဲ့လို့ လူ ၄၀ ခန့် သေဆုံးပြီး ၁၁၅ ဦး ဒဏ်ရာရသွားတယ်လို့ တာဝန်ရှိသူတွေက ကြာသပတေးနေ့မှာ ပြောပါတယ်။

ဆွစ်ဇာလန်အနောက်တောင်ပိုင်းက အဆိုပါ အပန်းဖြေစခန်းရဲ့ Le Constellation ဆိုတဲ့ ဘားမှာ လူငယ်တွေ ပျော်ပါးနေကြစဉ် မနက် ၁ နာရီခွဲခန့်မှာ မီးစလောင်တာလို့ ရဲက ပြောပါတယ်။ အဆိုပါ ဘားဟာ ဆယ်ကျော်သက်တွေကြားမှာ နာမည်ကြီးတဲ့ နေရာလို့လည်း ဒေသခံတွေက ဆိုပါတယ်။

ဆွစ်ဇာလန်သမ္မတ ဂိုင်းပါမီလင်ကတော့ ဒီဖြစ်ရပ်ဟာ “နိုင်ငံသမိုင်းမှာ အဆိုးရွားဆုံး ကြေကွဲစရာတခုပဲ” လို့ ပြောခဲ့ပြီး သေဆုံးသူ အများစုဟာ လူငယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။ မီးစလောင်တဲ့အကြောင်းရင်းကို အခုထိ သေသေချာချာ မသိရသေးပေမဲ့ ကနဦးအခြေအနေမှာတော့ ပေါက်ကွဲမှုဖြစ်တယ်လို့ သတင်းထွက်ခဲ့ပါတယ်။

ဒါပေမဲ့ အာဏာပိုင်တွေကတော့ ဒါဟာ တိုက်ခိုက်ခံရတာမျိုး မဟုတ်ဘဲ မတော်တဆမှုဖြစ်ဖို့ ပိုများတယ်လို့ ပြောပါတယ်။ အလောင်းအတော်များများဟာ မီးထဲမှာ ကျွမ်းသွားတဲ့အတွက် ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားဖို့နဲ့ သေဆုံးသူစာရင်း အတိအကျသိဖို့ အချိန်ယူရမယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

အခုတော့ ပညာရှင်တွေက သွားမှတ်တမ်းတွေနဲ့ DNA တွေကိုသုံးပြီး သေဆုံးသူတွေကို ခွဲခြားဖို့ ကြိုးစားနေကြပါတယ်။ ရိုက်တာသတင်းဌာနက အတည်ပြုထားတဲ့ ဗီဒီယိုထဲမှာ အဆောက်အအုံထဲကနေ မီးတွေကူးစက်နေတာကို တွေ့ရသလို လူတွေကလည်း အပြင်ကို အလုအယက် ထွက်ပြေးနေကြလို့ တကယ့်ကို ပရမ်းပတာဖြစ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

မီးလောင်ပြီးတဲ့ အခြေအနေကို မြင်ခဲ့ရတဲ့ အသက် ၂၁ နှစ်အရွယ် ဆင်မြူရယ်ရပ်ပ်က “လူတွေ အော်ဟစ်နေကြသလို မြေကြီးပေါ်မှာ လဲကျနေတဲ့သူတွေလည်း ရှိတယ်။ သေနေပြီထင်တယ်။ သူတို့မျက်နှာပေါ်မှာ ဂျာကင်တွေနဲ့ အုပ်ထားကြတယ်” လို့ ပြောပြပါတယ်။

မီးလောင်ချိန်မှာ ဘားထဲမှာရှိနေခဲ့တဲ့ ပြင်သစ်အမျိုးသမီးငယ် နှစ်ဦးကတော့ မွေးနေ့ဖယောင်းတိုင်ထွန်းထားတဲ့ ပုလင်းတလုံးကို သစ်သားမျက်နှာကြက်နဲ့ သွားပြီး ကပ်ကိုင်မိရာကနေ မြေအောက်ထပ်မှာ မီးစလောင်တာကို မြင်ခဲ့တယ်လို့ BFM TV ကို ပြောပါတယ်။

အမ်မာနဲ့ အယ်ဘိန်းဆိုတဲ့ အဆိုပါ အမျိုးသမီးနှစ်ဦးက “မီးက မျက်နှာကြက်တလျှောက် အရမ်းမြန်မြန် ပြန့်သွားတာ” လို့ ပြောပါတယ်။ သူတို့နှစ်ဦးကတော့ ကျဉ်းမြောင်းတဲ့လှေကားကနေ မြေညီထပ်ကို တက်ပြီး အပြင်ကို ပြေးထွက်နိုင်ခဲ့ပေမဲ့ မိနစ်ပိုင်းအတွင်းမှာပဲ မီးက မြေညီထပ်အထိ ရောက်လာတယ်လို့ ဆိုပါတယ်။

BFM ရဲ့ ဗီဒီယိုထဲမှာတော့ စားပွဲထိုးတဦးဟာ မီးရှူးမီးပန်းလိုမျိုး လောင်နေတဲ့ ဖယောင်းတိုင်ထွန်းထားတဲ့ ရှန်ပိန်ပုလင်းကို ဘားထဲမှာ သယ်သွားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အဆိုပါ ဗီဒီယိုထဲမှာ မီးစလောင်တဲ့အချိန်ကိုတော့ မတွေ့ရပါဘူး။ အစိုးရရှေ့နေ ဘီထရိုက်စ် ပီလိုးဒ်ကတော့ ဘားမီးလောင်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေပြီဖြစ်တယ်လို့ ပြောပါတယ်။ မှတ်တမ်းတွေအရ ဘားကို ပြင်သစ်စုံတွဲတခုတွဲက ပိုင်ဆိုင်တာဖြစ်ပြီး လုံခြုံရေးပိုင်း အားနည်းချက်ရှိမရှိဆိုတာကိုတော့ ပြောဖို့ စောလွန်းသေးတယ်လို့ သူက ဆိုပါတယ်။

Ref – Reuters