
ရွေးကောက်ပွဲက အပိုင်းသုံးပိုင်း ညီပြီးမှ လွတ်လပ်မျှတတဲ့ရွေး ကောက်ပွဲလို့ ပြောလို့ရတဲ့အတွက် လက်ရှိရွေးကောက်ပွဲဟာ လွတ်လပ်ပြီးမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးဆို တာကို ကျွန်တော်တို့ ပြောလို့ရတယ်။
၁၊ဇန်နဝါရီ။
ရွေးကောက်ခံ အရပ်သားအစိုးရ လက်ထဲကနေ မဲစာရင်းမှားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုင်းပြည်အာဏာကို လုယူသိမ်းထားခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီး ၅ နှစ်အကြာမှာ စိတ်တိုင်းကျ အစီအမံတွေနဲ့အတူ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲ ပထမအသုတ်ကို ကျင်းပခဲ့ပါတယ်။
ဧရာ၀တီတိုင်းအတွင်းက မြို့နယ်ပေါင်း ၈ ခုအပါအဝင် နိုင်ငံအဝှမ်းမြို့နယ် ၁၀၂ ခုမှာ ကျင်းပခဲ့တာဖြစ်ပြီး စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကပဲ နေရာအများစု အနိုင်ရရှိသွားပြီး ဧရာ၀တီတိုင်း အတွင်းမှာဆိုရင်လည်း မြို့နယ် ၈ ခုအနက် ကြံ့ခင်းမြို့နယ်တခုကလွဲ ကျန်မြို့နယ် ၇ ခုမှာ ကြံ့ခိုင်ရေးပါတီကပဲ အနိုင်ရခဲ့တာတွေ့ရပါတယ်။
အဲဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး မျှတမှုရှိတဲ့ ရွေးကောက်ပွဲတခု ဟုတ်ရဲ့လား၊ ရွေးကောက်ပွဲနေ့မှာ ဘယ်လို အဖြစ်အပျက်တွေရှိခဲ့လဲ၊ ရွေးကောက်ပွဲအကြိုကာလမှာရော မဲစာရင်းတွေမှန်ကန်မှုရှိခဲ့လား ဆိုတာတွေနဲ့ ပက်သက်ပြီး ဧရာ၀တီတိုင်း ပြည်သူ့ပါတီရဲ့ တိုင်းအတွင်းရေးမှူးလည်းဖြစ်၊ ဟင်္သာတမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ခဲ့သူလည်းဖြစ်တဲ့ ဦးစိန်သောင်းကို DNA က ဆက်သွယ်မေးမြန်း ထားပါတယ်။
🔹 မေး – နာမည်ရယ်၊ ပါတီတာဝန်ရယ် မိတ်ဆက်ပေးပါ။
ဖြေ – ကျွန်တော်က ဦးစိန်သောင်းပါ။ ပါတီ စတည်ထောင်စ၊ ဖြစ်မြောက်ရေကာလကတည်းက ပါခဲ့တာပါ။ လက်ရှိ ပါတီမှာက ဧရာ၀တီတိုင်းအတွင်းရေးမှူးပါ။
🔹 မေး – ဦးစိန်သောင်းအနေနဲ့ ဘယ်အချိန်ကတည်းက ပြည်သူ့ပါတီကို ဝင်ပြီး၊ ပါတီအလုပ်တွေ လုပ်ဖြစ်ခဲ့တာလဲ။
ဖြေ – ကျွန်တော်က ၂၀၁၂ ၊ ၈၈ ကျောင်းသားခေါင်းဆောင်တွေ ထောင်ကလွှတ်လာတဲ့အချိန်မှာ ၈၈ ငြိမ်းချမ်းရေး နဲ့ပွင့်လင်းလူ့အဖွဲ့အစည်းကို စတင်တည်ထောင်စဉ်ကတည်းက ကျွန်တော်က ဟင်္သာတမြို့နယ် ၈၈ ငြိမ်းချမ်း၊ ပွင့် လင်းလူ့အဖွဲ့အစည်းရဲ့ တာဝန်ခံအနေနဲ့ တာဝန်ယူခဲ့တယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ၉၆ ကျောင်းသားမျိုး ဆက်တယောက်ဖြစ်တယ်။ ဆိုတော့ ၈၈ ငြိမ်းပွင့်နဲ့ အလုပ်လုပ်ရင်းနဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တွေ ပထမဆုံး တော်ဝင်နှင်းဆီမှာ လုပ်တဲ့သတင်းစာရှင်းလင်းပွဲကတည်းက လွှတ်တော်တွင်းနဲ့ လွှတ်တော်ပြင်ပနိုင်ငံရေး လုပ် မယ်ဆိုကတည်းက လွှတ်တော်နိုင်ငံရေးလုပ်ဖို့ကို အားပေးခဲ့တယ်ပေါ့နော်။ အဲဒီနောက် ၈၈ ငြိမ်းပွင့်ကနေ ပါတီ ထောင်၊ ပါတီဖြစ်မြောက်ရေးကာလမှာတော့ ကျွန်တော်က ဧရာ၀တီတိုင်းတာဝန်ခံလုပ်တယ်။ ပါတီပေါ်ပေါက်လာ ချိန်မှာတော့ ဧရာ၀တီတိုင်းအတွင်းရေးမှူးပေါ့၊ လက်ရှိအချိန်ထိပေ့ါ။
🔹 မေး – ပြည်သူ့ပါတီ မဝင်ခင် အချိန်ကရော နိုင်ငံရေးဖြတ်သန်းမှုတွေ ဘာတွေရှိခဲ့လဲ။
ဖြေ – ကျွန်တော် ၉၆ ကျောင်းသားလှုပ်ရှားမှုမှာ ရန်ကုန်တက္ကသိုလ်၊ ပဲခူးဆောင်ကနေပြီးတော့ ပါဝင်ခဲ့တယ်။ နောက် နယ်ဆိုတော့ အဓိကတော့ NLD နဲ့ အဓိက အများကြီးချိတ်ဆက်ပြီးတော့ လုပ်တယ်၊ နယ်မှာဆိုတာက နိုင်ငံရေးလုပ်မယ်ဆိုရင် NLD နဲ့လုပ်တာများတယ်ဆိုတော့။ ကျွန်တော် NLD နဲ့ လုပ်ခဲ့တဲ့ အလုပ်တွေကတော့ အ များကြီးပါပဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလ ကူညီလုပ်ဆောင်ပေးခဲ့တယ်။ နောက်ပြီးတော့ NLD ပညာရေး ကွန်ရက် ဟင်္သာတမှာ ပညာဒါနကျောင်း တည်ထောင်ပြီးတော့ ကျောင်းကို တာဝန်ယူပေးခဲ့တယ်။ နောက် ခရိုင်ပ ညာရေးကွန်ရက်တာဝန်ခံအဖြစ်လည်း ပူးတွဲတာဝန်ယူပေးခဲ့တယ်။ တဖက်မှာလည်း ၈၈ ငြိမ်းပွင့်အနေနဲ့လည်း လုပ်ဆောင်ခဲ့တယ်ပေ့ါ။
🔹 မေး – NLD မှာလည်း ဝင်ပါခဲ့တယ်ဆိုတော့ ဘယ်လိုကြောင့် ပြည်သူ့ပါတီဘက်ကို ရောက်သွားခဲ့ရတာလဲ။
ဖြေ – ကျွန်တော်က အစကတည်းက ၉၆ မျိုးဆက် ကျောင်းသားဖြစ်တယ်။ မျိုးဆက်ကျောင်းသားဖြစ်တဲ့အတွက် ကျောင်းသားမျိုးဆက် ၈၈ ကျောင်းသားမျိုးဆက်တွေနဲ့ အရင်ကတည်းကလည်း အတူတူလုပ်ခဲ့တာရှိတယ်၊ နောက် ၂၀၁၂ မှာ သူတို့အကျဉ်းထောင်ကလွှတ်တဲ့အချိန်မှာလည်း ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း မှာလည်း အတူလုပ်တယ်၊ တဖက်မှာလည်း NLD အတွက် ကိုယ်တတ်နိုင်တဲ့ဘက်က ဝိုင်းပြီးတော့ ကူပေးခဲ့တယ် ပေါ့။ ကျွန်တော့်ကို NLD ပညာဌာနကျောင်းအုပ်အဖြစ်ကနေ ဘယ်သူ့မှ ထုတ်ခဲ့တာလည်း မဟုတ်ဘူး။ ကျွန်တော် ကိုယ်တိုင် ဒီဘက်မှာ တခြားပါတီမှာ ရောက်နေတဲ့အတွက် ကျွန်တော့်ကို ၂၀၁၉ ကုန်လောက်မှပဲ ကျွန်တော် တာဝန်က နားခဲ့တာပါ။
🔹 မေး – ဘယ်လိုရည်ရွယ်ချက်တွေ၊ ခံယူချက်တွေနဲ့ အာဏာသိမ်းထားတဲ့ စစ်ကော်မရှင်က လုပ်တဲ့ရွေးကောက်ပွဲမှာ ဝင်ပြိုင်၊ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါလဲ။
ဖြေ – ရွေးကောက်ပွဲဝင်တယ်ဆိုကတည်းက ရွေးကောက်ပွဲဟာ ပန်းတိုင်တော့ မဟုတ်ဘူး၊ မှတ်တိုင်ဖြစ်တယ်။ မှတ်တိုင်တခု အနေနဲ့ ဖြတ်သန်းရတာ။ နိုင်ငံရေးပါတီ တခုအနေနဲ့ ဖြတ်သန်းတဲ့အခါမှာ တကယ့် ဒီမိုကရက်တစ် အင်အားစုတွေ လွှတ်တော်ထဲ ရောက်သွားမယ်ဆိုရင်၊ လက်ရှိ နိုင်ငံရေးအခင်းအကျင်းကို ကြိုက်လွန်းလို့ လွှတ်တော်နိုင်ငံရေးကို ရွေးချယ်တာတော့ မဟုတ်ဘူး၊ မကြိုက်ဘူး။ သို့သော်လည်း ပြည်သူတွေအနေနဲ့ ထွက်ပေါက်တခု အနေနဲ့ပေါ့၊ ဒီမိုကရေစီ အင်အားစုတွေအနေနဲ့ လွှတ်တော်ထဲ ရောက်သွားမယ်ဆိုရင် ကိုယ့်ဒေသအတွက် မြို့နယ်အတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရရှိအောင်လို့ပေ့ါ၊ အဲဒီလို ဆုံးဖြတ်ခဲ့တာပါ။
🔹 မေး – ရွေးကောက်ပွဲနိုင်ရင် ဘာတွေလုပ်နိုင်မယ်၊ ဘာတွေ လုပ်ပေးသွားမယ်လို့ စဉ်းစားထားခဲ့လဲ။
ဖြေ – တကယ်လို့ နိုင်သွားခဲ့မယ်ဆိုရင်တော့ အဓိက ကျွန်တော်တို့ နိုင်ငံမှာ ရှိနေတဲ့ ဥပဒေစိုးမိုးရေးပေ့ါ၊ တကယ် ကျွန်တော်တို့နိုင်ငံမှာ ဥပေဒကို ကိုယ်တွယ်ဖြေရှင်းနေတဲ့ သူတွေကိုယ်တိုင်က ဥပဒေကို ချိုးဖောက်နေကြတာတွေ ရှိနေတယ်ဆိုတာ အများကြီး တွေ့ရတယ်ပေါ့။ ဒါကို ကိုယ်စားလှယ်တယောက်အနေနဲ့ ထိန်းကျောင်းနိုင်ဖို့ ရည်ရွယ်တယ်၊ နောက်ဒေသဖွံ့ဖြိုးရေး အတွက်လည်း ရည်ရွယ်တယ်၊ နောက် ပြည်သူလူထုအသံက လွှတ်တော်ထဲမှာ ထင်ဟပ်ဖို့အတွက် ရည်ရွယ်ထားတယ်ပေ့ါ။
🔹 မေး – အခု မဲအရေအတွက်တွေ သိရပြီလား၊ ဦးစိန်သောင်းအနေနဲ့ မဲ ဘယ်လောက်ရလဲ။
ဖြေ – မဲအရေအတွက်ကတော့ ကျွန်တော်တို့က ပွင့်ပွင့်လင်းလင်းပြောရရင် ဒီရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခု မဟုတ်တဲ့အတွက် ရွေးကောက်ပွဲကော်မရှင်မှာ ရွေးကောက်ပွဲရလဒ်ကို လက်ခံကြောင်း လက်မှတ်ထိုးမထားဘူး၊ သို့သော်လည်း အခြားပါတီတွေဆီက သိရတဲ့အချက်အလက်တွေအရ မဲရလဒ်ကို သိရတယ်။ ကျွန်တော်တို့က တတိယနေရာမှာ ချိတ်တယ်ပေ့ါ။ ဒုတိယက တစည၊ ပထမကတော့ ပြည်ခိုင်ဖြိုးပေ့ါ။
ပြည်ခိုင်ဖြိုးက ငါးသောင်းကိုးထောင်(၅၉၀၀၀)ကျော်ပေ့ါနော်၊ တစညက သုံးသောင်းသုံးထောင်(၃၃၀၀၀)ကျော်၊ ကျွန်တော်က နှစ်သောင်းလေးထောင်(၂၄၀၀၀)ကျော်၊ နောက် ပီသုံးလုံး(ပြည်သူ့ရှေ့ဆောင်ပါတီ)ကတော့ တ သောင်း(၁၀၀၀၀)ကျော်ပေ့ါ။
🔹 မေး – ဘာကြောင့် မဲရှုံးသွားတယ်လို့ ထင်လဲ။
ဖြေ – အများကြီးပေ့ါနော်၊ ရွေးကောက်ပွဲတခုက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခု ဖြစ်ဖို့ဆိုတာ ရွေးကောက်ပွဲ အကြိုကာလ၊ စည်းရုံးရေးကာလမှာ တရားမျှတမှုရှိရမယ်၊ နောက် ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲ ပြီးကာလပေ့ါ၊ ဒီသုံးပိုင်းစလုံးမှာ မျှတမှုရှိမှ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေး ကောက်ပွဲဖြစ်မယ်။
ရွေးကောက်ပွဲ အကြိုကာလ ကတည်းက ကြိုတင်မဲကောက်တဲ့ နေရာမှာ ကျွန်တော်တို့ ပါတီတွေကို မြို့နယ်က ကောက်တဲ့အခါမှာ အသိမပေးခဲ့ဘူး၊ ဘယ်ကရတဲ့ ကြိုတင်မဲမှန်းလည်း ကျွန်တော်တို့ မသိခဲ့ဘူး။ ဖွင့်မယ်ဆိုမှပဲ ကျွန်တော်တို့က ဒါကိုသိခဲ့ရတယ်။ နောက် ရွေးကောက်ပွဲ ကျင်းပချိန်မှာလည်း မဲစာရင်းတွေက ကြိုတင်မဲက ၂၇ ရက်နေ့ထိ ကောက်တုန်း၊ ရပ်ကွက်တွေမှာ ကောက်တယ်၊ ရပ်ကွက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဆိုတာလည်း သူတို့ စစ်တပ်က ခန့်အပ်ထားတဲ့ သူတွေပဲဖြစ်တယ်။ နောက်တခုကကျတော့ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ ကျွန်တော် တို့မြို့နယ်က တိုင်းဒေသကြီး မဲပုံးနှစ်ဆယ်ကျော်လောက်က ၁၂ နာရီနဲ့ ၁ နာရီကြားမှာ တချိန်တည်း ပျက်သွားတယ်။ ပျက်သွားတဲ့အပေါ်မှာလည်း ကျွန်တော်တို့ သံသယရှိတယ်။ နောက် မဲရလဒ်တွေက ညတွင်းချင်း ကျွန်တော်တို့ မသိရဘူး။ နောက်တနေ့ ညနေစောင်းမှ တခြားပါတီတွေဆီက သိရတယ်။ ကျွန်တော်တို့ သွားတဲ့အချိန်မှာ မသိရဘူးပေါ့နော်။ ကျွန်တော်တို့ အရင်ဖြတ်သန်းဖူးတဲ့ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ညတွင်းချင်းရွေး ကောက်ပွဲရလဒ်ကို ကြေငြာနိုင်တယ်။ နောက် စက်တွေအပေါ်မှာလည်း ကျွန်တော်တို့ သံသယရှိမိတယ်ပေါ့။ ဒါ့ကြောင့်မို့လို့ ဒီရွေးကောက်ပွဲရလဒ်ဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်တဲ့အတွက်ကြောင့် ကျွန်တော်တို့က ရွေးကောက်ပွဲရလဒ်အပေါ် လက်မှတ်ရေးထိုးခြင်း မရှိဘူး။
🔹 မေး – ဘာကြောင့် မဲရလဒ်အပေါ် လက်မှတ်မထိုးကြတာလဲ၊ ဧရာ၀တီတတိုင်းလုံးမှာ မထိုးတာလား။
ဖြေ – ကျွန်တော်တို့ပါတီက လောလောဆယ် ဧရာ၀တီတိုင်းထဲမှာ မထိုးသေးဘူး။ ဟင်္သာတမှာတော့ တခြားပါတီ တွေကတော့ ရွေးကောက်ပွဲရလဒ်အပေါ် လက်မှတ်ထိုးတာရှိတယ်။ ကျွန်တော်တို့ပါတီကတော့ မထိုးသေးဘူးပေါ့။
ပြည်သူ့ပါတီအနေနဲ့ကတော့ အခု ကျင်းပတဲ့ မြို့နယ်ပေါင်း ၁၀၂ မြို့မှာ ဘယ်မြို့နယ်မှာမှ မထိုးသေးတာပေ့ါ။
ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်တဲ့အတွက် ဒီအပေါ်မှာ လက်မှတ်မထိုးတာပါဗျ။ ဗဟိုညွှန်ကြားချက်ကတော့ လတ်တလော ဘာမှအကြောင်း မကြားသေးဘူး။ ဒါပေမယ့် ကျွန်တော်ပါတီတွင်း တိုင်းအဆင့်ပေါ့၊ အစည်းအဝေးအရတော့ ရွေးကောက်ပွဲက တရားမျှတတဲ့ ရွေးကောက်ပွဲတခုမဟုတ်ဘူး၊ ဒီအပေါ်မှာ လက်မှတ်မထိုးသေးဘဲနဲ့ ဆိုင်းငံ့နေကြတာပေ့ါ၊ နောက်ထပ် နောက်ထပ် ရွေးကောက်ပွဲတွေအပေါ်မှာလည်း ဆက်လက် စောင့်ကြည့်ရအုံးမှာပေ့ါနော်။
🔹 မေး – မဲပုံး ၂၀ ပျက်သွားတဲ့ကိစ္စ အသေးစိတ်ရှင်းပြပေးပါလားဗျ။
ဖြေ – မဲပုံးပျက်တယ်ဆိုတာ ကျွန်တော်တို့ရပ်ကွက် မဲရုံးပျက်တယ်၊ တခြားရပ်ကွက်တွေမှာလည်း ပျက်ကြတယ်။ ကော်မရှင်ကို မေးကြည့်တော့လည်း ပျက်သွားတယ်လို့ ပြောတယ်။ တိုင်းဒေသကြီးအတွက် မဲပေးရမယ့် မဲပုံးတွေ ချည်းပဲ ပျက်သွားတယ်။ တချို့နေရာတွေမှာတော့ မဲပေးစက်အသစ်လာပေးတယ်။ နယ်ဘက်တွေမှာလည်း ပျက် တယ်။ မြို့ပေါ်မှာ လေးပုံး ပျက်တယ်။ နယ်မှာ ၁၆ ပုံးလောက်ပျက်တယ်။ ကျွန်တော်တို့သိတဲ့မြို့ပေါ်မှာ လေးရုံကို အသစ်လဲပေးတယ်။ အဲဒီမှာ ဆက်ပြီးတော့ ပေးသွားတယ်။ ကျန်တဲ့ ၁၆ ပုံးကတော့ ဘယ်လိုဖြစ်သွားလဲ ကျွန်တော်တို့ တိတိကျကျမသိဘူး။ ဒါကတော့ ကျွန်တော်တို့ အားနည်းချက်ပါပဲ၊ မဲရုံကိုယ်စားလှယ်တွေ မထားနိုင်ဘူး။
ပြီးရင် နောက်မဲစာရင်းတွေ လျော့သွားတယ်။ အရင် ၂၀၂၀ ရွေးကောက်ပွဲတုန်းက ဟင်္သာတမှာ မဲပေးနိုင်သူဦးရက နှစ်သိန်းရှစ်သောင်းလောက်ရှိတယ်၊ အခု ၂၀၂၅ မှာ နှစ်သိန်းနှစ်သောင်းသုံးသောင်းပဲ ရှိတယ်ဆိုတော့ မဲပေးနိုင်သူ ဦးရေလည်း လျော့သွားတယ်။ လျော့သွားတယ်ဆိုတာက မဲစာရင်းပြုစုတဲ့နေရာမှာ ဒီဘက် ဒီမိုကရက်တစ်အင် အားစုတွေကို မဲစာရင်းမှာ မပါခဲ့တာတွေလည်း ရှိတယ်။ နောက်အသုတ်ကျင်းပမယ့် မြို့နယ်တွေမှာလည်း အဲဒီလို ရှိနေတော့ ကျွန်တော်တို့ အဲဒါတွေကို စိစစ်နေတာရှိတယ်။
🔹 မေး – အဲဒီလို မဲပုံးမပျက်၊ မဲစာရင်းတွေ စုံခဲ့မယ်ဆိုရင်ကော အနိုင်ရနိုင်ခြေရှိလား။
ဖြေ – တကယ်လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုရင်တော့ နိုင်နိုင်ခြေရှိပါတယ်။ ပြည်သူတွေဘက်က လည်း တာဝန်ကျေကျေနဲ့ မဲပေးကြတယ်။ ဒါပေမယ့် မဲစက်တွေအပေါ်မှာလည်း နည်းပညာအရ ကျွန်တော်တို့ မသင်္ကာတာတွေလည်း ရှိတယ်။ သူတို့မှာကလည်း သူတို့အပိုင်ပဲ ရလဒ်လုပ်ပြီးသား ရှိတယ်ပေါ့။ ဒါပေမယ့် တကယ့်တကယ် ပြည်သူတွေလည်း မဲပေးကြပါတယ်။ တခြားပါတီတွေ မဲရောက်သွားတဲ့ ကိစ္စတွေက သံသယဖြစ်မိတယ် ပေါ့နော်။ တစည၊ ရွေးကောက်ပွဲတခုဆိုရင် ကျွန်တော်တို့ အားကောင်းတဲ့နေရာရှိမယ်၊ အားနည်းတဲ့နေရာရှိမယ်။ အားနည်းတဲ့နေရာမှာ မဲပိုရရင်ရမယ်၊ အားကောင်းတဲ့နေရာမှာ မဲနည်းရရင်ရမယ်၊ အဲလိုပုံစံမျိုးဖြစ်သွားတယ်။ ပါတီတခုဆိုရင်၊ တစညပါတီဆိုရင် မဲပုံးတိုင်းမှာ သူတို့မဲတွေက ရောက်နေတယ်။ ဒါကတော့ ဘယ်လိုနည်းပညာလည်း ကျွန်တော်တို့ အခုထက်ထိ အဖြေရှာလို့မရသေးဘူး။ တစည ဆိုတာက ၁၉၉၀ ရွေးကောက်ပွဲတည်းက အသေပါတီကြီးဖြစ်တဲ့အခါ ဒီပါတီက ဒီရွေးကောက်ပွဲမှာ ဘာကြောင့် ဒီလောက် မဲရလဒ်ထွက်လာရတာလဲ၊ နောက်တခုက ဒီပါတီကိုလည်း တပ်ကတပ်မတော်သားတွေ လုပ်ထားတဲ့အတွက် ဒီလောက်မဲရလဒ် ထွက်လာတာလားဆိုတာ၊ မြေပြင်မှာလည်း သူတို့လှုပ်ရှားမှုအား ဒီလောက်မကောင်းဘူး။ သို့သော်လည်း ဘာကြောင့် ဒီလောက်ရလဒ် ထွက်လာလဲဆိုတာ ကျွန်တော်တို့ အဖြေက တိတိကျကျ ရှာလို့မရသေးဘူးဗျ။
🔹 မေး – မဲရုံတွေကိုကော သေချာစောင့်ကြည့်ခွင့်ရလား၊ တခြားလွတ်လပ်တဲ့အဖွဲ့တွေကော မဲရုံစောင့်တာ ရှိလား။
ဖြေ – မတွေ့ရဘူး။ ကျွန်တော်တို့ ကိုယ်တိုင်လည်း မဲရုံစောင့် မထားနိုင်ဘူး။ အပြင်အဖွဲ့တွေလည်း မရှိဘူး။ နိုင်ငံတကာ မဲရုံစောင့်ကြည့်ရေး ဘာညာဆိုတာ ရန်ကုန်မြို့ ပတ်ဝန်းကျင်လောက် သွားရင်သွားမယ်၊ ကျွန်တော်တို့ ဟင်္သာတမြို့မှာ ဒါဟိုးအရင့်အရင် ကျွန်တော်တို့ ရွေးကောက်ပွဲတွေ အများကြီး ဖြတ်သန်းဖူးတဲ့ အခါမှာ ဒီရွေးကောက်ပွဲဟာ စောင့်ကြည့်မှု အားအနည်းဆုံးရွေးကောက်ပွဲလို့ ပြောလို့ရတယ်။
🔹 မေး – ခြုံပြောရရင် ဒီရွေးကောက်ပွဲက တရားမျှတမှုရှိရဲ့လား၊ လွတ်လပ်မှုရှိရဲ့လား။
ဖြေ – ကျွန်တော် ရှေ့မှာလည်း ပြောခဲ့ပါတယ်။ ရွေးကောက်ပွဲက အပိုင်းသုံးပိုင်း ညီပြီးမှ လွတ်လပ်မျှတတဲ့ရွေး ကောက်ပွဲလို့ ပြောလို့ရတဲ့အတွက် လက်ရှိရွေးကောက်ပွဲဟာ လွတ်လပ်ပြီးမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးဆို တာကို ကျွန်တော်တို့ ပြောလို့ရတယ်။
ပါတီစဖွဲ့စဉ် ကာလကတည်းက ပါတီရဲ့ ရပ်ကျေးတွေ ဖွဲ့ခွင့်မပေးဘူး၊ နောက် လုံခြုံရေးအရလည်း ရှိတယ်။ ကျွန်တော်တို့ ကိုယ်တိုင်မဖွဲ့ရတဲ့အတွက် ဒီနှစ်လအတွင်းမှာ မဲရုံကိုယ်စားလှယ်ရှာရတာတို့၊ စည်းရုံးရေး ဆင်းရတာတို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးပေါ့၊ NLDလို အင်အားကြီးပါတီမျိုးဆိုရင်တော့ သူတို့ အရင်လူတွေရှိတယ်၊ သူတို့ချိတ်ဆက်ပြီး လုပ်လို့ရတယ်ပေါ့၊ ကြံ့ခိုင်ရေးပါတီဆိုလည်း သူ့လူနဲ့သူရှိပြီးသား၊ ကျွန်တော်တို့ပါတီတွေဆိုရင် အခုမှ သက်တမ်းကလည်း ၇ နှစ်ကာလပဲ ရှိတဲ့အခါကျတော့ ရပ်ကျေးတွေမှာ မဲရုံကိုယ်စားလှယ်ဘာညာ ထားဖို့အတွက်မှာ အားနည်းမှုရှိတယ်။ နောက် ပြင်ပမဲရုံစောင့်ကြည့်ခွင့်လည်း မရှိဘူး။ ပြီးရင် ဟင်္သာတမှာ မဲပေးသူ ငါးသောင်းလောက် မဲပေးခွင့် ဆုံးရှုံးတဲ့အတွက်ကြောင့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခုလို့တော့ မဆိုနိုင်ဘူးခင် ဗျ။
🔹 မေး – ဟင်္သာတမှာ မဲလာပေးသူ ဘယ်လောက်ရှိခဲ့လဲ။
ဖြေ – ဟင်္သာတမှာ မဲလာပေးသူ တသိန်းသုံးသောင်း(၁၃၀၀၀၀)လောက် ရှိခဲ့တယ်ခင်ဗျ။ မဲပေးခွင့်ရှိသူက ကော်မ ရှင်ထုတ်ပြန်ချက်အရ နှစ်သိန်းသုံးသောင်း(၂၃၀၀၀၀)ကျော်၊ ၆၅၊ ၇၀ ရာခိုင်နှုန်းလောက်တော့ လာပေးပါတယ်။
🔹 မေး – ရွေးကောက်ပွဲဝင်မပြိုင်ခင်တုန်းကကော ဒီရွေးကောက်ပွဲက မျှတမှု၊ လွတ်လပ်မှု မရှိနိုင်ဘူး၊ ကြံ့ခိုင်ရေးပါတီ ကပဲ အနိုင်ရသွားနိုင်တယ်ဆိုတာမျိုးတွေကို ကြိုတွက်ဆခဲ့တာ ရှိလား။
ဖြေ – ကျွန်တော်တို့ အစောကတည်းက ကြိုတွက်ထားပါတယ်။ ကြိုတွက်ထားတယ်ဆိုတာက နိုင်ငံရေးရပ်တည် ဖို့က နိုင်ငံရေးဘရန်းတခု လိုအပ်ပါတယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့ ပါတီထောင်တယ်။ နိုင်ငံရေးပါတီက သတ်မှတ်ထားတဲ့ အရေအတွက် ဝင်ပြိုင်ရမှာကိုး။ စောစောက ကျွန်တော်ပြောသလို ရွေးကောက်ပွဲက ပန်းတိုင်မ ဟုတ်ဘူး၊ မှတ်တိုင်။ အဲဒါကို ကျွန်တော်တို့ ဖြတ်ရမယ်။ မလွှဲမသွေ ဖြတ်ရတာပေါ့။ အဲဒီလို မှတ်တိုင်ဖြတ်တဲ့ထဲကပဲ ကျွန်တော်တို့ ရလဒ်ကောင်းထွက်အောင် ကြိုးစားတာပေ့ါနော်။ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ် ဆိုတာတော့ အစတည်းက မမျှော်လင့်ခဲ့ဘူး။
🔹 မေး – ဒီလို ကိုယ်ဝင်ပြိုင်ခဲ့တဲ့ ရွေးကောက်ပွဲ တရားမျှတမှု မရှိဘူးဆိုတဲ့အပေါ် ဘာတွေ ဆက်လုပ်သွားဖို့ ရှိလဲ။ (ဥပမာ – ကော်မရှင်ကို တိုင်တာမျိုး)
ဖြေ – အဲဒါကတော့ လတ်တလောအရ ကျွန်တော်တို့ ပါတီနဲ့ ရွေးကောက်ပွဲ တခြားအပိုင်းတွေလည်း ရှိနေသေး တဲ့အတွက် ပါတီဗဟိုက ဘာမှ ညွန်ကြားချက်၊ ဆုံးဖြတ်ချက်သဘောမျိုး မရှိသေးဘူး၊ ကျန်တဲ့မြို့နယ်တွေ၊ နောက်အပိုင်း ကျင်းပမယ့် မြို့နယ်တွေအတွက် အချက်အလက် ခိုင်ခိုင်လုံလုံနဲ့ ရနိုင်ဖို့အတွက် ကြိုးစားနေတုန်းပဲပေ့ါ။
🔹 မေး – ဦးစိန်သောင်းအနေနဲ့ မဲမနိုင်တော့ လွှတ်တော်ပြင်ပနိုင်ငံရေးမှာ ဘာတွေ ဆက်လုပ်သွားဖို့ရှိမလဲ။
ဖြေ – ကိုယ်စားလှယ် တယောက်က လွှတ်တော်ကိုယ်စားလှယ်လောင်း တယောက်ဖြစ်ပြီ ဆိုတည်းက ရွေးကောက်ပွဲ ရှုံးခြင်း၊ နိုင်ခြင်းထက် အရှုံးတယောက်အနေနဲ့လည်း ၊ ရွေးကောက်ပွဲရလဒ်မှာ အရှုံးထွက်တဲ့ ကိုယ်စားလှယ်လောင်း တယောက်အနေနဲ့လည်း အစိုးရကို စောင့်ကြည့်မယ်၊ နောက် တခြား ကိုယ်စားလှယ်လောင်းတွေကို ထိန်းကျောင်းတဲ့ ပုံစံမျိုးနဲ့ ကျွန်တော်က နိုင်ငံရေးစည်းဝိုင်းထဲမှာပဲ ဆက်ရှိနေမှာပါ။
🔹 မေး – ပါတီဝင်တွေ၊ ကိုယ့်ဒေသက ပြည်သူတွေကိုရော ဘာပြောချင်လဲ။
ဖြေ – အဓိကကတော့ သာမန်အခြေအနေမဟုတ်တဲ့ ဒီလိုအကြပ်အတည်းကြားက မဲသွားပေးတဲ့ ပြည်သူတွေကို ကျွန်တော်တို့ ရရှိတဲ့ မဲပြားတိုင်းပေါ်မှာ တန်ဖိုးထားတယ်။ မဲဆန္ဒရှင် ပြည်သူတွေရဲ့ မဲပြားတွေကို တန်ဖိုးထားသော အားဖြင့် ကျွန်တော်တို့ ပြည်သူတွေရဲ့ ဒေသအကျိုး၊ မြို့နယ်အကျိုးကို ဆက်လက်ပြီးတော့ ဆောင်ရွက်သွားပါမယ် လို့ ပြောချင်ပါတယ်။
🔹 မေး – အခုလတ်တလောသိရသလောက် တနိုင်ငံလုံး မဲဆန္ဒနယ်မြေအားလုံးနီးပါးမှာ ကြံ့ခိုင်ရေးကပဲ နိုင်သွားတယ်၊ ကြံ့ခိုင်ရေးကပဲ အစိုးရဖွဲ့သွား မယ့်အခြေအနေဆိုတော့ တက်လာတဲ့ အစိုးရအပေါ်မှာ ဘယ်လိုမြင်လဲ၊ ရှေ့ဆက် နိုင် ငံရေးအခင်းအကျင်း၊ လွှတ်တော်အခင်းအကျင်းက ဘယ်လိုဖြစ်လာမယ်မြင်လဲ။
ဖြေ – အစိုးရဖွဲ့မှုကတော့ လက်ရှိမဲရလဒ်အနေအထားအရရော ဖြစ်နိုင်ခြေများတယ်ပေါ့၊ ဒါပေမယ့် လွှတ်တော် တွင်းမှာ အစိုးရကို ထိန်းကျောင်းမယ့် လွှတ်တော်ကိုယ်စားလှယ်ကောင်းတွေ ရရှိဖို့အတွက်ကိုပဲ ကျွန်တော်တို့ ရွေးကောက်ပွဲ မဝင်ခင်ကတည်းက ကြိုးစားကြတယ်ပေ့ါနော်။ ဒါပေမယ့် အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် မရောက်ဖြစ်ခဲ့ရင်တောင်မှပဲ လွှတ်တော်ပြင်ပ နိုင်ငံရေးအနေနဲ့ ထိန်းကျောင်းလုပ်ဆောင်သွားဖို့ ရှိပါတယ်။
🔹 မေး – ဖြည့်စွက်ပြီး ဘာတွေ ပြောချင်ပါသလဲ။
ဖြေ – ဒီမိုကရက်တစ်အင်အားစုတွေ လွှတ်တော်ထဲ ရောက်သွားဖို့အတွက်ကို ပြည်သူတွေ မဲပေးကြပါလို့ပဲ မေတ္တာ ရပ်ခံချင်ပါတယ်။