ချီကာဂို၊ လော့စ်အိန်ဂျလိစ်နဲ့ ပေါ့တ်လန်းမြို့က ပြည်စောင့်တပ်တွေကို ပြန်ရုပ်သိမ်းတော့မယ်လို့ ထရမ့်ပြော

ထရမ့်ဟာ နေရပ်ပြန်ပို့တဲ့ လုပ်ငန်းတွေကို တိုးမြှင့်တာအပါအဝင် သူ့ရဲ့ တင်းမာတဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေကို ဆန့်ကျင်ဆန္ဒပြတာတွေ ရှိလာတဲ့နောက် ပြီးခဲ့တဲ့ ဇွန်လမှာ တပ်တွေကို စတင်စေလွှတ်ခဲ့တာပါ။

၁၊ ဇန်နဝါရီ။

ချီကာဂို၊ လော့စ်အိန်ဂျလိစ်နဲ့ ပေါ့တ်လန်းမြို့တွေမှာ ချထားတဲ့ ပြည်စောင့်တပ်တွေကို  ပြန်ရုပ်သိမ်းနေပြီလို့ သမ္မတ ဒေါ်နယ်ထရမ့်က ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။

ဒါပေမဲ့ ရာဇဝတ်မှုနှုန်းတွေ ပြန်တက်လာရင်တော့ အဆိုပါ ဖက်ဒရယ်တပ်ဖွဲ့တွေအနေနဲ့ ပြန်ချထားမှာဖြစ်တယ်လို့လည်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အဲဒီမြို့တွေရဲ့ ဒေသခေါင်းဆောင်တွေနဲ့ ဒီမိုကရက်တွေကတော့ ဒီလိုတပ်ဖြန့်တာမျိုး မလိုအပ်ဘူးလို့ ပြောကြပါတယ်။

ထရမ့်အစိုးရဟာ ဖက်ဒရယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်နေတဲ့အပြင် တပ်ဖွဲ့ဝင်တွေ စေလွှတ်တာကို တရားမျှတမှုရှိစေဖို့အတွက် အသေးအမွှားဖြစ်စဉ်တွေကို ချဲ့ကားပြောဆိုနေတာလို့လည်း သူတို့က စွပ်စွဲထားပါတယ်။

ရီပတ်ဘလစ်ကန်တဦးဖြစ်တဲ့ ထရမ့်ကတော့ လော့စ်အိန်ဂျလိစ်၊ ချီကာဂို၊ ဝါရှင်တန်ဒီစီ၊ မန်းဖစ်နဲ့ ပေါ့တ်လန်းမြို့တွေမှာ တပ်တွေချထားတာဟာ ရာဇဝတ်မှုတွေကို နှိမ်နင်းဖို့နဲ့ ဖက်ဒရယ်ပိုင် အဆောက်အအုံတွေ၊ ဝန်ထမ်းတွေကို ဆန္ဒပြသူတွေရန်ကနေ ကာကွယ်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

“ဒီလို မျိုးချစ်ရဲဘော်ကြီးတွေ ရှိနေလို့သာ အဲဒီမြို့တွေမှာ ရာဇဝတ်မှုတွေ တော်တော်လေး လျော့ကျသွားတာပါ။ ဒါကြောင့်ပဲ ရာဇဝတ်မှုတွေ လျော့သွားတာဆိုပေမဲ့ အခုတော့ ချီကာဂို၊ လော့စ်အိန်ဂျလိစ်နဲ့ ပေါ့တ်လန်းမြို့တွေကနေ အမျိုးသားအစောင့်တပ်တွေကို ကျွန်တော်တို့ ပြန်ရုပ်သိမ်းနေပါပြီ” လို့ ထရမ့်က ရေးသားထားပါတယ်။

သမ္မတထရမ့်ရဲ့ အခုကြေညာချက်ဟာ ကယ်လီဖိုးနီးယား ပြည်စောင့်တပ်ဖွဲ့ဝင် ရာပေါင်းများစွာကို အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆမ်ရဲ့ လက်အောက်ကို ပြန်လွှဲပေးဖို့ ဖက်ဒရယ်အယူခံတရားရုံးက ဗုဒ္ဓဟူးနေ့မှာ အမိန့်မချခင်လေးမှာပဲ ထွက်ပေါ်လာတာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့က အမေရိကန် တရားရုံးချုပ်က အီလီနွိုင်းပြည်နယ်မှာ တပ်ဖြန့်ဖို့ ထရမ့်ရဲ့ ကြိုးပမ်းမှုကို ပိတ်ပင်ခဲ့ပါတယ်။

ဒီစီရင်ချက်ဟာ တခြားပြည်နယ်တွေကို တပ်တွေလွှတ်ဖို့ သူချပြခဲ့တဲ့ ဥပဒေကြောင်းအရ အကြောင်းပြချက်တွေကို အားနည်းသွားစေခဲ့ပါတယ်။

ထရမ့်ဟာ နေရပ်ပြန်ပို့တဲ့ လုပ်ငန်းတွေကို တိုးမြှင့်တာအပါအဝင် သူ့ရဲ့ တင်းမာတဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေကို ဆန့်ကျင်ဆန္ဒပြတာတွေ ရှိလာတဲ့နောက် ပြီးခဲ့တဲ့ ဇွန်လမှာ တပ်တွေကို စတင်စေလွှတ်ခဲ့တာပါ။

ဒါ့အပြင် ရာဇဝတ်မှုတွေ သောင်းကျန်းနေတယ်လို့ အကြောင်းပြပြီး ဝါရှင်တန်ကိုလည်း ပြည်စောင့်တပ်တွေလွှတ်ခဲ့သလို ဒေသခံရဲတွေကိုလည်း ထိန်းချုပ်ခဲ့ပါတယ်။

Ref – Reuters